ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ စာပဒေသာ ပထမဆုရရှိသည့် စာရေးဆရာ အန်ကယ်ပညာ၏ “မေမေ့ဆံပင်နှင့် ဘဝလက် တစ်ကမ်းမှ စာတမ်းငယ်များ”စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်သည် မရိုးနိုင်သော မိခင်အကြောင်း သရုပ်ဖော်ပုံရိပ်လွှာကို အခြေပြုလျက် ခေါင်းစီးတင်ကာ အခြားစာတမ်းငယ်များ စုစည်းထားသည့်လက်ရာများ ဖြစ်သည်။ မိခင်သည် ယောဒေသ လောင်းရှည်မှဖြစ်ကြောင်း၊ လောင်းရှည်ကို မြို့ဟု တွင်ကျယ်စွာ သုံးနှုန်းကြကြောင်း၊ တကယ်တမ်းအားဖြင့် ဆောမြို့နယ်မှ ဖြစ်ကြောင်း၊ ပုဂံခေတ်က စတင်ပေါ်ပေါက်သည့် သမိုင်းဝင်မြို့ဖြစ်ပြီး သီပေါမင်း ဆယ်တော်မြို့စားအဖြစ် ချီးမြှင့်ခြင်းခံရသည့်ဒေသဖြစ်ကြောင်း အစပျိုး ထားသည်။ လောင်းရှည်မြို့သူ မိခင်နှင့် တာဝန်ထမ်းဆောင်ရင်း ရောက်လာသည့် ဖခင်တို့ နဖူးစာ ဆုံခဲ့ပုံ၊ ရုပ်ရည်ချောမောသောမိခင်ကို ပိုင်ဆိုင်ခွင့်ရသောဖခင် ကျေနပ်ဟန်ကို ဖော်ပြသည့် မိခင်၏ ထူးခြားချက်မှာ နက်မှောင်ရှည်လျားသည့်ဆံပင်ကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ ထိုဆံပင်ကို တန်ဖိုး ထားကာ နေ့စဉ်ဖြီးသင်ပြီး သပ်ရပ်စွာထားရှိကြောင်း၊ ခင်ပွန်းဖြစ်သူက မြတ်နိုးသကဲ့သို့ မိသားစု ကလည်း နှစ်သက်ဂုဏ်ယူကြောင်း၊ သို့သော် အသက်အရွယ်နှင့် ကျန်းမာရေးအရ ဆံပင်အရှည်မှ အတိုဖြတ်လိုက်ရသည့်အခါ အားလုံးက အပြစ်မမြင်ဘဲ အကောင်းမြင် ပြောဆိုကြောင်း၊ ကွယ်လွန်သွားသည့် ဖခင်ရှိလျှင်ပင် ကျေနပ်မည်ဖြစ်ကြောင်း အတွေးအဆများဖြင့် တင်ပြထားသည်။ ထို့ပြင် စာရေးသူ ကျင်လည်ရသည့် ဘဝအထွေထွေ လူမှုဝန်းကျင်တွင် ဖြတ်သန်းခဲ့ရသော ဘဝပြဿနာ ဆောင်သင့် ရှောင်သင့်သည်များကို ကဏ္ဍ ၂၂ ခုဖြင့် ဖော်ပြထားသည်။ အဆုံးသတ်တွင် ဇာတိမာန် ထက်သန်ရေးအကြောင်းပြု သူရဲကောင်း သမိန်ဗရမ်း အကြောင်းဖြင့် အဆုံးသတ်ထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
အဆိုပါ စာအုပ်ကို ရောင်းဈေး ၄၀၀၀ ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။