Skip to main content

စဉ်ဆက်မပြတ် လေ့လာသင်ယူဖို့ လူငယ်နှင့်စာပေပွဲတော် ဆင်နွှဲစို့

စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနနဲ့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ပြီး နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီ လူငယ်နှင့် စာပေပွဲတော်မှာ ကျောင်းသား ကျောင်းသူ တွေ၊ လူငယ်တွေနဲ့ ပြည်သူတွေ ဗဟုသုတရရှိစေဖို့ မြန်မာနိုင်ငံရဲ့ သမိုင်းဝင်စာချုပ်စာတမ်းတွေနဲ့ မှတ်တမ်းမှတ်ရာတွေ၊ စာပေတိုက်အသီးသီးက ထုတ်ဝေတဲ့ စာအုပ်စာစောင်တွေနဲ့ စာပေပညာရှင် ကြီးများရဲ့ အတ္ထုပ္ပတ္တိပြခန်းတွေ၊ လေကြောင်းပြခန်း၊ ရေကြောင်းပြခန်းနဲ့ ဝန်ကြီးဌာနပြခန်းတွေ ပါဝင် မယ်လို့ သိရပါတယ်။ ပြခန်းပေါင်း ၄၀ ကျော် ခင်းကျင်းပြသမယ်လို့သိရပြီး ၃ ရက်ကြာ ကျင်းပ မှာ ဖြစ်ပါတယ်။

အတွေးအမြင်ကောင်းတွေနဲ့ တည်ဆောက်

လူငယ်နှင့်စာပေပွဲတော် ကျင်းပရတဲ့ ရည်ရွယ်ချက် ၆ ချက် ရှိတယ်လို့ သိရပါတယ်။ အဲဒီရည်ရွယ်ချက် တွေကတော့ မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ ခေါင်းဆောင်တွေဖြစ်လာမယ့် ကလေးများနဲ့ လူငယ်တွေရဲ့ ဉာဏ်ရည်၊ ဉာဏ်သွေးနဲ့ အတွေးအခေါ်အယူအဆတွေ ထက်မြက်လာစေဖို့၊ ပွဲတော်မှာ ပျော်ရွှင်စွာ ဆင်နွှဲရင်း စုပေါင်းအလုပ်များမှာ ဝိုင်းဝန်းပါဝင်တတ်တဲ့ အလေ့အထကောင်းတွေ ရရှိလာစေဖို့၊ လူငယ်တွေရဲ့ တီထွင်ဖန်တီးလိုစိတ် ရင့်သန်လာစေဖို့နဲ့ စာပေဖတ်ရှုလေ့လာလိုစိတ် မြင့်မားလာစေဖို့၊ အသိပညာ၊ အတတ်ပညာနဲ့ ကျင့်ဝတ်တန်ဖိုးအပါအဝင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်မြှင့်တင်ပေးနိုင်ဖို့နဲ့ အနာဂတ်လူ့ဘောင်အဖွဲ့ အစည်းကို ၎င်းတို့ရဲ့ အတွေးအမြင် ကောင်းတွေနဲ့ တည်ဆောက် အကောင်အထည်ဖော်နိုင်ဖို့လို့ သိရပါတယ်။

ကောင်းမွန်တဲ့ ရည်ရွယ်ချက်ဖြစ်သလို မိမိတို့ နိုင်ငံအတွက် အလေးထားလုပ်ဆောင်ဖို့ လိုအပ်နေဆဲ အချက်တွေလို့လည်း မြင်မိပါတယ်။ အဲဒီ ရည်ရွယ်ချက်တွေကို အနှစ်ချုပ်ကြည့်ရင် လူငယ်တွေအတွက် အပိုင်း၊ စာပေလေ့လာဖတ်ရှုတဲ့အပိုင်း၊ တီထွင် ဖန်တီးလိုစိတ်ဖြစ်စေတဲ့အပိုင်း၊ ပူးပေါင်း ဆောင်ရွက်လိုတဲ့ အလေ့အထအပိုင်း၊ ဗလငါးတန် ပြည့်စုံဖို့အပိုင်းဆိုပြီး တွေ့ရပါတယ်။ အဲဒီအပိုင်း တွေနဲ့ပတ်သက်လို့ မိမိတို့နိုင်ငံမှာ အကောင်အထည် ဖော်နေဆဲလုပ်ငန်းတွေမှာ ပါဝင်ပါတယ်။

ရည်ရွယ်ချက် ၁၀ ချက်ရှိ

ကျောင်းတွေမှာလည်း ပညာရေးရဲ့ ရည်ရွယ်ချက်တွေထဲမှာ ပါပါတယ်။ အခြေခံပညာရေးရဲ့ ရည်ရွယ်ချက်တွေထဲမှာဆိုရင် ရည်ရွယ်ချက် ၁၀ ချက် ရှိပါတယ်။ အဲဒီထဲက ထုတ်နုတ်အနေနဲ့ အခြေခံပညာအဆင့်အလိုက် တွေးခေါ်ကြံဆ ဝေဖန် ပိုင်းခြားနိုင်သော အသိဉာဏ်ရှိ၍ ဗလငါးတန်နှင့် ပြည့်စုံသည့် နိုင်ငံ့သားကောင်းများ ဖြစ်စေရန်၊ ပြည်သူ့နီတိနှင့် ဒီမိုကရေစီကျင့်စဉ်နှင့် လူ့အခွင့်အရေး ဆိုင်ရာ စံနှုန်းများဖြင့် ဥပဒေကို လေးစား လိုက်နာတတ်သည့် နိုင်ငံသားကောင်းများဖြစ်စေရန်၊ သဘာဝပတ်ဝန်းကျင်ကို မြတ်နိုးကာကွယ် ထိန်းသိမ်းပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင် နိုင်သော နိုင်ငံသားများဖြစ်စေရန်၊ လူတစ်ဦးချင်း ဖြစ်စေ၊ လူ့အဖွဲ့အစည်းအလိုက်ဖြစ်စေ မတူကွဲပြားမှု များ နားလည်လက်ခံ၍ တန်းတူညီမျှမှုကိုတန်ဖိုးထား လေးစားပြီး ငြိမ်းချမ်းရေး အခြေခံအသိများနှင့် အညီ လက်တွေ့ကျင့်သုံးနေထိုင်တတ်သည့် ကမ္ဘာ့နိုင်ငံသားများဖြစ်ရန် ဆိုတာတွေ ပါဝင်ပါတယ်။

အရည်အသွေးအာမခံခြင်းလို့ နားလည်မိ

အခြေခံပညာရေးရည်ရွယ်ချက်တွေလိုပဲ အမျိုးသား ပညာရေး ဥပဒေ(၂၀၁၄) မှာဆိုရင် အမျိုးသား ပညာရေးရည်မှန်းချက်အနေနဲ့ ၇ ချက် တွေ့ရပါတယ်။ ရည်ရွယ်ချက်တွေကတော့ သိပ်မကွာပါဘူး။ ဒါပေမယ့် အမျိုးသားပညာရေးဥပဒေ အခန်း ၁၀၊ ပုဒ်မ ၅၄၊ ၅၅ မှာ အရည်အသွေး အကဲဖြတ်မှုနှင့် အရည်အသွေးအာမခံမှုဆိုတာ ပြဋ္ဌာန်းထားပါတယ်။ အရည်အသွေး အာမခံနိုင်မှုဆိုတဲ့ စကားရပ်ကို အဲဒီ ဥပဒေရဲ့ ပုဒ်မ ၂၊ ပုဒ်မခွဲ ၇ မှာ အရည်အသွေး အာမခံမှု ဆိုသည်မှာ ကျောင်းနှင့် ထိုကျောင်းရှိ သင်ကြားသင်ယူမှု အစီအစဉ်များသည် အမျိုးသား ပညာရေးကော်မရှင်က ချမှတ်ထားသော စံချိန် စံညွှန်းများနှင့် ကိုက်ညီမှုအခြေအနေကို အမြဲမပြတ် စိစစ်အကဲဖြတ်ခြင်းဖြင့် အရည်အသွေးအဆင့် သတ်မှတ်ခြင်းနှင့် အာမခံချက်ပေးခြင်းကို ဆိုသည်လို့ တွေ့ရပါတယ်။ ပညာရေးရဲ့ ရည်မှန်းချက်တွေ အတိုင်း ပညာရေးရဲ့ အနှစ်သာရတွေ ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ ပြန်လည် ဆန်းစစ်ခြင်း၊ အရည်အသွေးအာမခံခြင်းလို့ နားလည်မိပါတယ်။ ဒါမှလည်း ကျောင်းသား ကျောင်းသူတွေဟာ ပညာရေးရဲ့ရည်ရွယ်ချက်အတိုင်း မွေးထုတ်နိုင်မှာပါ။

