“စောမုံညင်း” ရေးသားသည့် “မြန်မာအမျိုးသမီး ဆင်ယင်ထုံးဖွဲ့မှု” စာအုပ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“စောမုံညင်း” ရေးသားသည့် “မြန်မာအမျိုးသမီး ဆင်ယင်ထုံးဖွဲ့မှု” စာအုပ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။

အဆိုပါစာအုပ်သည် ၁၉၈၉ ခုနှစ်တွင် မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ အမျိုးသားစာပေဆုရ စာအုပ်ဖြစ်ပြီး စာပေဗိမာန်က ဒုတိယအကြိမ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“မြန်မာအမျိုးသမီး ဆင်ယင်ထုံးဖွဲ့မှု” စာအုပ်တွင် မြန်မာနိုင်ငံသည် ရှေးဟောင်းယဉ်ကျေးမှု အခြေခိုင်ခံ့ ခဲ့သော တိုင်းပြည်တစ်ပြည်ပင် ဖြစ်သည်။ ထိုရှေးဟောင်းရိုးရာယဉ်ကျေးမှုများအနက် အမျိုးသမီးများ၏ ဆင်ယင်ထုံးဖွဲ့မှုသည်လည်း အရေးကြီးသောကဏ္ဍမှ ပါဝင်လျက်ရှိခဲ့ပေသည်။ တိမ်မြုပ်လုနီးပါးဖြစ်နေ သော ယဉ်ကျေးမှု အထောက်အထားများနှင့် မြန်မာ့ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားခဲ့ပုံများကို ရှာဖွေ ဖော်ထုတ်ရုံသာမကဘဲ မြန်မာအမျိုးသမီးများသည် စာတစ်စောင် ပေတစ်‌စောင်ဖွဲ့အပ်သောသူများဖြစ်ပုံ၊ အခြားနိုင်ငံသူ အမျိုးသမီးများထက် ထူးခြားသော အခွင့်အရေးရရှိပုံ၊ မည်သည့်ကိစ္စ၌မဆို ရှေ့ဆောင် ရှေ့ရွက်ပြုလုပ်သူများဖြစ်ပုံကို နိုင်ငံခြားသားမှတ်တမ်းများက ဖော်ပြထားသည်များပါမကျန် တကောင်း ခေတ်မှစ၍ ပျူ၊ ပုဂံ၊ အင်းဝ၊ တောင်ငူ၊ ကုန်းဘောင်၊ အမရပူရ၊ ရတနာပုံခေတ်အသီးသီး၏ ဝတ်စား ဆင်ယင်မှုများကို ခေတ်လူငယ် အမျိုးသမီးများ စိတ်ပါဝင်စားစေရန်နှင့် ဂုဏ်ယူသဘောပေါက်လာစေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ဆရာမကြီး စောမုံညင်းက ရေးသားပြုစုထားပါသည်။ 

နိုင်ငံတစ်နိုင်ငံ၏ နှလုံးသည်းပွတ်မှာ ယဉ်ကျေးမှုပင်ဖြစ်သည်။ ထိုနှလုံးသည်းပွတ်နှင့်တူသော ယဉ်ကျေးမှု အမွေအနှစ်များကို ဆရာမကြီးက မှတ်တမ်းများ ကျန်ရစ်ရလေအောင် ပြည့်ပြည့်စုံစုံ ကြိုးပမ်းအားထုတ် ရေးသားထားသောကြောင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ရမည့် နိုင်ငံသားတိုင်းအတွက် “မြန်မာအမျိုးသမီး ဆင်ယင်ထုံးဖွဲ့မှု” စာအုပ်သည် လက်မလွတ် တမ်း ဖတ်ရှုသင့်သည့် အိမ်တွင်ဆောင်ထားသင့်သော စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို ရောင်းစျေး ( ၄၅၀၀ ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