ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့်အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ်(၃၅)၌ မိမိ၏ ဘဝကို မကျေနပ်ဘဲ ငှက်တို့၏ဘဝကို အားကျကာ တုပမိ၍ ဒုက္ခရောက်ရသော ဝက်ဝံလေးအကြောင်းကို တင်ဆက်ထားသည့် “အတုနဲ့ အစစ်” မျက်နှာဖုံးဇာတ်လမ်း၊ ပညာဉာဏ် ဗဟုသုတနှင့် ပြည့်စုံပါက နွားကျောင်းသားပင်ဖြစ်သော်လည်း မင်းသမီးလေး၏ ကြင်ရာဖက်အဖြစ် ရွေးချယ်ခံရပုံကို တင်ဆက်ထားသည့် “နွားကျောင်းသားနဲ့ ရွှေမင်းသမီးလေး” နှစ်မျက်နှာကာတွန်း၊ ကျောင်းသူကျောင်းသားများအနေဖြင့် ကျောင်းနေစဉ်ကာလတွင် မိမိတို့၏ ရည်မှန်းချက် အောင်မြင်စေရန် စာကြိုးစားသင့်ပုံအကြောင်းကို တင်ဆက်ထားသည့် "အသိတစ်ခု ရရှိခြင်း" နှစ်မျက်နှာကာတွန်း၊ ဖြတ်ထိုးဉာဏ်ကောင်း၍ အသက်ဘေးမှလွတ်မြောက်သွားခဲ့သော ယုန်လေးအကြောင်းကို တင်ဆက်ထား သည့် ပြေးနိုင်လွှားနိုင်မှ” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်းအချင်းချင်း မြှောက်ပင့်ပြောဆိုကာ မုန့်ကပ်စား တတ်သော ဖိုးတစ်တိုအကြောင်းကို တင်ဆက်ထားသည့် “ဖိုးတစ်တို” တစ်မျက်နှာကာတွန်းနှင့် ကလေး တစ်ယောက်၏ ဘောလုံးမြောင်းထဲကျသွားသည်ကို ကူညီဆယ်ယူပေးခြင်းဖြင့် ရွှံ့များပေကျံလာသည့် ရန်ပိုင်စိုးအကြောင်းကို တင်ဆက်ထားသည့် ကာတွန်းစောဟန်၏ “ရန်ပိုင်စိုး” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတဆောင်းပါးကဏ္ဍတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်စေနိုင် ရေးကို တစ်ကမ္ဘာလုံး သတိထားမိစေရန် စတင်ခဲ့သည့် စာရေးဆရာမရေချယ်ကာဆန်အကြောင်းကို ဗဟုသုတရဖွယ်တင်ဆက်ထားသည့် “သဘာဝပတ်ဝန်းကျင်ချစ်ခင်သူ ရေချယ်ကာဆန်” သုတဆောင်းပါး ကို တင်ဆက်ထားပါသည်။ မိဘများအနေဖြင့် သားသမီးများကို နွေးနွေးထွေးထွေးဆက်ဆံကာ ပျော်ရွှင် ချမ်းမြေ့စွာ နေထိုင်သင့်ပုံကို တင်ဆက်ထားသည့် “မှတ်တမ်းတစ်ခု” ဝတ္ထုနှင့် မိမိ၏ပျော်ရွှင်မှုကို ရယူလို၍ လူအများကို လှည့်ဖျားပြောဆိုမှုကြောင့် မိမိအမှန်တကယ်အကူအညီ လိုသောအခါ၌ အကူအညီမရဘဲ ဒုက္ခနှင့်ကြုံတွေ့ရပုံအကြောင်းကို ရေးဖွဲ့ထားသည့် “မိုက်မဲတဲ့ သိုးကျောင်းသားလေးမောင်ညို” ပုံပြင်တို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ပေးပို့သော ကာတွန်းလက်ရာများကို ဖော်ပြပေးထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ကလေးတို့အနေဖြင့် ရုပ်ပုံနှင့်တကွ ကွက်လပ်ပေးထားသောရုပ်ပုံလေးများ၏ အမည်များကို ပြည့်စုံအောင်ဖြည့်ကာ ဇယား၌ ဖော်ပြထားသောစာလုံးများတွင်လည်း ၎င်းအမည်များကို ရွေးချယ်အမှတ်အသားပြုပေးနိုင်မည့် အင်္ဂလိပ်စာဉာဏ်စမ်းနှင့် မိမိတို့အရွယ်အလိုက် ကိုယ်စီစာလေ့လာ နေသော မောင်နှမသုံးဦးအကြောင်းကို အတုယူဖွယ် ရေးဖွဲ့စပ်ဆိုထားသည့် “ပညာရေး မိသားစု” ကဗျာ တို့ကို တင်ဆက်ထားပါသည်။
အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍအနေဖြင့် Conjections များ၏ အသုံးအနှုန်းနှင့် ဝါကျများတွင် ထည့်သွင်းအသုံးပြုပုံအကြောင်းကို လေ့ကျင့်ခန်းများနှင့်တကွ တင်ဆက်ထားသည့် “ရွှေသွေးအင်္ဂလိပ် သဒ္ဒါ” ကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။