ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂)နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်းထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁၈ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ (၅၈)၊ အမှတ် (၂၉) ၌ လောကတွင် သားသမီးရတနာသည်သာ တန်ဖိုးအရှိဆုံးအရာ ဖြစ်သည်ကို နားလည်သဘောပေါက်သွားသည့် ဘုရင်ကြီးအကြောင်းကို သရုပ်ဖော်ထားသည့် “အဖိုးတန် ရတနာ” မျက်နှာဖုံးကာတွန်း၊ အစ်မ၏ ပြောစကားကို မလိုက်နာမိသည့် မြဂျိုးကို မိခင်ဖြစ်သူက ဒေါသဖြစ်သွားပုံကို သရုပ်ဖော်ထားသည့် “ပန်ပန်နှင့် မြဂျိုး-ဗီဒီယို” နှစ်မျက်နှာကာတွန်း၊ ပန်ပန်၏ အမေးပုစ္ဆာကို အဖြေမှန်ရအောင် တွက်ပြလိုက်သည့် ချက်ပုနှင့် ပျော်ရွှင်သွားသည့် မိတိုးတို့အကြောင်း ကို သရုပ်ဖော်ထားသည့် “ပေါင်းမယ် နုတ်မယ် တစ်အောက်ငယ်” တစ်မျက်နှာကာတွန်း၊ ပြိုင်ပွဲတွင် ဆုမရသည်မှာ ဝမ်းနည်းစရာ မဟုတ်ဘဲ ကြိုးစား၍ ယှဉ်ပြိုင်လိုစိတ်ရှိခြင်းသည်သာ အဓိကဖြစ်ကြောင်းကို ယုန်လေးနှင့် ရှဉ့်လေးတို့ကို ဇာတ်လိုက်ထား၍ သရုပ်ဖော်ထားသည့် “ပြိုင်ပွဲ” နှစ်မျက်နှာကာတွန်း၊ ဖြိုးရဲသည် စက်ဘီးမလိုချင်သေး၍ စာမေးပွဲကို အောင်မှတ်ရအောင် မဖြေခဲ့သည်ဟု သူငယ်ချင်းများကို နောင်ပြောင် ပြောဆိုခြင်းအကြောင်း သရုပ်ဖော်ထားသည့် “အပြောကြီးသူ” နှစ်မျက်နှာကာတွန်းနှင့် ဆရာမမေးသည့် မေးခွန်းကို ပေါက်စီ၏ ဟာသအတွေးဖြင့် ပြန်ဖြေလိုက်ပုံကို သရုပ်ဖော်ထားသည့် “ပေါက်စီရဲ့ ဉာဏ်ကြီးရှင်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
အင်ဒိုနီးရှားနိုင်ငံတွင် တည်ရှိ၍ ကမ္ဘာတွင် ထင်ရှားသော ရှေးဟောင်းဗုဒ္ဓဘာသာ စေတီတစ်ဆူဖြစ်သည့် ဗောရောဗုဓောစေတီအကြောင်းကို ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “ဗောရောဗုဓော စေတီ” သုတဆောင်းပါးကဏ္ဍ၊ ကလေးတို့ စိတ်ကြိုက်အရောင်လေးများ ခြယ်သနိုင်မည့် “ဆေးရောင် လှလှခြယ်ကြရအောင်” ကဏ္ဍ၊ ကျောင်းအုပ်ဆရာကြီး၏ ဆိုဆုံးမှုကို လိုက်နာကျင့်သုံးသည့် ဖိုးဇော်တို့ အတန်းသည် ကျောင်းသန့်ရှင်းရေး အထူးဆုကို ရရှိသွားပုံအကြောင်း ရေးသားထားသည့် “သန့်ရှင်း သော ကျောင်းလေး” ဝတ္ထုကဏ္ဍ၊ မိဘများ ချန်ထားခဲ့သည့် ပစ္စည်းဥစ္စာကို ကြီးပွားတိုးတက်အောင် မလုပ်ဆောင်ဘဲ စိတ်ကူးယဉ်နေမိ၍ ဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရသည့် မောင်စိတ္တအကြောင်း ရေးသားထားသည့် “စိတ်ကူးယဉ်သမား၏ နောင်တ” ပုံပြင်ကဏ္ဍ၊ ပြည်သူသို့ အသိပညာပေးထားသည့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး နှိုးဆော်ချက်နှင့် အင်္ဂလိပ်စာအနေနှင့် Phrasal Verb များအကြောင်း ဥပမာများနှင့်တကွ လေ့လာနိုင်မည့် “အခြေခံလိုအပ်သည့် အီဒီယမ်” အင်္ဂလိပ်စာကဏ္ဍ၊ ပြည်ထောင်စုကြီးအတွက် အသက်ကိုပေးကာ နိုင်ငံ့ဂုဏ်ကို ဆောင်သည့် အာဇာနည် ရဲဘော်များကို ဂုဏ်ပြုစပ်ဆိုထားသည့် “ကိုးပွင့် ပန်းခိုင် မမေ့နိုင်” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။