အော်ဂဲနစ်ဟင်းသီးဟင်းရွက်များ အလေးထားစားသုံးသင့်ပြီ

ရန်ကုန် ဇန်နဝါရီ ၁၇

ယနေ့ပြည်သူများကား ရောဂါ ပေါင်းစုံအကြား ဖြတ်သန်းသွားလာ နေကြရသည်။ လေထု၊ မြေထု၊ ရေထု များက လူသားတို့ပယောဂကြောင့် ညစ်ညမ်းနေကြပြီး လူသားတိုင်းနီးပါး ရောဂါတစ်မျိုးမဟုတ်တစ်မျိုး ခံစား နေကြရသည့် ယနေ့အချိန်တွင် ကျန်းမာရေးသည် အရေးကြီးလာ သည်။ ကျန်းမာရေးအတွက် စနစ် တကျ နေထိုင်စားသောက်ကြရန် လိုအပ်သည်ဖြစ်ရာ ကျန်းမာစေသည့် အစားအစာများ ရွေးချယ် စားသုံးရန် အရေးကြီးသည်။ အထူးသဖြင့် အသီး အရွက်စားခြင်းသည် ကျန်းမာရေး အတွက် ကောင်းမွန်သော်လည်း ပိုး သတ်ဆေးကင်းစင်သော ဓာတုဆေးဝါး အသုံးပြုမှုမရှိသော အသီးအရွက်များ ကို စားသုံးမှသာ ကျန်းမာရေးအတွက် အထောက်အကူပြုစေမည်ဖြစ်သည်။ လူတို့အတွက် အန္တရာယ် ကင်းမည့် အသီးအရွက်များ စားသုံးနိုင်မှုကို ကမ္ဘာတစ်ဝန်း၌ တွင်တွင်ကျယ်ကျယ် ဆောင်ရွက် လာလျက်ရှိရာ အဆိပ် အတောက်ကင်းသည့် အော်ဂဲနစ် အသီးအနှံများနှင့် ပတ်သက်ပြီး ဒေါက်တာ ခင်မောင်လွင် (FAME) နှင့်တွေ့ဆုံမေးမြန်းမှုကို ဖော်ပြ လိုက်ပါသည်။

မေး ။ ။အော်ဂဲနစ် အစားအစာဆိုတာဘယ်လိုအမျိုးအစားလဲ ရှင်းပြပေးစေလိုပါတယ်။

ဖြေ ။ ။အတိုချုံးပြောရရင် ဓာတုလွတ်စိုက်ပျိုးနည်းနဲ့ စိုက်ပျိုးထွက်ရှိလာတဲ့ အသီးအရွက် အစားအစာတွေဖြစ်ပါတယ်။ စိုက်ပျိုးတဲ့အခါ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေ စတဲ့ ဓာတုရုပ်ကြွင်းတွေ မပါသလောက် လျော့နည်းရမှာဖြစ်သလို အသီးအနှံမျိုးစေ့တွေကို လည်း မျိုးဗီဇပြုပြင်ထားခြင်း မပြုလုပ်ရပါဘူး။ ဒါ့အပြင် ဓာတုလွတ်စိုက်ပျိုးထွက်ရှိလာတဲ့ ဟင်းသီးဟင်းရွက် အသီးအနှံတွေ ဖြစ်ပေမယ့် အမြန်မှည့်အောင် ဓာတုဆေးရည်စိမ်တာတွေ၊ ပိုးမွှားကင်းအောင် ဓာတ်ရောင်ခြည် ပေးတာတွေလည်း မပြုလုပ်ရပါဘူး။ ကြာရှည်ခံဆေး တွေလည်း အသုံးမပြုရပါဘူး။ သဘာဝအရောင် အဆင်း၊ အနံ့အရသာအတိုင်းရှိတဲ့ ဟင်းသီးဟင်းရွက် အစားအစာတွေကို အော်ဂဲနစ် အစားအစာ တွေလို့ ပြောရမှာဖြစ်ပါတယ်။

မေး ။ ။စားသုံးသူတွေအနေနဲ့ အော်ဂဲနစ်အစားအစာဟုတ် မဟုတ် ဘယ်လိုသိနိုင်မလဲ ပြောပြပေးပါဦး။

