ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးများ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၄ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၂)၊ အမှတ် (၁၁) ၌ မြင်းနှင့် ကြက်တို့၏ ကျေးဇူးရှင်သခင်တို့ကို ကျေးဇူးသိတတ်ပုံအကြောင်းကို အရေးဖွဲ့ထားသည့် “မြင်းနှင့် ကြက်” မျက်နှာဖုံးကာတွန်း၊ အာတူး၏ ထိုးထွင်းကြံဆနိုင်မှု စွမ်းရည်အကြောင်းကို ရေးဖွဲ့ထားသည့် “အာတူးရဲ့ ဒါလေးများ” နှစ်မျက်နှာကာတွန်း၊ ချက်ပြုတ်ထားသော အသားထဲတွင် ပိုးမွှားအသေကောင်များ ပါရှိပုံအကြာင်းကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ဘယ်ကျော်” တစ်မျက်နှာကာတွန်း၊ စိန်မျောက်မျောက်၏ သူတစ်ပါးအား လှောင်ပြောင်ရာမှ မိမိတွင် လည်း ဒုက္ခရောက်ရပုံအကြောင်းကို ရေးဖွဲ့ထားသည့် “စိန်မျောက်မျောက်- ရယ်ရတယ်’’ နှစ်မျက်နှာ ကာတွန်းနှင့် ပညာရှိယုန်လေး၏ မိမိအသက်ဘေးမှ လွတ်မြောက်နိုင်ရန် အကြံကောင်းထုတ်နိုင်ခဲ့ပုံ အကြောင်း ရေးဖွဲ့ထားသည့် ‘နှာစေးနေတဲ့ ယုန်” တစ်မျက်နှာကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် Wood thrush ငှက်မျိုးစိတ်တို့၏ သဘောသဘာ၀နှင့် ၄င်းတို့၏ နေထိုင်သွားလာ ကျက်စားမှုအကြောင်းကို ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုရမည် ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် မတော်လောဘစိတ် ရှိြခင်းကြောင့် ရရှိြပီးအခွင့်အရေးကိုပင် လက်လွတ်ဆုံးရှုံးခဲ့ရပုံအကြောင်းကို ရေးသားတင်ဆက်ထားပါသည်။ ထို့ပြင် ဇယားကွက်ထဲရှိ အင်္ဂလိပ်စကားလုံးများကို ကလေးတို့ မျက်စိလျင်လျင်ဖြင့် ရှာဖွေနိုင်မည့် ဉာဏ်စမ်း ကဏ္ဍနှင့် မြန်မာတို့၏ တောဓလေ့အလှနှင့် သဘာ၀အကြောင်းကို သရုပ်ဖော်ပုံများဖြင့် ဝေဝေဆာဆာ တင်ဆက်ထားသည့် ကဗျာတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍတွင် to-infinitive phrase အသုံးနှင့် ပတ်သက်၍ အင်္ဂလိပ်စာဝါကျတည်ဆောက်ပုံအချို့ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁- ၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။