ကာကွယ်ဆေးထုတ်လုပ်မှု မှတ်တိုင်အသစ် Myancopharm
ယခင်က တစ်ဦးနှင့်တစ်ဦး တွေ့ဆုံရာတွင် နေကောင်းလား၊ ထမင်းစားပြီးပြီလားဟု နှုတ်ဆက် လေ့ရှိပါသည်။ ယခု Omicron ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့နေသည့်ကာလတွင် လူနှစ်ဦးတွေ့သည်နှင့် မေးလေ့ရှိသည်မှာ “ဖျားပြီးပြီလား” ဟု မေးရသည် အထိ Omicron ကိုဗစ်-၁၉ ရောဂါမှာ ကူးစက်မှု မြန်လှကြောင်း တွေ့ရှိရပါသည်။ Omicron ကိုဗစ်၁၉ ရောဂါမျိုးကွဲဇဗိုင်းရပ်စ်သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှစ၍ တရုတ်နိုင်ငံ ဝူဟန်မြို့၌ စတင်ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ရောဂါ ဗိုင်းရပ်စ်ပိုးမှတစ်ဆင့် မျိုးရိုးဗီဇပြောင်းလဲဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါ စတင် ဖြစ်ပွားခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှ ယခုအချိန်ထိဆိုလျှင် အချိန်ကာလအားဖြင့် နှစ်နှစ်နှင့် သုံးလနီးပါး ကြာမြင့်ပြီဖြစ်သော်လည်း ယခုချိန်ထိ ကိုဗစ်-၁၉ ရောဂါအား ကမ္ဘာပေါ်မှ လုံးဝပျောက်ကွယ်သွားအောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း တွေ့ရှိရပါသည်။ ကိုဗစ်-၁၉ ရောဂါ ဗိုင်းရပ်စ်၏မျိုးကွဲများ ထပ်မံပေါ်ထွက်လာမှု၊ ကာကွယ်ဆေးများ ထပ်မံထိုးနှံလာ နိုင်မှုတို့နှင့် ယခုမျက်မှောက်ကမ္ဘာကြီးသည် ကိုဗစ်-၁၉ရောဂါနှင့် အတူယှဉ်တွဲနေထိုင်ရေးလမ်းကြောင်းသို့ ပြောင်းလဲလာကြောင်း တွေ့ရှိရသည်။
ကိုဗစ်-၁၉ ရောဂါနှင့်အတူ ယှဉ်တွဲနေထိုင်ရေး
ကိုဗစ်-၁၉ ရောဂါနှင့်အတူ ယှဉ်တွဲနေထိုင်ရေး ဆိုသည်မှာ ကိုဗစ်-၁၉ ရောဂါအား လုံးဝကင်းစင်အောင် ပြုလုပ်နိုင်ခြင်းမရှိသေးခြင်းကြောင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ကူးစက်မှုနှုန်းလျော့ကျစေရန် ကာကွယ်ဆေးများကို လူတိုင်းထိုးနှံ နိုင်ရေး၊ စွမ်းအားမြှင့် “Booster” ပုံမှန်ထိုးနှံ၍ ကိုဗစ်၁၉ ရောဂါပြင်းထန်မှုကို လျှော့ချခြင်းနှင့် ကိုဗစ်၁၉ ရောဂါ ကူးစက်ကာကွယ်ရေးနည်းလမ်းများကို တတ်နိုင်သမျှ လိုက်နာကျင့်သုံးခြင်းဖြစ်ပါသည်။
၂၀၂၂ ခုနှစ် မတ်လ ၁၃ ရက်နေ့အထိ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု သန်းပေါင်း ၄၅၇ သန်းကျော်ရှိပြီး သေဆုံးသူ ခြောက်သန်းကျော်သွားပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း ကျန်းမာရေး ဝန်ကြီးဌာနမှ ကိန်းဂဏန်းအချက်အလက်များအရ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၆၀၅၃၄၇ ဦးရှိပြီး သေဆုံးသူ ၁၉၄၀၉ ဦးရှိပြီဖြစ်ကြောင်း တွေ့ရှိရပါသည်။
ကာကွယ်ဆေးထိုးနှံမှု
လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါအား ကမ္ဘာပေါ်မှ လုံးဝပျောက်ကင်းရန် အချိန်ကာလတစ်ခု ကြာမြင့်မည်မှာ သေချာနေသည့်အတွက် ကိုဗစ်-၁၉ ရောဂါ နှင့်အတူ ယှဉ်တွဲနေထိုင်ရေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံခြင်းသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း တွေ့ရှိရပါ သည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးခြောက်မျိုး (Covidshield၊ Covaxin၊ Sinovacı Sinopharm၊ Sputnik၊ Astrazeneca) စုစုပေါင်းရို့စ် ၆၁ ဒသမ ၉ သန်း (လှူဒါန်း+ဝယ်ယူ အသုံးပြု၍ ကာကွယ်ဆေးထိုးနှံမှု ရည်မှန်းချက်၏ ၆၄ ရာခိုင်နှုန်း ထိုးနှံပြီးဖြစ်ကြောင်း၊ မေလနှင့် ဇွန်လများတွင် ၁၀၀ ရာခိုင်နှုန်း ပြည့်မီအောင် ထိုးနှံနိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။
ကာကွယ်ဆေးအတွက် ကြိုးပမ်းချက်
ကိုဗစ်-၁၉ ရောဂါနှင့်အတူယှဉ်တွဲနေထိုင်ရမည် ဖြစ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား စွမ်းအားမြှင့် (Booster) ထိုးနှံခြင်းများကို ဆက်လက်ဆောင်ရွက်ရ မည်ဖြစ်ပြီး အနာဂတ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက် လိုအပ်နေဦးမည်ဖြစ်ပါသည်။ နိုင်ငံတော်၏ ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေးလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေးအတွက် စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါး လုပ်ငန်းအနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Sinopharm CNBG ဆေးဝါးကုမ္ပဏီနှင့် ပူးပေါင်း၍ ပြည်တွင်း၌ပင် ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေးအတွက် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ Sinopharm CNBG ဆေးဝါး စက်ရုံနှင့် ဆွေးနွေးညှိနှိုင်းမှုများကို ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်း ဆောင်ရွက်ခဲ့ပါသည်။ ကာကွယ်ဆေးထုတ်လုပ်မှုနည်းပညာဆိုင်ရာ ကိစ္စရပ်များ ဆက်လက်ဆွေးနွေး ညှိနှိုင်းရန်အတွက် ကာကွယ်ဆေးထုတ်လုပ်မှုနည်းပညာဆိုင်ရာ လျှို့ဝှက်ချက် ထိန်းသိမ်းမှု သဘောတူ စာချုပ် (Non Disclosure Agreement) အား ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း လက်မှတ်ရေးထိုး နိုင်ခဲ့ပါသည်။
ထို့နောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထုတ်လုပ်နိုင်ရေး ဖြစ်မြောက်နိုင်စွမ်း ရှိ၊ မရှိအတွက် မြန်မာနိုင်ငံမှ ကာကွယ်ဆေးထုတ်လုပ် နေသည့် စက်ရုံများ၏ GMP ဆိုင်ရာ အချက်အလက်များ၊ ကာကွယ်ဆေးထုတ်လုပ်သည့် စက်ပစ္စည်းများ၏ အခြေခံအချက်များကြောင့် ကာကွယ်ဆေးများ ထုတ်လုပ်နိုင်သည့်အခြေအနေရှိကြောင်း CNBG မှ ပြန်ကြားခဲ့ပါသည်။ အဓိကအားဖြင့် ယခင်ကာကွယ် ဆေးနှင့် မြွေဆိပ်ဖြေဆေးများကို အောင်မြင်စွာ ထုတ်လုပ်နိုင်သည့် အခြေခံစက်များရှိခြင်းကြောင့် ဖြစ်ကြောင်း သိရှိရပါသည်။
နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ထုတ်လုပ်မည့် ဆေးဝါး စက်ရုံခွဲ(ရွာသာကြီး)သို့ ၈-၁၀-၂၀၂၁ ရက်နေ့တွင် ကြွရောက်ချီးမြှင့်၍ အားပေးခဲ့သည့်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထုတ်လုပ်ရေး ကြိုးပမ်းမှုများ ပိုမိုအရှိန်မြှင့် ဆောင်ရွက်နိုင်ခဲ့ပါသည်။
ကာကွယ်ဆေးအတွက် ဆောင်ရွက်ချက်
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထုတ်လုပ်မှု လုပ်ငန်းစီမံချက်ဇယားတွင် လုပ်ငန်းအဆင့်ပေါင်း ( ၁၃ ဆင့်ရှိသည့်အနက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား စတင်စမ်းသပ်ထုတ်လုပ်နိုင်ရေးအတွက် Media Fill Simulation upeatup ဟုခေါ်သည့် ဆေးဝါးထုတ်လုပ်မှု လိုင်းအတွင်း ပိုးမွှားကင်းစင်မှုရှိ၊ မရှိ စမ်းသပ်ဆောင်ရွက်ခြင်းအဆင့်မှာ မဖြစ်မနေ ဆောင်ရွက်ရမည့်အဆင့်ဖြစ်ပါသည်။ Media Fill Simulation ဆိုသည်မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအစား Media(ပိုးပေါက်လွယ်သည့်အရည်) အား အသုံးပြု၍ ကာကွယ်ဆေး ထုတ်လုပ်သည့်ပုံစံ အတိုင်း ဆောင်ရွက်ရခြင်းဖြစ်ပါသည်။ နေ့စဉ် ထုတ်လုပ်မည့်ဆေးပမာဏအတိုင်း စမ်းသပ်ထုတ်လုပ်၍ အဆိုပါ Media အရည်တွင် ပိုးမွှားပေါက်ဖွားမှု ရှိ၊ မရှိ ရက်သတ္တ နှစ်ပတ်စောင့်ကြည့်စမ်းသပ်ရခြင်းဖြစ်ပါသည်။ Media Fill Simulation အား တရုတ်နိုင်ငံမှပညာရှင်များ၏ အနီးကပ်ကြီးကြပ်မှုနှင့်အတူ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စမ်းသပ်ထုတ်လုပ်မှု (Process Validation) ကို ထပ်မံဆောင်ရွက်ခဲ့ပါသည်။
Process Validation ဆိုသည်မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထုတ်လုပ်ရန် အသုံးပြုမည့် စက်ပစ္စည်းများ၊ ထုတ်လုပ်မှုအခန်းများနှင့် ဝန်ထမ်းများအသုံးပြု၍ ကာကွယ်ဆေးအစစ်ဖြင့် ထုတ်လုပ်မှု ဆောင်ရွက်ခြင်းဖြစ်ပါသည်။ Media Fill simulation နှင့် Process Validation ကွာခြားသည်မှာ Media အရည်နေရာတွင် ကာကွယ်ဆေးအစစ်ဖြင့် စမ်းသပ် ထုတ်လုပ်ခြင်းဖြစ်ပါ သည်။ ထုတ်လုပ်မှုအပတ်စဉ် သုံးခုဆောင်ရွက်ရပြီး ထွက်ရှိလာမည့် ကာကွယ်ဆေးများ၏ အရည်အသွေးအား သတ်မှတ်စံချိန် စံညွှန်းများနှင့် ကိုက်ညီမှုရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်ရပါသည်။ Process Validation အနေဖြင့် ဆောင်ရွက်သည့် ကာကွယ်ဆေးထုတ်လုပ်မှုအပတ်စဉ် သုံးခု စလုံးမှထွက်ရှိသည့် ကာကွယ်ဆေးများ၏ အရည်အသွေးအား သတ်မှတ်စံချိန်စံနှုန်းများနှင့် ကိုက်ညီမှသာကာကွယ်ဆေး ထုတ်လုပ်မည့်လမ်းစဉ် အောင်မြင်သည်ဟု မှတ်ယူရမည်ဖြစ်ပါသည်။