ဖြေ ။ ။ ဒါက အရေးကြီးပါတယ်။ စားသုံးတဲ့ ပြည်သူတွေအတွက် အော်ဂဲနစ်အစားအစာ ဖြစ် မဖြစ်ဆိုတာ ခွဲခြားဖို့ အတွက်ကတော့ စားသုံးကုန်တွေမှာ အော်ဂဲနစ်ဖြစ် ကြောင်း ရေးသားဖော်္ပြထားတာတွေရှိတယ်။ မြန်မာ နိုင်ငံမှာလည်း အော်ဂဲနစ်အစုအဖွဲ့က ထုတ်ပေးထားတဲ့ အသိအမှတ် ပြုလက်မှတ် ထုတ်ပေး ထားတာတွေ ရှိပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်းရှိပါတယ်။ ကမ္ဘာပေါ်မှာ အော်ဂဲနစ်နဲ့ပတ်သက်ပြီး အဆင့်အမြင့်ဆုံးအဖွဲ့ အစည်းနှစ်ခုအဖြစ် ဂျာမနီအခြေစိုက် IFOAM အဖွဲ့အစည်းနဲ့ အမေရိကန်အခြေစိုက် USDA အဖွဲ့အစည်းတွေရှိပါတယ်။ သူတို့တွေက အသိအမှတ်ပြု လက်မှတ် ထုတ်ပေး သလို အဲဒီအသိ အမှတ်ပြုမရှိဘဲ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထုတ်လုပ်သူတွေ ကလည်း အော်ဂဲနစ် အစားအစာဖြစ်ကြောင်း ရိုးသားစွာဖော်ပြရောင်းချတာရှိပါတယ်။ လိမ်ညာတာတွေလည်း ရှိနိုင်ပေမယ့် နောက်ဆုံးအနေနဲ့ သီးနှံရဲ့ ပုံပန်းသဏ္ဌာန်၊ အရောင်အဆင်း၊ အရွယ်အစား တွေကိုကြည့်ပြီး ခွဲရမှာပါ။ အော်ဂဲနစ်သီးနှံတွေဟာ အရွယ်အစား သေးငယ်ပြီး သဘာဝ အတိုင်း မှည့်ရင်လည်းအဝါရောင် ကွက်တိကွက်ကြား ဖြစ်နေပါတယ်။ ဆေးရည်စိမ်ထားတဲ့ သစ်သီးမှည့်တွေက တစ်ပြေးညီအဝါရောင် ဖြစ်နေတာပါ။

မေး ။ ။မြန်မာနိုင်ငံမှာ အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်မှုတွေရှိနေပြီလား။ သူတို့ကိုရော ဘယ်အဖွဲ့အစည်းက စစ်ဆေးအတည်ပြုလက်မှတ်ထုတ်ပေးလဲဆိုတာ သိလို ပါတယ်။

ဖြေ ။ ။မြန်မာနိုင်ငံမှာ အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်မှုတွေ တဖြည်းဖြည်းတိုးတက်လာ နေပြီဖြစ်ပါတယ်။ အော်ဂဲနစ်သီးနှံတွေကို ရွေးချယ်စားသုံးတဲ့ လူတန်းစားလည်း ရှိနေပါပြီ။ မြန်မာနိုင်ငံ အော်ဂဲနစ်အစုအဖွဲ့ကို ၂ဝဝ၆ ခုနှစ်က စတင်ဖွဲ့စည်းထားပြီးဖြစ်လို့ အဲဒီအဖွဲ့က ကွင်းဆင်းစစ်ဆေးပြီး အော်ဂဲနစ်ထောက်ခံချက် လက်မှတ် ထုတ်ပေးထား တဲ့ အဖွဲ့အစည်းလေးခု၊ အော်ဂဲနစ်ထောက်ခံချက် လက်မှတ် ရရှိထားတဲ့ စိုက်ပျိုး ခြံပေါင်း ၁၄ ခု၊ အော်ဂဲနစ်ထောက်ခံချက်လက်မှတ်ရရှိထားပြီး စိုက်ပျိုးနေသူ ၁၆ ဦးတို့ရဲ့ ခြံတွေ လည်းရှိ နေပြီဖြစ်ပါတယ်။ အဲဒါတွေက ရန်ကုန်၊ ညောင်ရွှေ၊ နေပြည်တော်၊ စစ်ကိုင်း၊ ပြင်ဦးလွင်၊ မွန်ပြည်နယ်၊ ကျောက်တစ်လုံး၊ မိတ္ထီလာ၊ ဘိုကလေး၊ လပွတ္တာ၊ မင်းလှ၊ လက်ပံတန်း၊ ပုသိမ်ကြီးစတဲ့နေရာအနှံ့အပြားမှာ ခြံတွေစိုက်ပျိုးနေကြတာဖြစ်ပါတယ်။

