ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ (၅၈)၊ အမှတ် (၄)၌ လူငယ်များအားလုံးထဲမှ ရိုးသားသော မောင်ရူပအကြောင်း သရုပ်ဖော်ထားသည့် “အိုးဗလာ” မျက်နှာဖုံးကာတွန်း၊ မိမိ မကျွမ်းကျင်သော အလုပ်ကို မဆင်မခြင် ပြုလုပ်မိရာက သေဘေးဖြင့် ကြုံတွေ့ရသော ကျီးဖိုအကြောင်း သရုပ်ဖော်ထားသည့် “ကျွမ်းကျင်ရာ” နှစ်မျက်နှာကာတွန်း၊ အကြောင်းအရာတစ်ခုကို ရမ်းသန်းမပြောဘဲ ဂဃနဏ သေသေချာချာ လေ့လာပြီးမှ ပြောသင့်ကြောင်း သရုပ်ဖော်ထားသည့် “ထင်ရာမြင်ရာ” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါးအား ထိခိုက်အောင် မကျီစားသင့်ကြောင်း သရုပ်ဖော်ထားသည့် “ကျီစားတာပါ” နှစ်မျက်နှာကာတွန်း၊ ကျောင်းတွင် စာတော်ပြီး အိမ်တွင် စာမရသည့် ဟန်သီမ၏ ဟာသဖြစ်ဖွယ် ဖြေရှင်းချက်ကို သရုပ်ဖော်ထားသည့် “ဟန်သီမ” တစ်မျက်နှာကာတွန်းနှင့် အိပ်ရာထရန် ပျင်းရိသော ဘယ်ကျော်အကြောင်း သရုပ်ဖော်ထားသည့် “ဘယ်ကျော်” မျက်နှာဝက်ဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် ပြုံးခြင်း၊ ရယ်မောခြင်းသည် ကျန်းမာအသက်ရှည်နုပျိုစေနိုင်သည့် အကြောင်းရင်းများထဲက တစ်ခုဖြစ်ကြောင်း ရေးသားထားပါသည်။ ဝတ္ထုကဏ္ဍတွင် မိမိ၏ ကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်သည့် မုန့်ပဲသရေစာများကို မစားမိရန် သတိပြု ရှောင်ကြဉ်ရ မည်ဖြစ်ကြောင်း ရေးသားထားပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် မှော်သော့တံကို အကျိုးရှိရှိ အသုံးမချခဲ့ခြင်းကြောင့် ၎င်းသော့တံကို အပြီးတိုင် ဆုံးရှုံးလိုက်ရသော ဒန်နီအကြောင်း ဖတ်ရှုရမည် ဖြစ်ပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထား သည့် ရွှေသွေးတို့လက်ရာကဏ္ဍနှင့် အထူးသတိပြုဖွယ် မီးဘေးအန္တရာယ်အကြောင်း ရေးဖွဲ့ထားသည့် ဆရာမင်းရွှေမိုး၏ “မီးသတိပြု” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာ ကဏ္ဍအနေဖြင့် မိမိဝယ်ရန် လိုအပ်သည့် ပစ္စည်းကို တစ်စုံတစ်ယောက်အား စတိုးဆိုင်သွားပြီး ဝယ်ခိုင်းသည်ကို အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူပြောဆိုပုံကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။