ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေ လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၈ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၂)၊ အမှတ် (၆) ၌ ပြည်ထောင်စုနေ့သည် မြန်မာပြည်လွတ်လပ်ရေးရရှိရန် ကြိုးပမ်းခဲ့မှုသမိုင်းတွင် အရေးပါသော နေ့ထူးနေ့မြတ်တစ်နေ့ ဖြစ်ပုံအကြောင်းကို ရေးဖွဲ့ထားသည့် “ပြည်ထောင်စုနေ့” မျက်နှာဖုံးကာတွန်း၊ ရွှေပိုးသည် သူ၏ဆရာကြီးပြောဆိုသော ဆုံးမစကားများကို ပြန်လည် ကြားယောင်လာကာ ဆရာကြီးအား ဂုဏ်ယူနိုင်စေခဲ့ပုံအကြောင်းကို ပညာပေးရေးဖွဲ့ထားသည့် “ရပါတယ် ဆရာကြီး” နှစ်မျက်နှာကာတွန်း၊ ကျောင်းစာများကို မှန်မှန်ကြည့်ပြီး မှန်မှန်လေ့ကျင့်မှု ပြုလုပ်ပါက စာမေးပွဲဖြေဆို နိုင်ပုံအကြောင်းကို ရေးဖွဲ့ထားသည့် “ဂျာရစ်-မှန်တယ်” တစ်မျက်နှာကာတွန်း၊ ကတုံးသုံးကောင်အဖွဲ့၏ ဒုက္ခရောက်နေသူအား ကူညီကြပုံအကြောင်းကို ရေးဖွဲ့ထားသည့် “ကတုံးသုံးကောင်” နှစ်မျက်နှာကာတွန်းနှင့် ဘတ်စ်ကားစီး၍ ကြာသောအချိန် မိနစ် ၃၀ ကို အကျိုးရှိရှိ အသုံးချနိုင်ခဲ့သောကြောင့် အကျိုးကျေးဇူးများ ရရှိခံစားရသော ကျောင်းသားလေး အကြောင်းကို သရုပ်ဖော်ရေးဖွဲ့ထားသည့် “မိနစ် ၃၀” တစ်မျက်နှာကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် ဝေလငါးမျိုးစိတ်တို့၏ သဘောသဘာဝနှင့် ၄င်းတို့၏ မျိုးစိတ်တချို့မှာ သီချင်းသီဆိုနိုင်ပုံအကြောင်းကို ကလေးတို့ ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုနိုင်မည် ဖြစ်ပါသည်။ ၀တ္ထုကဏ္ဍတွင် အချို့သောကလေးငယ်များသည် ပိုဂရုစိုက်ခြင်းကို ခံချင်ကြသူများဖြစ်၍ သူတို့ကို ဆရာ၊ ဆရာများအနေဖြင့် မသိနားမလည်သည်များကို သေသေချာချာ ရှင်းပြကာ ပိုမိုဂရုစိုက်ပေးသင့်ကြောင်းကို တင်ဆက်ထားပါသည်။ ထို့ပြင် ဉာဏ်စမ်းကဏ္ဍနှင့် ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် မြန်မာပြည်ကြီး အဓွန့်ရှည် တည်တံ့ရေးကို စောင့်ထိန်းသင့်ပုံအကြောင်းကို သရုပ်ဖော်ပုံများဖြင့် ဝေဝေဆာဆာတင်ဆက်ထားသည့် ကဗျာကဏ္ဍ တို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် တယ်လီဖုန်းဖြင့် စကား ပြောဆိုခြင်းအကြောင်းနှင့် ပတ်သက်၍ အပြန်အလှန်ပြောဆိုပုံ အင်္ဂလိပ်စာဝါကျအချို့ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁- ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။