မေး ။ ။ ဓာတုဆေး၊ ပိုးသတ်ဆေးတွေ အသုံးပြုထားတဲ့ ဟင်းသီးဟင်းရွက်တွေ စားသုံးပြီး ပိုးသတ်ဆေးတွေ ခန္ဓာကိုယ်ထဲ ဝင်ရင် ဘယ်လိုရောဂါမျိုးခံစားနိုင်လဲ ဒေါက်တာ။

ဖြေ ။ ။အကြိမ်ကြိမ်ရေဆေးပြီး စားသုံးရပါလိမ့်မယ်။ ပိုးသတ်ဆေးကြောင့် မျက်စိနဲ့ ပတ်သက်တဲ့ရောဂါ၊ အရေပြားနဲ့ ပတ်သက်တဲ့ရောဂါ၊ အူနဲ့ အစာလမ်းကြောင်း ရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ နှလုံးသွေးကြော ဆိုင်ရာ လက္ခဏာဖြစ်တဲ့ နှလုံးခုန်မမှန်တာ၊ ရင်တုန်မောပန်းတာတွေနဲ့ ဦးနှောက်နဲ့ အာရုံကြော ဆိုင်ရာ ရောဂါ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။ ခေါင်းကိုက်၊ ခေါင်းမူးတာ၊ စိတ်ဓာတ် ကျဆင်းတာ၊ မှတ်Óဏ်ထိခိုက်မှုနဲ့ ကြွက်သားတွေအားပျော့ တာတွေဖြစ်နိုင်ပါတယ်၊ ဒါ့အပြင် ကင်ဆာ ရောဂါတွေလည်းဖြစ်ပွားနိုင်ပြီး မျိုးပွားအင်္ဂါထိခိုက်ကာ သားသမီးမရနိုင်တာတွေပါ ဖြစ်ပွား နိုင်ပါတယ်။

မေး ။ ။ကမ္ဘာမှာ အော်ဂဲနစ် စိုက်ပျိုးရေးကို ဘယ်အချိန်ကတည်းက စတင်ခဲ့တာရယ်၊ မြန်မာနိုင်ငံမှာ အော်ဂဲနစ်အစားအစာတွေ စိုက်ပျိုးစားသုံးသင့်တယ်ဆိုတာ အကြံပြုပြောပေးပါဦး။

ဖြေ ။ ။ကမ္ဘာပေါ်မှာ အော်ဂဲနစ် စိုက်ပျိုးမှုစနစ်ကိုကြည့်ရင် လူ့သမိုင်းမှာ စိုက်ပျိုး ရေးကို စတင်ခဲ့တဲ့အချိန်ကစပြီး ၁၈ ရာစု အစပိုင်းအထိ အော်ဂဲနစ် သို့မဟုတ် သဘာဝအတိုင်းစိုက်ပျိုးခဲ့ကြတာပါ။ ၁၈ ရာစုအစပိုင်းမှာ ဓာတ်မြေဩဇာသုံးစွဲမှုတွေ စတင်ခဲ့ပြီး စိုက်ပျိုးမှု အချိန်တို၊ အထွက်တိုးမှုတွေကြောင့် တောင်သူတွေ သုံးစွဲမှု တိုးမြင့် လာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်အင်္ဂလန်နိုင်ငံသား ရုက္ခဗေဒပညာရှင် ဆာအဲလ်ဘတ် ဟိုးဝပ်က ၁၈၉၈ ခုနှစ်မှာ အော်ဂဲနစ်စိုက်ပျိုးမှုစနစ်ကို လေ့လာသုတေသနပြုခဲ့ပြီး နောက်ပိုင်း အကောင်အထည်ဖော် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း စားသုံးသူတွေ ကျန်းမာဖို့ရော၊ အပင်တွေ ကျန်းမာဖို့အပြင် ကမ္ဘာမြေကြီးထိခိုက်ပျက်စီးမှုမရှိအောင်နဲ့ သဘာဝပတ်ဝန်း ကျင်တိရစ္ဆာန်တွေ ထိခိုက်ဆုံးရှုံးမှုမရှိအောင် အော်ဂဲနစ်စိုက်ပျိုးမှုနဲ့ အော်ဂဲနစ်သီးနှံတွေ စားသုံးမှုကို အလေးထားပြုလုပ် သင့်ပါတယ်ဟု ဒေါက်တာ ခင်မောင်လွင်(FAME) က ဖြေကြားခဲ့သည်။