စာပေဗိမာန်နှင့် Myanmar Technology Gateway Co., Ltd တို့ သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း

သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံး၊ အစည်းအဝေးခန်းမတွင် ၁၃-၁၁-၂၀၂၄ ရက် (ဗုဒ္ဓဟူးနေ့)၊ နံနက် ၁ဝး၀၀နာရီ အချိန်၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင်  စာတည်းမှူးချုပ် ဦးတိုးကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး Myanmar Technology Gateway Co., Ltd မှ ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်သန့်သီရိလှိုင် က Myanmar Technology Gateway Co., Ltd ၏ လုပ်ဆောင်နေမှုများနှင့် AMUZE Webcomic Application အကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနသည် ကလေးသူငယ်များ   စာပေဖတ်ရှုခြင်းမှ အသိဉာဏ်ပညာ ရှင်သန်စေရန်၊ အနာဂတ်သားကောင်းရတနာများ ဖြစ်ပေါ်လာစေရန်နှင့် ယဉ်ကျေးလိမ္မာသော ကလေးသူငယ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို ၁၉၆၉ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်မှ စတင်ပုံနှိပ်ထုတ်ဝေခဲ့ရာ ယခုအချိန်အထိ အပတ်စဉ် စနေနေ့တိုင်း ဖြန့်ချိ ထုတ်ဝေလျက် ရှိပါသည်။

ယနေ့မျက်မှောက်ခေတ်ကာလတွင် ကမ္ဘာကြီးသည် နည်းပညာအရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိ ရာ ကလေးလူငယ် လူငယ်လူရွယ်များကို Mobile Smart Phone များနှင့် Apple App Store ၊ Google Play Store တို့တွင် သင့်လျော်သော အခကြေးငွေဖြင့် ရွှေသွေးဂျာနယ်ကို အလွယ်တကူ ဝင်ရောက်ဖတ်ရှု နိုင်စေရန်  AMUZE Webcomic Application တွင် လွှင့်တင်နိုင်ရေးအတွက် စာပေဗိမာန်သည် Myanmar Technology Gateway ကုမ္ပဏီနှင့် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

၎င်းသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲတွင် စာပေဗိမာန်မှ စာတည်းမှူးချုပ် ဦးတိုးကျော်နှင့် Myanmar Technology Gateway Co., Ltd မှ ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်သန့်သီရိလှိုင်တို့က လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရပါသည်။

2-287

 

အကြံပြုစာ/တိုင်ကြားစာ