Skip to main content

တိုင်းပြည်တည်ဆောက်ရေးနှင့် လွတ်လပ်ရေး၏ အနှစ်သာရ

လွတ်လပ်ရေးရပြီး နှစ်ပေါင်းများစွာကြာတဲ့အထိ နိုင်ငံဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အခြေအနေတွေမှာ တက်လိုက်ကျလိုက် နိမ့်လိုက်မြင့်လိုက် အခြေအနေတွေကို များစွာ ကြုံတွေ့ခဲ့ရပြီးတော့ တည်ငြိမ်အေးချမ်းစွာ ပုံမှန်ဖွံ့ဖြိုးတိုးတက်နေတဲ့၊ အေးချမ်းသာယာ ပြီးတော့ စားဝတ်နေမှု ဖူလုံပြည့်စုံနေတဲ့၊ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်းတွေကို နိုင်ငံသားတွေအားလုံး စိတ်အေးချမ်းသာ ခံစားစံစားနေနိုင်တဲ့နိုင်ငံအဖြစ် အာမခံချက်ရှိရှိ ရပ်တည် နိုင်ရေးဟာ နိုင်ငံသားတွေအားလုံးရဲ့ တောင့်တချက်၊ လိုလားချက်ဖြစ်တယ်ဆိုတာ အထူးပြောစရာမလိုတဲ့ကိစ္စဖြစ်ပါတယ်။

အတက်အကျ အနိမ့်အမြင့်တွေနဲ့ တည်ငြိမ်မှုကို ကောင်းစွာ မတည်ဆောက်နိုင်ကြတဲ့အခြေ အနေကို ကျော်လွှားနိုင်ကြပြီးတော့ လွတ်လပ်ရေးရဲ့ အနှစ်သာရကို ပြည့်ပြည့်ဝဝ ရရှိခံစားနိုင်ဖို့ဆိုရင် တိုင်းပြည်တည်ဆောက်ရေးကိုကျကျနန အားသွန် ခွန်စိုက် ကြိုးစားဆောင်ရွက်သွားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံကို ထူထောင်ကြတဲ့အခါ

နိုင်ငံတစ်နိုင်ငံကို ထူထောင်ကြတဲ့အခါ နိုင်ငံ တည်ဆောက်ရေး (state building) နဲ့ တိုင်းပြည် တည်ဆောက်ရေး (nation building) နှစ်ခုလုံးကို စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ကြဖို့ လိုအပ် ကြောင်း ပညာရှင်တွေက ထောက်ပြပြောဆို ထားတာရှိပါတယ်။ နိုင်ငံတည်ဆောက်ရေးဆိုတာ က နိုင်ငံတော်နဲ့ သက်ဆိုင်သမျှ အင်စတီကျူးရှင်းတွေကို သမိုင်းအစဉ်အဆက်မှာ ဖန်တီး တည်ဆောက်ခြင်း (Creation)၊ ခိုင်မာတောင့်တင်းစေခြင်း (Consolidation)၊ တည်ငြိမ်မှု ရှိစေခြင်း (Stabalization) နဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေခြင်း (Sustianable Development) စတဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေ အကျုံးဝင်ပါ တယ်။

တိုင်းပြည်တည်ဆောက်ရေးကတော့ နိုင်ငံတော်ရဲ့ ပါဝါကိုကောင်းမွန်စွာ အသုံးချပြီး တိုင်းပြည် ရဲ့ ကိုယ်ပိုင်သွင်ပြင်လက္ခဏာရပ် (National Identity) တွေကို ခိုင်မာတောင့်တင်းအောင် တည်ဆောက်ခြင်းဖြစ်ပါတယ်။ တိုင်းပြည်တည်ဆောက်ရေးအလုပ်ရဲ့ ရည်မှန်းချက်ကတော့ နိုင်ငံတော်အတွင်း ကံကြမ္မာတူ၊ ရှင်သန်မှုတူ၊ အနာဂတ်တူကြတဲ့ နိုင်ငံသားတွေအားလုံးဟာ ရေရှည်ကာလမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တည်ငြိမ်မှုကိုကောင်းစွာ အာမခံချက်ရှိစေတဲ့ အထိ အရည်အသွေးတွေ အဆင့်မြင့်မားရေးနဲ့ သွေးစည်း ညီညွတ်မှု ရှိကြစေရေးပဲဖြစ်ပါတယ်။ တိုင်းပြည် တည်ဆောက်ရေးကိစ္စဟာ တောင့်တင်းခိုင်မာတဲ့ နိုင်ငံတော်အဖြစ် ရေရှည်ရပ်တည် နိုင်ရေး၊ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းသာယာခြင်း၊ ချစ်ခင်စည်းလုံးခြင်း စတဲ့အရာတွေကို နိုင်ငံသား တိုင်း ပြည့်ပြည့်ဝဝ ရရှိခံစားနိုင်ကြစေရေးအတွက် အင်မတန်မှအရေးကြီးတဲ့ လုပ်ငန်းဆောင်တာ ဖြစ်ပါတယ်။

