၁၁-၁၂-၂၀၂၁ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၃)၊ အမှတ် (၅၀)ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၃)၊ အမှတ် (၅၀)၌ ပျားရည်များသည် လူသားတို့အတွက် တန်ဖိုးရှိကြောင်း ရေးဖွဲ့ထားသည့် “ပန်းပွင့်နှင့်ပျား” မျက်နှာဖုံးကာတွန်း၊ သူငယ်ချင်း၏ ဆုတောင်းတစ်ခုကြောင့် အပြေးပြိုင်ပွဲတွင် အနိုင်ရရှိသွားသော မောင်သင်းအကြောင်းကို ဟာသဖြစ်ဖွယ် သရုပ်ဖော်ထားသည့် “ဆုတောင်းမေ” နှစ်မျက်နှာကာတွန်း၊  ဖိုးဇော်၏ စိတ်ကူးကောင်းသော်လည်း လက်တွေ့တွင် အမှန် တကယ်ဖြစ်မလာပုံ အကြောင်းတင်ဆက်ထားသည့် “စိတ်ကူးယဉ်” နှစ်မျက်နှာကာတွန်း၊ လုပ်ဆောင်မှုတိုင်းတွင် အလွဲများနှင့်သာ ကြုံတွေ့နေရသော တာတေအကြောင်း သရုပ်ဖော်ထားသည့် “တာတေနှင့် အလွဲများစွာ” နှစ်မျက်နှာကာတွန်း၊ ကဗျာကို ကဗျာကဲ့သို့ ခံစားပြီး ဖတ်မှ နားလည်မည်ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် “မြသွန်းဖြိုး” တစ်မျက်နှာကာတွန်းနှင့် အလှူအိမ်လိုက်ရှာနေသည်ဆိုသော ရန်ပိုင်စိုး၏ဦးလေးအကြောင်း ‌ရေးဖွဲ့ထားသည့် “ရန်ပိုင်စိုး” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။ 

သုတဆောင်းပါးကဏ္ဍတွင် ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်စေသော ပန်းပွင့်လေးများ အကြောင်းကို တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍတွင် သူတစ်ပါးမကောင်းကြောင်း အတင်းအဖျင်းပြော လိုက်ဖွတတ်သည့် ဒေါ်ဘုမအကြောင်းကို ဖတ်ရှုရမည်ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် ဆရာနေရောင်၏တပည့်များနှင့်အတူ မန်ကျည်းသီးထောင်းနှင့် အရည်သောက်ဟင်းထမင်းဝိုင်း ပြင်ဆင်ရင်း တပည့်တို့အတွက် မှတ်သားလိုက်နာဖွယ်ရာ ဆုံးမစကားများ ပြောဆိုပုံအကြောင်းကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် တစ်ယောက်က သူဝလာကြောင်း၊ ပေါင်ချိန်တိုးလာပြီး ကိုယ်အလေးချိန် ဘယ်လောက်ရှိကြောင်းပြောဆိုပြီး အခြားတစ်ယောက်က ဘာအစားသောက်စားရင် ကိုယ်အလေးချိန်တိုးပြီး ဘာအစားသောက်စားရင် ကိုယ်အလေးချိန်လျော့ ကြောင်းနှင့် မိတ်ဆွေနှစ်ဦး စကားပြောကြရာတွင် တစ်ယောက်က ကားပျက်နေကြောင်းသိရပြီး သူ့ အလုပ်ကို ကားနှင့်အကြိုအပို့လုပ်ပေးမည်ဖြစ်ကြောင်း အခြားတစ်ယောက်က ပြောဆိုထားသည့်  အပြန်အလှန်ပြောဆိုပုံ သင်ခန်းစာသစ်အချို့ကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