၁၂ - ၁၀ - ၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၄၁) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ်(၄၁)၌ သီတင်းကျွတ်ကျောင်းပိတ်ရက်တွင် သူငယ်ချင်းများနှင့်အတူ ဆရာမိဘများကို ကန်တော့ကာ မီးထွန်းပွဲတော်ကို ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲခဲ့ကြသည့် အောင်ဘုတို့ သူငယ်ချင်းများအကြောင်းကို ရေးဖွဲ့ထားသည့် “ပျော်ရွှင်ဆင်နွှဲ သီတင်းကျွတ်မီးထွန်းပွဲ” မျက်နှာဖုံး ကာတွန်း၊ တစ်အိမ်တည်းနေ ကြောင်အချင်းချင်း ရန်မဖြစ်ကြဘဲ သင့်သင့်မြတ်မြတ်နေထိုင်ကြမည်ဟု ကတိပေးထားသော်လည်း အစာကိုမြင်၍ အချင်းချင်း ရန်စောင်မိကြပုံအကြောင်းကို ရေးဖွဲ့ထားသည့် “ကတိသစ္စာ” နှစ်မျက်နှာကာတွန်း၊ စင်ရော်ငှက်နှင့် ဇီးကွက်တို့မှာ ကုန်ပစ္စည်းများ ကုန်သွယ်ကြရာမှ သင်္ဘောမှောက်ကာ ၎င်းတို့၏ နေထိုင်မှုပုံစံများ ပြောင်းလဲသွားရပုံအကြောင်းကို ရေးဖွဲ့ထားသည့် “စင်ရော်ငှက်နှင့် ဇီးကွက်” နှစ်မျက်နှာကာတွန်း၊ သားကောင်ကြီးရှိမည်အထင်နှင့် ကျောက်ဂူအဝကို မီးရှို့ရာမှ ကျောက်ဂူပေါက်ကွဲသွားမှုကြောင့် ကြောက်လန့်တကြားပြေးခဲ့ရသော ဖိုးချွန်းနှင့် ဝိတ်ပေါတို့ နှစ်ယောက်အကြောင်းကို ရေးဖွဲ့ထားသည့် “ဖိုးချွန်း၊ ဝိတ်ပေါနှင့် သူပြေးကိုယ်ပြေး” နှစ်မျက်နှာကာတွန်း၊ သီတင်းကျွတ်လပြည့်နေ့တွင် ဗြောက်ဖောက်ကာ ခြောက်လှန့်မိ၍ မိခင် ဆေးရုံရောက်ရသည်ကို နောင်တ ရသွားသည့် ဟိန်းစည်အကြောင်းကို သတိပြုဖွယ် ရေးဖွဲ့ထားသည့် “ပန်ပန်- သီတင်းကျွတ်ချိန်ခါ” တစ်မျက်နှာကာတွန်းနှင့် ဆရာမမေးသည့် မေးခွန်းများကို သွက်သွက်လက်လက်ဖြင့် ဖြေကြားခဲ့သည့် ဖြတ်ထိုးဉာဏ်ကောင်းသော ဖိုးဂျီအကြောင်းကို ရေးဖွဲ့ထားသည့် “ဖိုးဂျီ” မျက်နှာဝက်ကာတွန်းတို့ ပါဝင် ပါသည်။

သုတကဏ္ဍတွင် လူသားများနှင့် အကျွမ်းတဝင်နေထိုင်တတ်သော ခွေးများမှတစ်ဆင့် လူတို့ထံ ကူးစက်တတ်သော ခွေးရူးရောဂါအကြောင်းကို ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “ခွေးရူးရောဂါ အန္တရာယ် ကာကွယ်ကြပါစို့” သုတဆောင်းပါးကို ထည့်သွင်းဖော်ပြထားပါသည်။ မိမိ၏ ဆွေမျိုးများ ဒုက္ခရောက်နေသည်ကို ဖြတ်ထိုးဉာဏ်သုံးကာ ကယ်ဆယ်ပေးခဲ့သည့် မျောက်အကြောင်းကို ရေးဖွဲ့ထား သည့် “မိမိအမျိုးကို ချစ်သူ” ပုံပြင်နှင့် လူကြီးမိဘများ ပြောကြားသောစကားနှင့် မိမိကြားသိရသော အကြောင်းအရာများကို စိတ်ပါလက်ပါနာယူမှတ်သားဆောင်ရွက်သဖြင့် ဆုအကြိမ်ကြိမ်ရရှိခဲ့သော ပြည့်စုံသာအကြောင်းကို ရေးဖွဲ့ထားသည့် “နာယူမှတ်သား ဘယ်ခါမမှား” ဝတ္ထုတို့ ပါဝင်ပါသည်။ ထို့ပြင် ကလေးတို့ပေးပို့သော ပန်းချီလက်ရာများကို ထည့်သွင်းဖော်ပြထားသည့်  “ရွှေသွေးတို့ လက်ရာ” ကဏ္ဍ၊ ပေးထားသော ရုပ်ပုံလေးကို ကလေးတို့ စိတ်ကြိုက် အရောင်များဖြင့် ခြယ်သနိုင်မည့် “ဆေးရောင်လှလှ ခြယ်ကြရအောင်” ကဏ္ဍနှင့် သီတင်းကျွတ်လပြည့်တွင် ကျင်းပလေ့ရှိသော မီးထွန်းပွဲတော်အကြောင်းကို စပ်ဆိုထားသည့် “မီးထွန်းပွဲတော် တို့ နွှဲပျော်” ကဗျာတို့ ပါဝင်ပါသည်။

အင်္ဂလိပ်စာ သင်ခန်းစာကဏ္ဍအနေဖြင့် အင်္ဂလိပ်စကားအသုံးအနှုန်းတွင် ထူးခြား အဓိပ္ပာယ်၊ သီးခြားအဓိပ္ပာယ်ထွက်သည့် စကားလုံးအချို့အကြောင်းကို ရေးဖွဲ့ထားသည့် “Useful Everyday Idioms” အင်္ဂလိပ်စာအသုံးအနှုန်းများကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