ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက်(၁၂) နှစ်အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ (၅၄)၊ အမှတ် (၃၉)၌ ကျားကလေးတစ်ကောင်ရောင်းသည့် ပေါင်မုန့်သည် စားချင်စဖွယ် ဖြစ်သော်လည်း သူ့ကို ကြောက်၍ ပေါင်မုန့်မဝယ်ရဲသည့် တောတွင်းတိရစ္ဆာန်လေးများ၊ နောက်ပိုင်းတွင် သူတို့ ပေါင်မုန့်ကို မည်သို့ဝယ်ကြသလဲဆိုသည့်အကြောင်းကို တင်ဆက်ထားသည့် “ပေါင်မုန့်ရောင်းတဲ့ ကျားကလေးပိုပို” မျက်နှာဖုံးကာတွန်း၊ သူဌေးကြီးဦးလောဘသည် မိမိ၏ လောဘအလိုကို လိုက်မိရာက မိမိပိုင်ပစ္စည်းကိုပါ ဆုံးရှုံးခဲ့ရပုံအကြောင် တင်ဆက်ထားသည့် “လောဘကြီးလို့” နှစ်မျက်နှာကာတွန်း၊ ဖြတ်ထိုးဉာဏ်ကောင်းပြီး ဉာဏ်အမြော်အမြင်ရှိသော ကြက်ကလေးရွှေဝါအကြောင်း တင်ဆက်ထားသည့် “ခွေးကြီးပြောက်ကျားနှင့် ကြက်ကလေးရွှေဝါ” နှစ်မျက်နှာကာတွန်း၊ ကာကွယ်ဆေးထိုးရန် လက်ခံလိုက် သည့် ဆူးကလေးအကြောင်း ရေးဖွဲ့ထားသည့် “ကာကွယ်ဆေး” နှစ်မျက်နှာကာတွန်း၊ ငယ်ရွယ်ချိန်ကစ၍ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေမည့် အားကစားများကို လုပ်ဆောင်ပေးခြင်းဖြင့် မိမိ၏ ဘဝပန်းတိုင် ရည်မှန်းချက်များ အထောက်အပံ့ဖြစ်စေပုံ၊ ရောဂါအန္တရာယ်များ ကင်းဝေးစေပုံအကြောင်း ရေးဖွဲ့ထား သည့် “ဖိုးလပြည့်” တစ်မျက်နှာ ကာတွန်းနှင့် ညအိပ်ရာတွင် ခြင်ထောင်မထောင်ဘဲ ခြင်မကိုက်နိုင်မည့် နည်းလမ်းကို အကြံပေး လိုက်သည့် ပုပုအကြောင်း ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “ပုပုပါဝင်သည့် ဟောဒီမှာ” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် တရုတ်နိုင်ငံ၏ အရှည်ဆုံး ရှေးဟောင်းအုတ်တံတိုင်းကြီးအကြောင်း ဗဟုသုတ ဖြစ်ဖွယ် တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် သူတစ်ပါးအပေါ် အနိုင်ကျင့်ပြီး ဒုက္ခပေးတတ်သော မျောက်တစ်ကောင်သည် နောက်ဆုံးတွင် မိမိတွင်လည်း ဘေးဒုက္ခဖြင့် ရင်ဆိုင် ကြုံတွေ့ရပုံအကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍတွင် နောက်နောင် ဆရာမက လုပ်အားပေးခေါ်လျှင် လိုက်တော့မည် ဆိုသော မောင်ထွေးအကြောင်း တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ကလေးတို့ကိုယ်တိုင် ပါဝင် ဆောင်ရွက်နိုင်မည့် ဉာဏ်စမ်းကဏ္ဍနှင့် ကြိုးများဖြင့် ရစ်ပတ်နေသည့် သူငယ်တော်ရုပ်လေးကို ကူညီပေးနိုင်ရန် အကြံပြုလိုက်သည့် သားငယ်လေးအကြောင်း ရေးဖွဲ့ထားသည့် ဆရာကိုဇော်ဌေး (ယဉ်ကျေးမှု)၏ “သူငယ်တော်” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍ အနေဖြင့် အချိန်ပြသမ္ဗန္ဓ (Conjunction) များဖြစ်သည့် before, after, while, until, when နှင့် as soon as တို့၏ အသုံးနှင့်ပတ်သက်၍ သင်ခန်းစာသစ်အချို့ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။