နိုင်ငံသားတွေရဲ့ အရည်အသွေးအဆင့် မြင့်မားရေးနဲ့ သွေးစည်းညီညွတ်ရေးအတွက် ရုပ်ပိုင်း ဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာကြံ့ခိုင်တဲ့ နိုင်ငံသားတွေ ဖြစ်လာကြဖို့ တည်ဆောက် မြှင့်တင်ရမှာ ဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်စေရေး အပြင် စိတ်နေသဘောထားတွေ မွန်မြတ်မြင့်မားလာစေရေး၊ လူမှုကျင့်ဝတ် တန်ဖိုးတွေကို လေးစားလိုက်နာဖို့ အလေးထားသူတွေဖြစ်လာစေရေး၊ အသိပညာတွေ မြင့်မားလာ စေရေး အတွက် စနစ်တကျ တည်ဆောက်မြှင့်တင်ဖို့ လိုအပ်ပါတယ်။

တိုင်းပြည်တည်ဆောက်ရေးရဲ့ သော့ချက်

တိုင်းပြည်တည်ဆောက်ရေးအတွက် အခြေခံပညာကို ကောင်းမွန်စွာ သင်ကြားပေးရေးကိစ္စကိုလည်း သော့ချက်ကျတဲ့ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ထည့်သွင်းစဉ်းစားလေ့ရှိပါတယ်။ ၁၉ ရာစု ကာလတုန်းက ဥရောပတိုက်ရှိ နိုင်ငံတွေရဲ့ အုပ်ချုပ်သူတွေဟာ နိုင်ငံတော်က ဦးစီးဦးဆောင် ပြုတဲ့ အခြေခံ ပညာကျောင်းတွေကို စနစ်တကျ ဖွင့်လှစ်ခဲ့ပြီးတော့ သင်ခန်းစာတွေထဲမှာ နိုင်ငံကို ချစ်မြတ်နိုးစိတ်တွေ ဖွံ့ဖြိုးလာစေရေး၊ အမျိုးသားရေးစရိုက်လက္ခဏာတွေ ပီပြင်စွာ တည်ရှိနိုင်စေရေး၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိစိတ်တွေ တိုးပွားလာစေရေးတို့အတွက် ကောင်းမွန်စွာ ပံ့ပိုးနိုင်တဲ့ သင်ကြားပို့ချမှုတွေ ပြုလုပ် ခဲ့ကြတာကြောင့် နိုင်ငံသားတွေရဲ့ နိုင်ငံသားပီသတဲ့ အကျင့်စရိုက်တွေဟာ တဖြည်းဖြည်း ခိုင်မာလာခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ နိုင်ငံတော်ရဲ့ အချုပ်အခြာအပေါ် သစ္စာစောင့်သိကြတဲ့ နိုင်ငံသားတွေအဖြစ် ရောက်ရှိနိုင်ရေးဟာ တိုင်းပြည် တည်ဆောက်ရေးရဲ့ သော့ချက်ဖြစ်တယ်ဆိုတဲ့ ဥရောပရဲ့ အဲဒီယူဆချက်ဟာ ကမ္ဘာအနှံ့(ဒီမိုကရေစီနဲ့ ဒီမိုကရေစီ မဟုတ်တဲ့) နိုင်ငံတွေ အများအပြားဆီ  ပျံ့နှံ့ရောက်ရှိခဲ့ပါတယ်။ ဒီမိုကရေစီ နိုင်ငံမဟုတ်တဲ့ ၁၉ ရာစု ပရပ်ရှားနိုင်ငံမှာရှိတဲ့ အခြေခံပညာ ကျောင်းတွေမှာ မင်းဧကရာဇ်အပေါ် သစ္စာစောင့်သိရေး၊ နာခံရေးအတွက် အခြေခံပညာ သင်ရိုးမှာ ကျကျနန သင်ကြားခဲ့ကြောင်း တွေ့ရပါတယ်။ ဆိုဗီယက် ပြည်ထောင်စုခေတ် အစိုးရအခြေခံပညာကျောင်းရဲ့ သင်ရိုးညွှန်းတမ်းတွေမှာဆိုရင် ဝိဇ္ဇာ သိပ္ပံပညာရပ် တွေအပြင် တိုင်းပြည်ကို ချစ်မြတ်နိုးစိတ်၊ အခက် အခဲတွေကို ကျားကုတ်ကျားခဲ ကျော်ဖြတ်အောင်မြင် နိုင်တဲ့ ဇွဲသတ္တိ၊ ရန်သူအပေါ် ပြတ်သားတဲ့ရှုမြင်မှု၊ သံမဏိလိုခိုင်မာတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ဖိနှိပ်ခံ လူတန်းစားကို သနားချစ်ခင်ခြင်း၊ စွန့်လွှတ်စွန့်စား လိုစိတ်၊ ကြိုးစားအားထုတ်လိုစိတ် စတဲ့ စိတ်ပိုင်းဆိုင်ရာ တန်ဖိုးတွေကို တစ်ပါတည်း သင်ကြားပို့ချ ပေးပြီးတော့ အဲဒီစရိုက် လက္ခဏာတွေဟာ တိုင်းပြည်ရဲ့ ထူးခြားထင်ရှားတဲ့ အမှတ်သညာတွေ (နိုင်ငံသားတွေရဲ့ ဝိသေသတွေ) အဖြစ် ပေါ်ထွန်းဖြစ်တည်စေခဲ့တာ တွေ့ရပါတယ်။

