၂၆-၁၁-၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၄၈)ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက်(၁၂) နှစ်အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၄၈)၌ မျောက်နီတာ၏ ပညာဉာဏ်ရှိမှုကြောင့် အသက်ဘေးက လွတ်မြောက်သွားသော ရွှေယုန်အကြောင်း ရေးဖွဲ့ထားသည့် “ရွှေယုန်နဲ့ အိပ်မက်” မျက်နှာဖုံးကာတွန်း၊ ကျေးဇူးရှင် သခင်များ အပေါ် အလိုက်သိတတ်ပြီး ကျေးဇူးသိတတ်သော ခွေးလေးအောင်နက်၏ သနားစဖွယ်အဖြစ်ကို ရေးဖွဲ့ ထားသည့် “ကျေးဇူးသိသော အောင်နက်လေး” နှစ်မျက်နှာကာတွန်း၊ ကျောင်းမုန့်ဖိုးကို စည်းကမ်း တကျသုံးပြီး ပိုသည်ကို စုဘူးဖြင့် စုထားတတ်သည့် မိစုအကြောင်း တင်ဆက်ထားသည့် “ဆုရတီအောင်- အလေ့အကျင့်” နှစ်မျက်နှာကာတွန်း၊ နာရီပြင် ရန်အတွက် အကုန်အကျသက်သာမည့် နည်းလမ်းကို ရွေးလိုက်မိရာက နာရီပါ ဆုံးရှုံးလိုက်ရပုံ အကြောင်း တင်ဆက်ထားသည့် “နာရီပြင်ဆရာ” နှစ်မျက်နှာ ကာတွန်း၊ သစ်သီးဆိုင်က သစ်သီးကို ပိုင်ရှင်မသိအောင် ယူပြေးရာက ဒုက္ခရောက်ရသော လူငယ်လေး တစ်ယောက်အကြောင်း သရုပ်ဖော်ထားသည့် “အကြံ” တစ်မျက်နှာကာတွန်းနှင့် အမေနှင့် အဖေထက် ကြီးကြီးကို အချစ်ဆုံးဆိုသော ဘုန်းဆင့်သူအကြောင်း ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့်  “ဘုန်းဆင့်သူ- အချစ်ဆုံး” မျက်နှာ ဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။ 

သုတကဏ္ဍအ‌နေဖြင့် ဂျပန်ရိုးရာအားကစားနည်းတစ်ခုဖြစ်သည့် ဆူမိုနပန်းပွဲအကြောင်း ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားပါသည်။ ဝတ္ထုကဏ္ဍတွင် မိဘများ၏ အလိုလိုက်ခြင်းကို ခံရသော်လည်း အလိုက်မသိတတ်သော ကျောင်းသူလေး မိစုသည် နောက်ဆုံးတွင်  မိဘများအပေါ် အမြင်မှန်ရလာပုံ အကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် လူတစ်စု၏ မတော် လောဘစိတ်ကြောင့် တစ်ရွာလုံး ဆင်းရဲသွားရပုံအကြောင်း တင်ဆက်ထားပါသည်။  ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထား သည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် “ရွှေသွေးတို့ လက်ရာ” ကဏ္ဍ၊ ကလေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်မည့် ဉာဏ်စမ်းကဏ္ဍနှင့် သားသား၊ မီးမီးတို့သည် ကိုယ်ကျင့်သီလ ငါးပါးကို စောင့်ထိန်းခြင်းဖြင့် မြင့်မြတ်သူများဖြစ်အောင် ကြိုးစားသင့်ကြောင်း ရေးဖွဲ့ထားသည့် ဆရာအောင်ဇော်ဦး (ကြို့ပင်ကောက်) ၏ “ငါးပါးသီလ” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍ အနေဖြင့် ပင်လယ်ကမ်းခြေကို ခရီးသွားချင်သည့်အကြောင်း၊ ကမ်းခြေတွင် ရာသီဥတုက မည်သို့ အခြေအနေရှိသလဲဆိုသည့် အကြောင်း အပြန်အလှန်ပြောဆိုပုံကို အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူ ပြောထားသည့် သင်ခန်းစာ သစ်အချို့ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည်ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁ ၈၁၄၄၈၊၀၁-၂၄၉၀၃၁သို့ ဆက်သွယ်မှာယူနိုင်ပါသည်။ 
 

အကြံပြုစာ/တိုင်ကြားစာ