ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် နှင့်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၈ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၅)၊ အမှတ်(၁၁) ၌ ငှက်အစာကျွေးသည့်အိမ်ကို ကိုယ်တိုင်တီထွင်ပြီး ငှက်လေးများကို အစာကျွေးသည့် ဖွေးဥနှင့် ချစ်သွေးတို့ မောင်နှမနှစ်ယောက်အကြောင်းကို တင်ဆက်ထားသည့် “ငှက်ကလေးတွေ အစာကျွေးမယ်” မျက်နှာဖုံးကာတွန်း ဇာတ်လမ်း၊ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်၍ ပြန်လာကာ မိဘ၏လယ်ယာမြေများကို ဦးစီးလုပ်ကိုင်ပြီး မိဘကျေးဇူးကိုဆပ်သည့် ကိုကြီးဖြိုးအကြောင်း တင်ဆက်ထားသည့် “ဆုရတီအောင်-ကျေးဇူးတရား” နှစ်မျက်နှာကာတွန်း၊ သင်္ချာတော်သော ရွှေဖဲကို သင်္ချာဉာဏ်စမ်းမေးခွန်း မေးသည့်အခါ သူ၏တွေးတောမှု ဆင်ခြင်ဉာဏ်ဖြင့် ဖြေသွားပုံအကြောင်းကို တင်ဆက်ထားသည့် “ရွှေဖဲ” တစ်မျက်နှာကာတွန်း၊ ယင်နာစားများ စားမိလျှင် ရောဂါရရှိမှာဖြစ်ပြီး သန့်ရှင်းမှုဖြင့် နေထိုင်စားသောက်လျှင် ရောဂါကင်းရှင်းမည့်အကြောင်း တင်ဆက်ထားသည့် “ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး” နှစ်မျက်နှာကာတွန်း၊ လူမှန်လျှင် အကျိုးရှိမည့် အလုပ်ကို အမြဲလုပ်နေရမည်ဟူသော ဗဟုသုတအသိကို စာဖတ်ခြင်းမှ ရရှိသည့်အကြောင်း တင်ဆက်ထားသည့် “ရန်ပိုင်စိုး” နှစ်မျက်နှာကာတွန်း၊ သူ၏ စက်ဘီးကို မိုးပေါ်ပျံနိုင်ရန် အတောင်နှင့် စက်တပ်ပေးရမည်ဟု သူငယ်ချင်းကို ဟာသဖြစ်ဖွယ် ပြောကြားထားသည့်အကြောင်း တင်ဆက်ထားသည့် “ဖိုးတစ်တို” မျက်နှာဝက်ကာတွန်း တို့ကို တင်ဆက်ထားပါသည်။
တပေါင်းလ၏ ရာသီဥတုအခြေအနေ သာယာလှပပုံ၊ သဲပုံစေတီတည်ကြပုံ၊ အလှူဒါနများ ပြုလုပ်ပုံနှင့် ရွှေတိဂုံဘုရားပွဲတော် ကျင်းပပုံအကြောင်း ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “တပေါင်းလနှင့် မြန်မာနိုင်ငံ” သုတကဏ္ဍ၊ ဦးလေးဖြစ်သူမှာ သူ၏ ကျောင်းနေဖက်သူငယ်ချင်း ဆေးလိပ်စခိုးသောက်စဉ်က ဆရာနှင့် မိဘများကို တိုင်မပြောခဲ့မိသည့်အတွက် ဆေးလိပ်မှ မူးယစ်ဆေးသုံးစွဲသည့် အဆင့်သို့ ရောက်ရှိသွားသည့်အကြောင်းကို တူလေးဖြစ်သူအား ပြောပြထားသည့် “မူးယစ်အစ ဆေးလိပ်က” ၀တ္ထုကဏ္ဍ၊ ဘာအလုပ်မှ မလုပ်တတ်သော်လည်း ပေးလာသည့် အခွင့်အရေးကို လက်လွတ်မခံဘဲ အလုပ်ကို ဝီရိယရှိရှိ၊ ကြိုးကြိုးစားစား လုပ်ကိုင်သောကြောင့် ချီးမွမ်းခံရသည့် မျောက်လေးအကြောင်း ရေးသားထားသည့် “ဇွဲ၊ လုံ့လ၊ ဝီရိယရှိသော မျောက်ကလေး” ပုံပြင်ကဏ္ဍ၊ ကိုဗစ် ၁၉ ရောဂါကို ကာကွယ်ရန် အပြင်ထွက်လျှင် နှာခေါင်းစည်းတပ်ရန်၊ လက်ဆေးရန်နှင့် စည်းကမ်းများကို သတိပြု လိုက်နာစေချင်သည့်အကြောင်း ရေးဖွဲ့ထားသည့် “ကိုဗစ်(၁၉) ရောဂါ” ကဗျာကဏ္ဍတို့ကို တင်ဆက် ထားပါသည်။
Relative pronoun များသုံးပြီး ဆက်သွယ်ပုံများကို ဥပမာများပေး၍ ရှင်းလင်းထားကာ လေ့ကျင့်ခန်းများ လေ့ကျင့်နိုင်မည့် “ရွှေသွေးအင်္ဂလိပ်သဒ္ဒါ” အင်္ဂလိပ်စာကဏ္ဍနှင့် ဉာဏ်စမ်းကဏ္ဍတို့ကို တင်ဆက်ထား ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု ၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။