အခြေခံပညာကို အားပြုပြီးတော့ အုတ်မြစ်ခိုင်မာတဲ့တိုင်းပြည်တည်ဆောက်ရေးကို ဆောင်ရွက်တဲ့အခါ အမျိုးသားရေးညီညွတ်ပြည့်စုံမှု (National Integration) ကို ဦးတည်ဆောင်ရွက်ရတာ ဖြစ်ပြီးတော့ သီအိုရီအရဆိုရင် တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းရပ်တွေကို စက်မှု ဖွံ့ဖြိုး တိုးတက်ရေး (Industrialization)၊ ခေတ်မီမြို့ပြတွေ တည်ဆောက်ရေး (Urbanization) နဲ့ လူမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေး (Social Mobilization) စတဲ့ ကဏ္ဍတွေနဲ့ အချိုးညီညီ ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ဖို့ လိုအပ်ကြောင်း ပညာရှင်တွေက အကြံပြုပြောဆို ရေးသားကြပါတယ်။ တိုင်းပြည်တည်ဆောက်ရေးကို ကောင်းမွန် ကျနစွာ ဆောင်ရွက်နိုင်တဲ့ နိုင်ငံတိုင်းဟာ တည်တည်ငြိမ်ငြိမ်နဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်ပြီးတော့ နိုင်ငံ သားတို့ရဲ့ လူမှုဘဝတွေ ပြည့်စုံလုံခြုံရေးအတွက်လည်း အာမခံချက်ကို ကောင်းစွာရရှိနိုင်တာ တွေ့ရပါတယ်။

