ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ်(၃၄)၌ တစ်ကောင်နှင့် တစ်ကောင် သွေးစည်းညီညွတ်စွာ နေထိုင်လျက်ရှိရာမှ မြေခွေး၏ သွေးခွဲမှုကြောင့် နောက်ဆုံးတွင် ခြင်္သေ့၏ စားသောက်ခြင်းကို ခံခဲ့ရသော ကျွဲလေးကောင်အကြောင်းကို သရုပ်ဖော်ထားသည့် “စည်းလုံးခြင်းသည်” မျက်နှာဖုံးကာတွန်း၊ ရိုးအလွန်းသော ဖိုးလုံးကို မြို့သို့ ခေါ်ခဲ့မိ သော သူငယ်ချင်းဖြစ်သူအကြောင်းကို သရုပ်ဖော်ထားသည့် “ရိုးလွန်းတော့ အ” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်းများနှင့် ကစားသွားချင်သောကြောင့် မိခင်က ဈေးဝယ်ခိုင်းသည်ကို တမင် ပစ္စည်းများ မှားဝယ် လာသည့် လင်းထက်အကြောင်းကို သရုပ်ဖော်ထားသည့် “လင်းထက်- အမှားများ” နှစ်မျက်နှာကာတွန်း၊ ရွှေပဲ၏ ပန်းသီးနှင့် မာလကာသီးတို့ကို ပေါင်းစပ်ကာ ပန်းမာလကာသီးအဖြစ် စမ်းသပ်ရာမှ အသီးများ၏ အချိုရည်များကို ပုရွက်ဆိတ်များသာ လာရောက်စားသောက်နေကြပုံအကြောင်းကို ဟာသဖြစ်ဖွယ် သရုပ်ဖော်ထားသည့် “ရွှေပဲ” နှစ်မျက်နှာကာတွန်း၊ ကျန်းမာရေးကောင်းမွန်ပြီး ဉာဏ်ထက်မြက်စေရန် အချိန်မှန်မှန် အိပ်ရာမှထသင့်ကြောင်း ဟာသဖြစ်ဖွယ် သရုပ်ဖော်ထားသည့် “ဂျာရစ်- မောင်ရွှေသွေး” တစ်မျက်နှာကာတွန်းနှင့် အင်္ဂလိပ်သရ ၅ လုံးကို ပြောပြခိုင်းသော်လည်း ဆရာအသံထွက်သည့် vowel ၅ လုံး ကိုသာ ပြန်ဖြေခဲ့သည့် ချက်ပုအကြောင်းကို သရုပ်ဖော်ထားသည့် “ချက်ပု” မျက်နှာဝက်ကာတွန်းတို့ ပါဝင်ပါသည်။
သုတဆောင်းပါးကဏ္ဍတွင် ရှားစောင်းလက်ပပ်ပင်၏ ကျန်းမာရေးအတွက် ကောင်းကျိုးများ ဖြစ်စေကြောင်းကို ဗဟုသုတရဖွယ် ရေးသားထားသည့် “ရှားစောင်းလက်ပပ်ပင်၏ ကျန်းမာရေး ကောင်းကျိုးများ” သုတဆောင်းပါး၊ စိတ်ကောင်းစေတနာထားတတ်မှုနှင့် သူတစ်ပါး၏ကျေးဇူးကို သိတတ်မှုတို့ကြောင့် အသက်ချမ်းသာရာ ရသွားသော မောင်ထူးအကြောင်းကို ရေးသားထားသည့် “ပင်လယ်ထဲက ငါး” ပုံပြင်နှင့် နေ့လယ်ကျောင်းဆင်းချိန်တွင် ပိုက်ဆံထောင်ကာ ဖိနပ်လျှောတိုက် ပစ်တမ်းကစားနေသော ကျောင်းသားလေးများသည် မိမိတို့ကစားနေသော ကစားနည်းသည် ကျောင်းအုပ်ဆရာကြီး၏ ဆုံးမမှုအရ လောင်းကစားနည်းတစ်ခုဖြစ်နေသည်ကို သိရှိသွားသောအခါ နောင်တရရှိသွားကြပုံအကြောင်းကို ရေးသားထားသည့် “မကစားသင့်သော ကစားခြင်း” ဝတ္ထုတို့ ပါဝင် ပါသည်။ ထို့ပြင် ကလေးတို့ ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို ထည့်သွင်းဖော်ပြထား သည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ပေးထားသော ရုပ်ပုံလေးကို ကလေးတို့စိတ်ကြိုက် အရောင်များဖြင့် ခြယ်သနိုင်မည့် “ဆေးရောင်လှလှ ခြယ်ကြရအောင်”ကဏ္ဍနှင့် ဆေးလိပ်သောက်ခြင်းဖြင့် ရရှိလာမည့် ကျန်းမာရေးဆိုးကျိုးများကို သီကုံးရေးဖွဲ့ထားသည့် “ကျောင်းဂုဏ်ဆောင်တဲ့ တို့ကျောင်းသား” ကဗျာတို့ ပါဝင်ပါသည်။ ရွှေသွေးစကားဝိုင်းအနေဖြင့် ဧည့်ခန်းသုံးပရိဘောဂများ ဝယ်ယူရာ၌ ပစ္စည်းတန်ဖိုးနှင့် ခိုင်ခံ့မှု ရှိ မရှိ၊ အရည်အသွေး ကောင်း မကောင်းကို ပြောဆိုပုံအမျိုးမျိုးနှင့် ရေးသားထားသည်ကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။