ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ်(၁၄)၌ ညီမလေးအပေါ်တွင် အနိုင်ယူလိုစိတ်မထားတော့ဘဲ ညီအစ်သုံးယောက် ချစ်ချစ်ခင်ခင်နေတော့မည်ဆိုသော ယုယုတို့ ညီအစ်မ သုံးယောက်အကြောင်း ရေးဖွဲ့ထားသည့် “ချစ်ချစ်ခင်ခင်” မျက်နှာဖုံးကာတွန်း၊ ရွှေသေတ္တာကြီးကို ပိုင်ဆိုင်ခွင့်ရသွားသော ရိုးသားပွင့်လင်းသည့် သစ်ခုတ်သမား အကြောင်း ရေးဖွဲ့ထားသည့် “သစ်ခုတ်သမားနှင့် ရွှေအိုးကြီး” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်း၏ စေတနာဖြင့် သတိပေးစကားများပြောဆိုမှုအပေါ် နားလည်သဘောပေါက်သွားသော စုမြတ်အကြောင်း တင်ဆက်ထားသည့် “စေတနာစကား” နှစ်မျက်နှာကာတွန်း၊ ပူပင်ကြောင့်ကြမှုမရှိဘဲ ဘဝကို ပျော်ရွှင်စွာ နေထိုင်တတ်သော ကိုရိုးအကြောင်း တင်ဆက်ထားသည့် “ပူပင်သောက” နှစ်မျက်နှာကာတွန်း၊ ကိုရီးယားစကားပြောသင်တန်းတက်နေသည်ဆိုသော တူးမာအကြောင်း ရေးဖွဲ့ထားသည့် “ဖိုးလပြည့်” တစ်မျက်နှာကာတွန်းနှင့် တစ်ရက်တည်းတွင် ကာတွန်းသုံးလေးခု ရေးနိုင်သည်ဆိုသော ကာတွန်းဆရာ အကြောင်းကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် လူမှုဘဝတိုးတက်ရေးအတွက် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ၏ အရေးပါပုံအကြောင်းကို တင်ဆက်ထားပါသည်။ ဝတ္ထုကဏ္ဍတွင် မျက်လှည့်ပညာအချို့သည် ပရိသတ်၏မျက်စိကို လှည့်စားရုံသာမက အသိဉာဏ်ကိုပါ လှည့်စားတတ်ပုံအကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် သားတော်ထွေး မောင်သုတသည် ခမည်းတော်ဘုရင်ကြီး၏ မေးခွန်းပုစ္ဆာများကို အသိဉာဏ်ပညာနှင့်ယှဉ်ကာ ပြည့်စုံစွာဖြင့် ဖြေဆိုနိုင်ပုံအကြောင်း တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်မည့် ဉာဏ်စမ်းကဏ္ဍ၊ ရွှေသွေးတို့လက်ရာကဏ္ဍနှင့် ကဗျာကဏ္ဍတို့ကိုပါ တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် သူငယ်ချင်းနှစ်ယောက် ဖုန်းပြောဆိုပုံအကြောင်းကို အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူ ပြောထားသည့် သင်ခန်းစာသစ်အချို့ကို ကလေးတို့ ဗဟုသုတဖြစ်ဖွယ် လေ့လာမှတ်သားနိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။