တိုင်းပြည်ချစ်စိတ်ကိုအခြေခံ

တိုင်းပြည်တည်ဆောက်ရေးကို စနစ်တကျ လုပ်ကိုင်ဆောင်ရွက်နိုင်လို့ ဖွံ့ဖြိုးတိုးတက်ရုံမက တည်ငြိမ်အေးချမ်းပြီး ကြွယ်ဝချမ်းသာကြတဲ့ နိုင်ငံများအဖြစ် အကောင်းဆုံး ဥပမာပေးလို့ ရတာကတော့ ဂျာမနီနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့ဖြစ်ပါတယ်။ နှစ်နိုင်ငံစလုံးဟာ ဒုတိယကမ္ဘာစစ် အတွင်းမှာ နိုင်ငံ ရေးဆိုင်ရာ မှားယွင်းတဲ့အယူအဆတွေ လွှမ်းမိုးပြီးတော့ ကျူးကျော်စစ်များကိုသာ ဦးစားပေးခဲ့လို့ အကြီးအကျယ် အထိနာကြရပါတယ်။ သို့သော် နိုင်ငံသားတွေရဲ့ တိုင်းပြည်ချစ်စိတ်ကို အခြေခံပြီး စည်းလုံးညီညွတ်မှုနဲ့ နိုင်ငံကို ပြန်လည်ထူထောင် မယ်ဆိုတဲ့ သန္နိဋ္ဌာန်ကို တည်ဆောက်ယူနိုင်ခဲ့တဲ့ နေရာမှာလည်း နှစ်နိုင်ငံစလုံးက တူညီတာ တွေ့ရ ပါတယ်။

ဂျပန်နိုင်ငံဟာ အဏုမြူဗုံးဒဏ်ခံရပြီးတဲ့နောက် တိုင်းပြည်တည်ဆောက်ရေးကို ကောင်းစွာ ကြိုးပမ်း လုပ်ဆောင်နိုင်ခဲ့တာကြောင့် ၁၉၆၀ ပြည့်နှစ်တွေမှာ ဒုတိယကမ္ဘာစစ် ပြာပုံကနေ စတင် လွတ်မြောက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဂျပန်နိုင်ငံရဲ့ စီးပွားရေးစန်းပွင့်ချိန် (Economic Miracle) လို့ ပြောစမှတ်ပြုတဲ့ ကာလတစ်လျှောက်ကို ပြန်လေ့လာကြည့်ရင် ဂျပန်နိုင်ငံသား တွေရဲ့ စိတ်ဓာတ်ကောင်းကို ကောင်းစွာတည်ဆောက် နိုင်ခဲ့တာကြောင့် အကြီးအကျယ် ဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာ့ ဒုတိယ အင်အားအကြီးဆုံးနိုင်ငံအဖြစ် တက်လှမ်းနိုင်ခဲ့တာဖြစ်ကြောင်း တွေ့ရမှာ ဖြစ်ပါတယ်။ ကုန်ထုတ်လုပ်သူတွေ၊ ကုန်သွယ်လုပ်ငန်း လုပ်ကိုင်သူတွေ၊ ဘဏ်တွေနဲ့ ဂျပန်နိုင်ငံသားတွေဟာ မိမိတို့အကျိုးစီးပွားနဲ့ တိုင်းပြည်အကျိုးစီးပွား (အမျိုးသားအကျိုးစီးပွား) အတွက် အားလုံးအတူတကွ စည်းလုံးညီညွတ်စွာ လုပ်ကိုင်ကြဖို့ ပိုင်းဖြတ်ပြီး မဆုတ်မနစ် အားထုတ်ကြိုးပမ်းခဲ့ကြတာကြောင့် ဂျပန်နိုင်ငံဟာ အရှိန်အဟုန် ပြင်းပြင်းနဲ့ တိုးတက်ဖွံ့ ဖြိုးလာခဲ့ရတာ ဖြစ်ပါတယ်။ အသိပညာ၊ အတတ်ပညာတွေကို နိုင်ငံသား တွေအားလုံး အဆင့်မြင့်မြင့် တတ်မြောက်ကြစေရေးနဲ့ စည်းကမ်းဥပဒေတွေကို လိုက်နာကြစေရေး နိုင်ငံတော်ကနေ မူဝါဒကောင်းတွေချမှတ်ပြီးတော့ စနစ်တကျ ပျိုးထောင်ပေးခဲ့ခြင်းဟာ ဂျပန်နိုင်ငံရဲ့ ကြွယ်ဝ ချမ်းသာခြင်း၊ တည်ငြိမ်အေးချမ်းခြင်းအပြင် တစ်ကမ္ဘာလုံးက အသိအမှတ်ပြု လေးစားအားကျကြရတဲ့ ဂျပန်နိုင်ငံသားတွေအဖြစ် အရည်အသွေးအထူးမြင့်မားမှု ကို ခိုင်ခိုင်မာမာ ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။

