၃-၉-၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၃၆)ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ (၅၄)၊ အမှတ် (၃၆)၌ မည်သူ့အပေါ်တွင်မဆို မေတ္တာ၊ စေတနာထားတတ်ပါက သူတစ်ပါးအတွက်သာမက မိမိတွင်လည်း ကောင်းကျိုးရလဒ်များ ရရှိပုံအကြောင်း တင်ဆက်ထားသည့် “နာမည်တူ စုံတွဲ” မျက်နှာဖုံးကာတွန်း၊ ပန်းသီးအလုံးအကြီးကို မရလိုက်သော အာနိုးအကြောင်း ရေးဖွဲ့ထားသည့်  “ဖြိုးရဲ- လောဘ” နှစ်မျက်နှာကာတွန်း၊ မြန်မာတို့၏ ဆယ့်နှစ်လရာသီတွင် ရာသီအလိုက် ပွင့်သောပန်းများ အကြောင်း ရေးဖွဲ့ထားသည့် “ဆုရတီအောင်- ရာသီပန်း” နှစ်မျက်နှာကာတွန်း၊  ကျားပုံများကို အိမ်တွင် ချိတ်ဆွဲမထားသင့်ပုံအကြောင်းနှင့်ပတ်သက်၍ ရှေးက အယူရှိပုံကို တင်ဆက်ထားသည့် “ပေါ်ဆန်း” နှစ်မျက်နှာကာတွန်း၊ တစ်ရာတွင် ငါးပြားစေ့ ဘယ်နှစေ့ရှိသည်ကို မသိသော ကီးကီးအကြောင်း ရေးဖွဲ့ထား သည့် “ကီးကီးနှင့် ဂျိုးဂျိုးလေး” တစ်မျက်နှာ ကာတွန်း၊ ရွှေများကို ညွတ်နေအောင် ဝတ်ဆင်ထားသည် ဆိုသော ဒေါ်ပန်းအကြောင်း ဟာသ ဖြစ်ဖွယ် တင်ဆက်ထားသည့် “ရန်ပိုင်စိုး” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။ 

သုတကဏ္ဍတွင် ဆေးရောင်ခြယ်ပန်းချီကို ရေးဆွဲရခြင်းအကြောင်းနှင့် ၎င်း၏အရေးပါအရာ ရောက်ပုံအကြောင်းကို တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် ကျေးဇူးရှင်အပေါ် ကျေးဇူး မသိတတ်ရုံမက ကျေးဇူးကမ်းသော အပြုအမူကို ပြုမူလိုက်သည့် လောဘကြီးသော  ငါးဖမ်းသမား အဘိုးအိုအကြောင်းကို  ဖတ်ရှုရမည်ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍတွင် ဘောလုံးကစားနည်းသည် တစ်ဦးတစ်ယောက်ကောင်း ကစား၍ မရဘဲ တစ်သင်းလုံးက အားကစားစိတ်ဓာတ်အပြည့်ဖြင့် အချိတ်အဆက်မိမိ ကစားရပုံအကြောင်းနှင့် တစ်ကိုယ်ကောင်းစိတ်ဖြင့် ကစားမိရာက ရှုံးပွဲဖြင့် ရင်ဆိုင်ရသော ကျောင်းသားတစ်ယောက်အကြောင်းကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက် ထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ကလေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်မည့် ဉာဏ်စမ်းကဏ္ဍနှင့် မြန်မာတို့၏ တော်သလင်းလအချိန်တွင် မြန်မာ့ရိုးရာ လှေပြိုင်ပွဲကို စည်းလုံးညီညွတ်စွာဖြင့် ကျင်းပကြပုံ အကြောင်း ရေးဖွဲ့ထားသည့် ဆရာသူရအောင်(ရွှေပြည်အောင်) ၏ “ယင်းမာကြိုင်သင်း တော်သလင်း” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အင်္ဂလိပ်စာ အရေးအသား တွင် နာမဝိသေသန (Adjective) အသုံးနှင့် ကြိယာဝိသေသန (Adverb) တို့၏ အသုံးအနှုန်း အကြောင်း လေ့ကျင့်ခန်းအသစ်ကို လေ့လာမှတ်သားနိုင်မည်ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