လူငယ်တွေနဲ့ပတ်သက်လို့လည်း လူငယ်ရေးရာ မူဝါဒ (၂၀၁၇) ရှိပြီးဖြစ်ပါတယ်။ လူငယ်ရေးရာ မူဝါဒရဲ့ ရည်မှန်းချက်ကတော့ ကျန်းမာကြံ့ခိုင်ရေး၊ ပညာရေး၊ လူမှုရေး၊ စွမ်းရည်၊ လူ့ကျင့်ဝတ်၊ လူ့တန်ဖိုးနှင့် ဦးဆောင်မှုအရည်အသွေး၊ ပူးပေါင်းပါဝင် ဆောင်ရွက်ရေး စသည်တို့တွင် သာတူညီမျှ ဘက်စုံဖွံ့ဖြိုး တိုးတက်သော လူငယ်များအဖြစ် ပျိုးထောင်ပေးပြီး နိုင်ငံ့သားကောင်းလူငယ်များ ပေါ်ထွန်းလာရန် ရည်မှန်းပါသည်လို့ ဖော်ပြထားပါတယ်။ လူငယ်ရေးရာမူဝါဒရဲ့ ရည်ရွယ်ချက်အနေနဲ့ ၁၅ ချက် ပါရှိပါတယ်။ စာရှည်သွားမှာစိုးလို့ အသေးစိတ် မဖော်ပြတော့ပါဘူး။ အကောင်အထည်ဖော်ဖို့ ဝန်ကြီးဌာနများလည်း ထည့်သွင်းဖော်ပြထားပါတယ်။

မူဝါဒတွေ၊ ဥပဒေတွေ ချမှတ်

တကယ်တော့ မိမိတို့နိုင်ငံမှာ ကျောင်းသား ကျောင်းသူတွေ၊ လူငယ်တွေအတွက် ကောင်းမွန်တဲ့ ရည်မှန်းချက်တွေ၊ မူဝါဒတွေ၊ ဥပဒေတွေဆိုတာ ချမှတ်ပြီး၊ ပြဋ္ဌာန်းပြီးသားတွေပါ။ ဒါ့အပြင် နိုင်ငံ တကာက အစိုးရတွေ၊ ကျောင်းတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေ လည်း ရှိပါတယ်။ အထက်မှာဖော်ပြခဲ့သလို ကျောင်းသား ကျောင်းသူတွေ၊ လူငယ်တွေနဲ့ဆိုင်တဲ့ အစိုးရကဦးဆောင်တဲ့ လှုပ်ရှားမှုတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေက ဦးဆောင်တဲ့ ပညာရေးဆိုင်ရာ၊ လူငယ်ဆိုင်ရာ လှုပ်ရှားမှုတွေဆိုတာလည်း မကြာခဏဆိုသလို တွေ့ရပါတယ်။ ကြိုဆိုရမယ့် လုပ်ဆောင်မှုတွေပါ။ ပညာရေးဆိုင်ရာတွေ၊ လူငယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာတွေ ဆိုတာက စဉ်ဆက် မပြတ် လုပ်ဆောင်နေကြရမယ့် လုပ်ငန်းစဉ်တွေ ဖြစ်လို့ ကြိုဆိုရခြင်းဖြစ်ပါတယ်။

ကမ္ဘာ့တိုးတက်ပြီးနိုင်ငံတွေ၊ တိုးတက်ဆဲနိုင်ငံတွေမှာ ပညာရေးအတွက်၊ လူငယ့်ရေးရာအတွက် များစွာအလေးထားကြပြီး ထိထိရောက်ရောက် လည်း အကောင်အထည်ဖော်ကြတာ တွေ့ရပါတယ်။ ဒါကြောင့်မို့ နိုင်ငံကအားထားလောက်တဲ့ ပညာရေးတွေတိုးတက်လာတယ်၊ နိုင်ငံအတွက် အားထားရတဲ့ လူသားရင်းမြစ်တွေကို မွေးထုတ်နိုင်တယ်။ ပညာရေးတွေ တိုးတက်လာလို့၊ လူငယ်တွေရဲ့ အရည်အသွေး၊ အရည်အချင်းတွေ မြှင့်တင်နိုင်လို့လည်း နိုင်ငံကို ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နေနိုင်ခြင်းပဲ ဖြစ်ပါတယ်။

နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်

အထူးသဖြင့် ပညာခေတ်ကြီးမှာ ပညာကို အခြေခံတဲ့ အသိုက်အဝန်းကိုတည်ဆောက်နိုင်မှ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်မှာပါ။ ပညာရေးမှာ ရင်းနှီးမြှုပ်နှံတာတွေ၊ လူငယ်ရေးရာ လုပ်ငန်းစဉ်တွေမှာ ရင်းနှီးမြှုပ်နှံတာတွေဟာ သရက်ပင်စိုက်တဲ့ အဘိုးအို ဥပမာလိုပါပဲ။ လတ်တလော အသီးအပွင့်တွေ၊ အရိပ်တွေ၊ အကျိုးကျေးဇူးတွေ ရချင်မှရမှာ ဖြစ်ပေမယ့် အချိန်ကြာလာလေ အသီးအပွင့်တွေ၊ အရိပ်တွေ၊ အခြားအကျိုးကျေးဇူးတွေကို ပိုပိုပြီး ရလာမှာပါ။ များများစိုက်ရင် များများအကျိုးခံစား ကြရမှာပါ။ သစ်ပင်တွေရှင်သန်အောင် ထိထိရောက်ရောက် စိုက်ကြဖို့တော့ အရေးကြီးပါတယ်။ စိုက်သာစိုက်၍ မရှင်ပြန်ရင်လည်း ငွေကုန်၊ လူပန်း၊ အကျိုးမရှိ ဖြစ်သွားပါလိမ့်မယ်။

အခြားဖြတ်လမ်းနည်း မရှိ

ကျောင်းသား ကျောင်းသူတွေ၊ လူငယ်တွေ ဘက်ကကြည့်ရင်လည်း ပညာရှာတယ်၊ ပညာကို အသုံးချတယ်၊ စဉ်ဆက်မပြတ် လေ့လာသင်ယူတယ် ဆိုတဲ့ ကြိုးစားအားထုတ်မှုရဲ့ အကျိုးကျေးဇူးကို ပထမဆုံးခံစားရမှာက ကိုယ်ကိုယ်တိုင်ပဲဖြစ်ပါတယ်။ ကိုယ်တိုင်က ထူးချွန်ထက်မြက်တဲ့သူဖြစ်လာမှ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်သလို မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံကို စောင့်ရှောက်နိုင်မှာပါ။ လူငယ် တွေမှာ ဘဝရည်မှန်းချက်တွေ၊ ဆန္ဒတွေ၊ ဝါသနာတွေ၊ ကျွမ်းကျင်မှုတွေအတွက် မျှော်လင့်ချက်များစွာ ရှိနေကြပါတယ်။ ဒါပေမယ့် ဒီဘဝမျှော်မှန်းချက်တွေဟာ ထိုင်နေလို့တော့ ဘာမှဖြစ်မလာဘူးဆိုတဲ့ သီချင်းလိုပါပဲ။ မကြိုးစားဘဲနဲ့တော့ မျှော်လင့်ချက်တွေဟာ လက်တွေ့ ဖြစ်မလာနိုင်ပါဘူး။ ထူးချွန်လို သူတိုင်းအတွက် အကောင်းဆုံးနည်းလမ်းက ကြိုးစားခြင်းပါပဲ။ အခြားဖြတ်လမ်းနည်း မရှိပါဘူး။ ဒီတော့ ကျောင်းသား ကျောင်းသူတွေ၊ လူငယ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အစိုးရအဖွဲ့အစည်းတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ တစ်ဦးချင်းစီရဲ့ ဟန်ချက်ညီတဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်မှာပါ။ လူငယ်ဆိုင်ရာ၊ ပညာရေးဆိုင်ရာ နိုင်ငံရဲ့ ရည်မှန်းချက်တွေ၊ မူဝါဒတွေ၊ ဥပဒေတွေ လက်တွေ့အကျိုး ဖြစ်ထွန်းလာဖို့ ထိရောက်တဲ့ အကောင်အထည်ဖော်မှုတွေရှိကြရမှာ ဖြစ်ပါတယ်။ အခုလို စာပေပွဲတော်တွေ ကျင်းပတယ် ဆိုတာလည်း လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နည်းလမ်းများစွာထဲက နည်းလမ်းတစ်ခု လို့ မြင်မိပါတယ်။

ဗဟုသုတနဲ့ ပညာကို စဉ်ဆက်မပြတ်ရှလိုသူတိုင်းအတွက် သင်ယူလေ့လာနိုင်တဲ့ နည်းလမ်း များစွာထဲမှာ ယခုလို ကျောင်းပြင်ပ သင်ယူလေ့လာရေးဟာလည်း အရေးပါတဲ့ နည်းလမ်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ လေ့လာသင်ယူလို့ အကျိုးကျေးဇူး တစ်ခုခုရမယ်ဆိုရင် ဘာမှမရတဲ့သူထက်တော့ သာမှာကတော့ သေချာပါတယ်။

ဇင်ငြိမ်း