နိုင်ငံသားကောင်းစိတ်ဓာတ်

ဂျပန်နိုင်ငံရေးပါတီတွေနဲ့ ဂျပန်အစိုးရတွေ အဆက်ဆက်ဟာ တိုင်းပြည်တည်ဆောက်ရေးရဲ့ အဓိက လုပ်ငန်းရပ်ကြီးတစ်ခုဖြစ်တဲ့ နိုင်ငံသားတွေရဲ့ ပညာရေးနဲ့ ကျန်းမာရေး အဆင့်မြင့်မား ရေးကို တစိုက်မတ်မတ်ဆောင်ရွက်ခဲ့ကြခြင်းရဲ့ အသီးအပွင့်ရလဒ်တွေဖြစ်ပါတယ်။ တိုင်းပြည် တည်ဆောက်ရေးလုပ်ငန်းရဲ့ သော့ချက်ဖြစ်တဲ့ လူသယံဇာတ (လူသားရင်းမြစ်တွေ) ကို ဒီလိုပြုစု ပျိုးထောင်နိုင်ခဲ့ခြင်းကြောင့်ပဲ သဘာဝ သယံဇာတရယ်လို့ ဘာတစ်ခုမှ မည်မည်ရရ မရှိတဲ့၊ ကမ္ဘာစစ်မှာ အကြီးအကျယ်ရှုံးနိမ့်ခဲ့ရတဲ့ နိုင်ငံငယ်လေးဟာ အချိန်တိုအတွင်း ကမ္ဘာ့ ထိပ်တန်း နိုင်ငံကြီးအဖြစ်ရောက်ရှိရုံမက ဆယ်စုနှစ်ပေါင်းများစွာ တည်ငြိမ်အေးချမ်းစွာနဲ့ မှန်မှန်ကြီးဖွံ့ဖြိုး တိုးတက်နေခဲ့ရခြင်းဖြစ်ကြောင်း တွေ့ရမှာဖြစ်ပါတယ်၊ နိုင်ငံသားတွေရဲ့ နိုင်ငံတော်အပေါ်ထားရှိတဲ့ ကောင်းမွန်မှန်ကန်တဲ့ စိတ်ဓာတ်၊ နိုင်ငံသား အချင်းချင်းအပေါ် ထားရှိတဲ့ ကောင်းမွန်မှန်ကန်တဲ့ သဘောထား၊ ဥပဒေစည်းကမ်းတွေကို ကောင်းမွန်စွာ လိုက်နာ လိုကြတဲ့ မြင့်မားတဲ့ အသိတရားတွေ၊ ကိုယ့်အကျိုးစီးပွားနဲ့ လူ့အဖွဲ့အစည်း အကျိုးစီးပွားကို မျှတအောင်တည်ဆောက်ဖို့ နိုင်ငံသားတွေ အားလုံးမှာ တာဝန်ရှိတယ်ဆိုတဲ့ နိုင်ငံသားကောင်း စိတ်ဓာတ်စတာတွေကို တိုင်းပြည်တည်ဆောက် ရေးလုပ်ငန်းရဲ့ ပဓာနကိစ္စရပ်အဖြစ် သဘော ထားပြီး စနစ်တကျ ကြိုးစားတည်ဆောက်နိုင်ခဲ့တာကြောင့် ဂျပန်နိုင်ငံဟာ ကမ္ဘာ့ထိပ်တန်း နိုင်ငံအဖြစ် ထည်ထည်ဝါဝါ ဂုဏ်သိက္ခာအပြည့်အဝနဲ့ ရပ်တည်နေနိုင်တာဖြစ်ကြောင်း အထင်အရှား တွေ့မြင်နိုင်ပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးအပြီး ဂျာမနီနိုင်ငံဖွံ့ဖြိုး တိုးတက်လာခဲ့ရတဲ့ သမိုင်းကြောင်းကို ပြန်လေ့လာ ကြည့်ရင်လည်း တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းကို အထူးဦးစားပေး လုပ်ကိုင်ခဲ့တဲ့ လွန်စွာ ရှည်လျားတဲ့ လုပ်ငန်းစဉ်ကြီးကို မြင်တွေ့နိုင်ပါတယ်။ စစ်နိုင်တဲ့ နိုင်ငံတွေက ဂျာမနီနိုင်ငံကို အစိတ်စိတ်ပိုင်းပြီး စီမံခန့်ခွဲခဲ့ပြီးတဲ့နောက် ဂျာမနီနိုင်ငံဟာ အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီရယ်လို့ ကွဲထွက်ခဲ့ရပါတယ်။ အနောက်ဂျာမနီခေါင်းဆောင်တွေဟာ တိုင်းပြည် တည်ဆောက်ရေးကို အမြော်အမြင်ကြီးကြီးနဲ့ စနစ်တကျ လုပ်ဆောင်ခဲ့နိုင်တာကြောင့် ဂျာမနီနိုင်ငံနဲ့ ဂျာမန်လူမျိုးတွေရဲ့ ဝိသေသလက္ခဏာတွေဟာ ပီပြင်ခဲ့ပြီးတော့ နောက်ပိုင်း ဂျာမနီ နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးကိုတောင်မှ တည်တည်ငြိမ်ငြိမ်နဲ့ ဆောင်ရွက်နိုင်ခဲ့ပြီး ပိုမိုသွေးစည်းညီညွတ်တဲ့ ဂျာမနီဟာ ဒီကနေ့ အချိန်အထိ ဥရောပရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တည်ငြိမ်မှုအရှိဆုံး၊ ဖွံ့ဖြိုးတိုးတက်မှု အရှိဆုံးနိုင်ငံအဖြစ် ရပ်တည်နေနိုင်တာ ဖြစ်ပါတယ်။ ဂျာမနီနဲ့ ဂျပန် နှစ်နိုင်ငံစလုံးက လေ့လာကြည့်ရင် အတိတ်ကအမှားတွေကိုတောင် သင်ခန်းစာယူနိုင်ခြင်း။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မဆုတ်မနစ် စည်လုံး ညီညွတ်စွာအားထုတ်ခြင်း၊ စည်းကမ်းဥပဒေတွေကို ကောင်းစွာလိုက်နာကြ နိုင်ငံသာကောင်းတွေအဖြစ် ပျိုးထောင်ခြင်း အလုပ်ကို ကြိုးစားလုပ်ကိုင်တတ် စရိုက်ရှိခြင်း၊ အချိန်ကိုလေးစားခြင်း နိုင်ငံသား အချင်းချင်း ချစ်ခင်လေးစရာ တန်ဖိုးထားခြင်း စတဲ့ ကောင်းမွန်တဲ့ စရိုက်တွေကို မြင်တွေ့နိုင်ပြီ။ ဒီစရိုက်လက္ခဏာတွေဟာ တိုင်းပြည်ရဲ့ ကိုယ်ပိုသွင်ပြင်လက္ခဏာရပ်တွေ (National Identity) အဖြစ် အခိုင်အမာဖြစ်တည်လာခဲ့တာကြောင့်ပဲ နှစ်နိုင်ငံစလုံ။ဟာ တည်တည်ငြိမ်ငြိမ်နဲ့ ပုံမှန်ဖွံ့ဖြိုး တိုးတက်နေတဲ့ကမ္ဘာ ထိပ်တန်းနိုင်ငံတွေအဖြစ် ရပ်တည်နိုင်ကြတာဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ သွင်ပြင် လက္ခတွေကို ကြိုးစားတည်ဆောက် မြှင့်တင်ရင်း တခြားတည်ဆောက်ရေး လုပ်ငန်းတွေဖြစ်တဲ့ စက်မှုဖွံ့ဖြိုးတိုးတက် ခေတ်မီမြို့ပြတွေတည်ဆောက်ရေးနဲ့ လူမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတွေကိုလည်း တစ်ပြိုင်နက်တည်း ထိထိရောက်ရောက် ဆောင်ရွက်ကြတာကြောင့် နှစ်နိုင်ငံစလုံးဟာ ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာ အပြည့်အဝနဲ့ ရပ်တည်နိုင်တာ ဖြစ်ပါတယ်။

