ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၃)၊ အမှတ် (၄၆)၌ တန်ဆောင်တိုင်ညတွင် ဆီမီးပူဇော်နိုင်ရန်အတွက် သူ၏ အဘွားအတွက် အသပြာငွေ ရှာပေးနိုင်ခဲ့သော ဖိုးထူးအကြောင်းကို ရေးဖွဲ့ထားသည့် “ဖိုးထူးလေးနှင့် ဆီမီးမြိုင်မြိုင်” မျက်နှာဖုံးကာတွန်း၊ သူဌေးကြီး ဦးစက္ကကြိုင်နီသည် သူ၏ပိုင်ဆိုင်သမျှ စည်းစိမ် ဥစ္စာများ မဆုံးရှုံးစေရန် ကြိုးစားကြံစည်ဆောင်ရွက်သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရပုံအကြောင်း ရေးဖွဲ့ထားသည့် “ကံမရှိ ဉာဏ်ရှိတိုင်းမွဲ” နှစ်မျက်နှာကာတွန်း၊ ဖိုးဇော်၏ အိပ်မက်ကောင်းမက်ပုံ အကြောင်းကို ရေးဖွဲ့ထားသည့် “အိပ်မက်” နှစ်မျက်နှာကာတွန်း၊ ဈေးက ငါးပြေထီးရလာပြီဆိုသော ကီးကီအကြောင်းကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “ကီးကီနှင့် ဦးပြောင်” နှစ်မျက်နှာ ကာတွန်း၊ မုန့်ဖိုးပိုက်ဆံအကြောင်းကို ပြန်လည်ရှင်းပြလိုက်သော ကိုထက်အကြောင်းကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “မင်းလည်း မသိပါဘူးကွာ” တစ်မျက်နှာကာတွန်းနှင့် ကုသိုလ်ရရန် လမ်းဘေးသောက်ရေအိုးစင်တွင် ရေဖြည့်နေသည်ဆိုသော ဖိုးပေအကြောင်းကို ရေးဖွဲ့ထားသည့် “အကြံ” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတဆောင်းပါးကဏ္ဍတွင် တန်ဆောင်တိုင်မီးထွန်းပွဲတော် ကျင်းပရခြင်းအကြောင်းနှင့် တန်ဆောင်မုန်းလ အခါသမယတွင် ထူးမြတ်သောကုသိုလ် ပြုနိုင်ပုံအကြောင်းကို ဖတ်ရှုရမည်ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် နွားနှင့်ပတ်သက်၍ သူတို့၏ အမွေးအရောင်များကိုလိုက်၍ ၎င်းတို့၏ အကျင့် အဆိုး၊ အကောင်းကို ခန့်မှန်းတွက်ချက်နိုင်ပုံအကြောင်းကို တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍတွင် မင်းသမီးလေး ပန်းနုသည် ခမ်းနားလှပပြီး ပြီးပြည့်စုံသော စစ်ရေးပြပွဲကို ဖန်တီး လိုက်နိုင်ပုံအကြောင်း ရေးဖွဲ့ထားသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်မည့် ဉာဏ်စမ်းကဏ္ဍကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍတွင် အစည်းအဝေးကို ပယ်ဖျက်လိုက်ကြောင်းနှင့် ပယ်ဖျက်ရခြင်းအကြောင်းပြောဆိုပုံနှင့် လူတစ်ယောက် အလုပ်ဖြုတ်ခံရ သည့်အကြောင်းကို အပြန်အလှန်ပြောထားသည့် သင်ခန်းစာသစ်အချို့ကို ကလေးတို့ လေ့လာ မှတ်သားနိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။