ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၄၈)၌ ယုန်ဘိုးဘိုး၏ စကားကို ယုန်အပေါင်းတို့ နားထောင်ကာ စုပေါင်း၍ မြေခွေးယုတ်ကို အောင်နိုင်ခဲ့သည့်အကြောင်းကို သရုပ်ဖော်ထားသည့် “သတိရှိပါ” နှစ်မျက်နှာကာတွန်း၊ ဆရာမ၏ ဆုံးမစကားကြောင့် မြဂျိုးမှာ ကြိုးစားအားထုတ်ခဲ့၍ အောင်မြင်မှုရရှိသွားသည့်အကြောင်း သရုပ်ဖော်ထားသည့် “မြဂျိုးနှင့် ဘက်စုံထူးချွန်ဆု” နှစ်မျက်နှာကာတွန်း၊ စည်းကမ်းရှိသော ဖိုးထူးနှင့် စည်းကမ်းမရှိသော ပါကျဲတို့အကြောင်း သရုပ်ဖော်ထားသည့် “အပိုအလုပ်” တစ်မျက်နှာကာတွန်း၊ ညီမလေးကို လက်ဆောင်ပေးရန် အုန်းပင်ပုံ ရေးဆွဲသည့် ဖြူဖွေးအကြောင်း သရုပ်ဖော်ထားသည့် “ညီမလေးအတွက် လက်ဆောင်” နှစ်မျက်နှာကာတွန်း၊ ညီမလေးကို လက်ဆောင်ပေးရန် အုန်းပင်ပုံ ရေးဆွဲသည့် ဖြူဖွေးအကြောင်း သရုပ်ဖော်ထားသည့် “ညီမလေးအတွက် လက်ဆောင်” နှစ်မျက်နှာ ကာတွန်း၊ ရွာသားများကို အရာရာ စဉ်းစားဆင်ခြင်ကြရန်၊ တွေးတော ကြံဆရန်နှင့် သူများပြောတိုင်း မယုံကြရန် ကျောင်းဆရာဦးအောင်ကြီးက ပြောကြားထားသည်ကို သရုပ်ဖော်ထားသည့် “ကျောင်းဆရာ စုံထောက်ဦးအောင်ကြီး” နှစ်မျက်နှာကာတွန်းနှင့် လေးနှစ်မှ တစ်ကြိမ် ကျင်းပရခွင့်ရသည့် သူ့မွေးနေ့ကို သူငယ်ချင်းများက လက်ဆောင်လေးခု ပေးသင့်သည်ဟု စနောက်ထားသည့်အကြောင်း သရုပ်ဖော် ထားသည့် “မွေးနေ့လက်ဆောင်” မျက်နှာဝက်ကာတွန်း တို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် ဒိန်ချဉ်သည် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိမည့် အကြောင်း ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “ဒိန်ချဉ်နဲ့ ကျန်းမာရေး” သုတဆောင်းပါးကဏ္ဍ၊ ဖခင်နှင့်အတူ အပြေးလေ့ကျင့်ခဲ့သော ထွန်းတောက်မှာ ကျောင်းအပြေးပြိုင်ပွဲတွင် ပထမဆုရရှိသွားသည် ကို ရေးသားထားသည့် “အလေ့အကျင့်” ဝတ္ထုကဏ္ဍ၊ မျက်စိမမြင်သော်လည်း စကားပြောရာတွင် အလွန် လည်သည့် သူတစ်ဦးအကြောင်း ရေးသားထားသည့် “မမြင်သော်လည်း စကားလည်သူ” ပုံပြင်ကဏ္ဍ၊ အင်္ဂလိပ်စာအနေနှင့် အိပ်ခန်းသုံးပစ္စည်းအစုံဝယ်ရန် စျေးဝယ်ထွက်သည့်အကြောင်း အပြန်အလှန် ပြောဆိုပုံကို ရေးသားထားသည့် “ရွှေသွေးစကားဝိုင်း” ကဏ္ဍနှင့် နတ်တော်လတွင် နှင်းများကျပုံ၊ သဇင်ပန်းများ ပွင့်ကြပုံနှင့် စာပေကဏ္ဍအနေဖြင့် တိုင်းပြည်ကို အကျိုးပြုပုံအကြောင်း ရေးဖွဲ့ထားသည့် “စာဆိုသင်းပျံ့ နတ်တော်လ” ကဗျာကဏ္ဍတို့ကို လေ့လာမှတ်သားနိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။