တည်ငြိမ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ကြွယ်ဝချမ်းသာခြင်းတွေကို ရေရှည်အာမခံချက်ပေးနိုင်တဲ့ တခြားနိုင်ငံတွေကို လေ့လာကြည့်ရင်လည်း နိုင်ငံတည်ဆောက်ရေး တစ်ခုတည်းကို ဦးစားပေး လုပ်ကိုင်တာမျိုးမရှိကြဘဲ တိုင်းပြည်တည်ဆောက်ရေးကိုလည်း အထူးအာရုံစိုက်ပြီး ကြိုးစားလုပ်ကိုင်ခဲ့ကြတာကြောင့် အဲသလို ထိပ်တန်းနိုင်ငံတွေအဖြစ် ရောက်ရှိခဲ့ရကြောင်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် စင်ကာပူနိုင်ငံရဲ့ နိုင်ငံတည်ထောင်သူ နိုင်ငံပြုဂ္ဂိုလ် States man ဖြစ်တဲ့ လီကွမ်ယုရဲ့အဖော် အမြင်ကြီးကြီးနဲ့ တိုင်းပြည်တည်ဆောက်ရေးကို အထူးအာရုံစိုက် လုပ်ကိုင်ခဲ့တာကြောင့် စင်ကာပူဟာ နိုင်ငံငယ်ဖြစ်သော်ငြားလည်း ဒီကနေ့မှာ ကမ္ဘာ့ထိပ်တန်း နိုင်ငံအဖြစ် ထည်ထည်ဝါဝါ ရပ်တည်နေနိုင်တာကို သာဓကအဖြစ် အထင်အရှားမြင်တွေ့နိုင်ပါတယ်။ စည်းကမ်းနဲ့ ကျင့်ဝတ် ဆိုင်ရာမှာ ထိပ်တန်းအဆင့်လိုက်နာနိုင်ကြတဲ့ စင်ကာပူ နိုင်ငံသားတွေဟာ ကမ္ဘာမှာ ထိပ်တန်းအဆင့် နိုင်ငံသားတွေအဖြစ် သတ်မှတ်ခြင်းခံရပါတယ်။ ကမ္ဘာမှာ တိုးတက်မှုအရှိဆုံးဖြစ်ရုံ သာမက တရားဥပဒေစိုးမိုးမှုအရှိဆုံး၊ လုံခြုံမှု အရှိဆုံး နိုင်ငံအဖြစ် သတ်မှတ်ခံရခြင်းကလည်း တိုင်းပြည်တည်ဆောက်ရေးကို ကြိုးစားလုပ်ကိုင်ခဲ့ခြင်းရဲ့ အသီးအပွင့်ဖြစ်ပါတယ်။

တိုင်းပြည်တည်ဆောက်ရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ကြမှသာ နိုင်ငံဟာ ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်ပါတယ်။ တည်ငြိမ်အေးချမ်းနိုင်ပါတယ်။ နိုင်ငံသားတွေ အချင်းချင်းလည်း ချစ်ခင်စည်းလုံးခြင်း၊ လေးစားတန်ဖိုးထားခြင်းတွေရှိနိုင်ပါတယ်။ ချမ်းသာကြွယ်ဝပြီး အေးချမ်းသာယာတဲ့နိုင်ငံအဖြစ် ရောက်ရှိနိုင်ပါတယ်။ အဲဒီအခြေအနေကို ဖန်တီးနိုင်တဲ့ တစ်နေ့မှာ လွတ်လပ်ရေးရဲ့ အရသာကို လက်ရှိကာလမှာသာမကဘဲနဲ့ အနာဂတ်ကာလ တစ်လျှောက် ထာဝရပြည့်ပြည့်ဝဝ ခံစားစံစားနိုင်ကြမှာ ဖြစ်တာကြောင့် တိုင်းပြည် တည်ဆောက်ရေးတာဝန်ကို အကျိုးဆိုင်သူတွေအားလုံးနဲ့ နိုင်ငံသားတွေအားလုံးက ဇွဲလုံ့လ ဝီရိယကြီးကြီးနဲ့ ညီညွတ်စွာ လုပ်ဆောင်ကြစေလိုပါကြောင်း လေးစားစွာ တိုက်တွန်းရေးသား အပ်ပါတယ်။ ။

ပိုက်တင်