စာရေးသူ တင်လင်းဇော်ရေးသားသည့် ‘အညတရကျွန်တော်’ စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ လူငယ်စာပေ ဒုတိယဆုရရှိသည့် စာရေးသူ တင်လင်းဇော်၏ ‘အညတရကျွန်တော်’ စာအုပ် ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ယင်းစာအုပ်တွင် မဖွံ့ဖြိုးသေးသော ရွာသိမ်ရွာငယ်လေးမှ လူငယ်လေးတစ်ဦး၏ ပညာရေး အတွက် အပတ်တကုတ် ကြိုးစားရုန်းကန် အားထုတ်ခဲ့ရသောဘဝကို စာဖတ်သူရင်ထဲ ကွင်းကွင်း ကွက်ကွက် ပုံပေါ်အောင် ရေးသားထားသည်။ အမြင်မကျယ်သော သမားရိုးကျ ရွာဘုန်းကြီး ကျောင်း၌ စာသင်ကြားခဲ့ရသော ဘုန်းကြီးကျောင်းသားဘဝ၊ အခက်အခဲများနှင့် အတန်း ကျောင်းသားဘဝ၊ ရွာငယ်လေးမှတစ်ဆင့် သစ်ရာကောက်ရွာကြီးသို့ ပြောင်းရွှေ့ကာ ကိုယ့်ထမင်း ကိုယ် ချက်စားရင်း ဖြစ်သလိုနေထိုင်ခဲ့ရသည့် အလယ်တန်းကျောင်းသားဘဝ၊ တောင်  တွင်းကြီး ကျောင်းတွင် အထက်တန်းပညာ သင်ကြားရန် ကပ်ရပ်နေထိုင်ခဲ့သော ဘဝတို့ကို ရသမြောက်အောင် ရေးသားထားသည်။ ဤခေတ်လူငယ်များအနေနှင့် ထိုခေတ်က ပညာဆည်းပူးလိုစိတ် အရင်းခံနှင့် စိတ်အားထက်သန်စွာ ကြိုးစားခဲ့ပုံကို အသိပညာတိုးပွား ကိုယ်ချင်းစာတရား ထွန်းကားကာ နားလည်စာနာစိတ်ပေါ်ထွန်း၍ လူငယ်များ အကျိုးထွန်းစေသော စာအုပ်ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို ရောင်းဈေး (၃၀၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