၆ - ၅ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၁၈) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ မေလ ၆ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၅)၊ အမှတ်(၁၈)၌ သူတစ်ပါးအပေါ် စိတ်ကောင်းထားရှိ၍ ကောင်းကျိုးများကို ခံစားခဲ့ရသော ညီထွေး အကြောင်းကို တင်ဆက်ထားသည့် “အဖေပြောသော ရတနာ” မျက်နှာဖုံးကာတွန်း၊ ဈေးရောင်းရာ၌ မိမိ၏အကျိုးအမြတ်ကိုသာ မကြည့်ဘဲ ဝယ်ယူစားသောက်သူများအတွက် ကျန်းမာရေးနှင့်အညီ ရောင်းချ သင့်ကြောင်း ရေးဖွဲ့ထားသည့် “ဖြိုးရဲ- အမြတ်” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါး၏ အသားကို စားလို၍ ဒုက္ခရောက်ရသော မြေခွေးနှင့် ဉာဏ်ပညာကြီးမား၍ အသက်ဘေးမှ လွတ်မြောက်ခဲ့သော ယုန်လေး အကြောင်းကို ရေးဖွဲ့ထားသည့် “အိမ်စောင့်နတ်” နှစ်မျက်နှာကာတွန်း၊ ဘေးအန္တရာယ်ကို သတိမမူဘဲ ကစားမက်လွန်း၍ မိခင်၏အပြစ်ပေးခြင်းကို ခံရသော ချက်စူအကြောင်းကို ရေးဖွဲ့ထားသည့် “ချက်စူရဲ့ အပြင်ထွက်ချင်လွန်းတော့” နှစ်မျက်နှာကာတွန်း၊ ခွေးကို အမဲရိုးကောက်ခိုင်းရာ ကားပြင်သောခွကို ကောက်ခဲ့၍ ဒုက္ခရောက်ရသော ဖိုးထူးအကြောင်းကို ရေးဖွဲ့ထားသည့် “ဖိုးထူး- အသင်မှားတော့ အမြင်မှား” တစ်မျက်နှာကာတွန်း၊ သူငယ်ချင်းဖြစ်သူကို မြှောက်ပင့်ပြောဆိုကာ မိမိတွက်ရမည့် သင်္ချာပုစ္ဆာကို တွက်ခိုင်းသော ကောင်းကောင်းအကြောင်းကို ရေးဖွဲ့ထားသည့် “ကောင်းကောင်း- အတော်ဆုံး” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

ကလေးများအနေဖြင့် လျှပ်စစ်ဓာတ်တီထွင်ခြင်းအဆင့်ဆင့်ကို ဗဟုသုတရဖွယ် ရေးဖွဲ့ ထားသည့် “လျှပ်စစ်ဓာတ်ကို တီထွင်ခြင်း” သုတဆောင်းပါးကို တင်ဆက်ထားပါသည်။ ပညာကို စာသင်ကျောင်းမှာသာမက အခြားရရှိနိုင်သော ပြင်ပနေရာများတွင်ပါ ကြိုးစားသင်ယူပါက မိမိအတွက် အကျိုးများနိုင်ပုံအကြောင်းကို အတုယူဖွယ် တင်ဆက်ထားသည့် “ပညာဆိုသည်မှာ” ဝတ္ထုနှင့် မိဘ ကျေးဇူးသိတတ်သည့် ယုန်လေးနှင့် သူတစ်ပါး၏ အသက်ကို အန္တရာယ်ပေးမိ၍ သူကိုယ်တိုင် အသက်ဆုံးရှုံးသွားသော မြေခွေးအကြောင်းကို ဗဟုသုတရဖွယ် တင်ဆက်ထားသည့် “မိဘကျေးဇူး သိတတ်တဲ့ ယုန်လေး” ပုံပြင်တို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ ပေးပို့သော ကာတွန်း လက်ရာများကို ဖော်ပြပေးထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ပေးထားသော ရုပ်ပုံကို ကလေးတို့ စိတ်ကြိုက် အရောင်များဖြင့် ခြယ်သနိုင်မည့် “ဆေးရောင်လှလှ ခြယ်ကြရအောင်” ဉာဏ်စမ်းနှင့် လူသားတို့အတွက် ကောင်းကျိုးတစ်စုံတစ်ရာမပေးသော မူးယစ်ဆေးကို ရှောင်ရှားသင့်ကြောင်း ဖော်ကျူး ရေးဖွဲ့ထားသည့် “မူးယစ်ဆေးဝါး ရှောင်ရှားမယ်” ကဗျာတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာ သင်ခန်းစာကဏ္ဍအနေဖြင့် ကျောင်းသားတစ်ယောက်က မိမိ၏ပါမောက္ခအား ခွင့်တိုင်ကြားခြင်း ပြောဆိုပုံ အမျိုးမျိုးကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