ပုလင်းသွင်းဖြည့်တင်းရန်အဆင့် ကာကွယ်ဆေး (RTF Bulk) ဝယ်ယူ၍ ပုလင်းသွင်းဖြည့်တင်းခြင်း (Fill/ Finish) ဆောင်ရွက်သည်ဟု ဆိုသော်လည်း ကမ္ဘာပေါ်ရှိနိုင်ငံတိုင်း ဆောင်ရွက်နိုင်ခြင်းမရှိပါ။ အာဆီယံဒေသတွင်း၌ပင် ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှား နိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၌သာ (Fil/Finish) ကို အောင်မြင်စွာဆောင်ရွက်နိုင် ကြောင်း တွေ့ရှိရပါသည်။ ရေရှည်စီမံကိန်းအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ထုတ်လုပ်နိုင်ရေးအတွက် ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဗီယက်နမ် နိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ အနေဖြင့် ဆောင်ရွက်နေဆဲဖြစ်ပြီး ယခုအချိန်အထိသုတေသန ပြုစမ်းသပ်ဆဲအဆင့်သာဖြစ်ကြောင်း တွေ့ရှိရပါသည်။
ကာကွယ်ဆေးအား {Fil/Finish) အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကာကွယ်ဆေး ထုတ်လုပ်မှု နည်းပညာများကို လွှဲပြောင်းရုံသာမက တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပညာရှင်နှစ်ဦးသည် မြန်မာနိုင်ငံသို့ လာရောက်ပြီး ကာကွယ်ဆေး ထုတ်လုပ်မှုနည်းပညာများကို သင်ကြားလေ့ကျင့် ပေးခြင်းနှင့် ထုတ်လုပ်မှုကိုကြီးကြပ်ကွပ်ကဲခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့အပြင် ထုတ်လုပ်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ၏ အရည်အသွေးအား ဓာတ်ခွဲစမ်းသပ်နိုင်ရန်အတွက်လေ့ကျင့် သင်ကြားပေး ခြင်းများကို ဆောင်ရွက်ပေးခဲ့သည့် အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ၏ အာနိသင်အား စမ်းသပ်နိုင်တော့မည်ဖြစ်ပါသည်။
ထို့အပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အောင်မြင်စွာ ထုတ်လုပ်နိုင်ရေးအတွက်လည်း နိုင်ငံတော်မှနေ၍ စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ သုတေသီပညာရှင်များပါဝင်သော ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ စနစ်တကျဖွဲ့စည်း၍ ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါသည်။
စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်းမှ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအား “Myancopharm” အမည်ဖြင့် ထုတ်လုပ်သွားမည်ဖြစ်ပြီး ကာကွယ်ဆေး တစ်ပုလင်းလျှင် လူငါးဦး ထိုးနှံနိုင် ကြောင်းသိရှိရ ပါသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးအားပြည်တွင်း၌ “Myancopharm” အမည် ဖြင့် အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ခြင်းသည် နိုင်ငံ၏ ကာကွယ်ဆေးထုတ်လုပ်မှု မှတ်တမ်းအသစ်ဖြစ်ရုံ သာမက ရေရှည်တွင် အခြားကာကွယ်ဆေးများ ထုတ်လုပ်ရေးအတွက် အထောက်အပံ့ဖြစ်မည်မှာ ဧကန်မလွဲသေချာလှပေသည်။ “Myancopharm” ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အောင်မြင်စွာ ထုတ်လုပ်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့သူများအားလုံးအား ယခုဆောင်းပါးဖြင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ ။
ဒေါက်တာအောင်ဇော် (စက်မှု/ဆေးဝါး)