ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက်(၁၂) နှစ် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၄၂)၌ မိမိမျိုးနွယ်ကို အထင်သေးစိတ်ဖြစ်မိသော ကြွက်ဇနှီးမောင်နှံတို့သည့် နောက်ပိုင်းတွင် မိမိမျိုးနွယ်ဝင်တို့၏ ကူညီဖေးမှုဖြင့်သာ အသက်ဘေးက လွတ်မြောက်ခဲ့ရပုံအကြောင်း တင်ဆက်ထားသည့် “ကြွက်မလေးရဲ့ဖူးစာရှင်” မျက်နှာဖုံးကာတွန်း၊ လပတ်စာမေးပွဲကျသော ဘုန်းဆင့် သည် မိဘများ၏အဆူကို ခံရမည်စိုးသောကြောင့် ဉာဏ်ဆင် လိုက်ပုံအကြောင်း ရေးဖွဲ့ထားသည့် “ကိုအူလည်- အလိမ်ပေါ်ခြင်း” နှစ်မျက်နှာကာတွန်း၊ ဘိုးဘွား၊ မိဘများကို စားနိုင်တုန်း ကျွေးမွေးပြုစုခြင်း သည့်အကောင်းဆုံးဖြစ်ကြောင်း တင်ဆက်ထားသည့် “အမေ့နို့ဖိုးဆပ်ရန်” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်းများအပေါ် စိုးရိမ်စိတ်ဖြင့် သတိပေးစကား အမြဲဆိုတတ်သော မိဆူးအကြောင်း ရေးဖွဲ့ထား သည့် “ပေါလေးပါဝင်တဲ့ စိုးရိမ်လို့ပါ” နှစ်မျက်နှာ ကာတွန်း၊ ကျောင်းသူကျောင်းသားများ၏ အကြိုက်ဆုံး ရုပ်မြင်သံကြားအစီအစဉ်အကြောင်း ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “ကျောင်းဆရာနှင့် တပည့်များ” တစ်မျက်နှာကာတွန်းနှင့် ဘယ်သွားသွား၊ ဘယ်လာလာ အမြဲသတိထားသည်ဆိုသော ကိုစံပြူးအကြောင်း ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “ကိုစံပြူး၊ မပွားစိန် ပါဝင်သော သတိ” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် နေ့စဉ်နေထိုင်မှုဘဝတွင် ဆန်စပါး၏ အသုံးဝင်ပုံအကြောင်း ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍတွင် ဥယျာဉ်ခြံထဲရှိ ပန်းသီးပင်ကြီးသည် မိမိကလေးဘဝအချိန်က ပျော်ရွှင်ဖွယ်ရာ အထောက်အပံ့များစွာ ပေးခဲ့သော ချစ်စရာတိရစ္ဆာန်ငယ် လေးများ၏ အိမ်ဖြစ်ကြောင်း သတိရသွားသော လယ်သမားအကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် အချင်းချင်း ရိုင်းပင်းကူညီတတ်ပြီး ရိုးသားဖြူစင်သည့် နယ်မှသူငယ်ချင်းများကို အလွန်ခင်တွယ်သွားသည့် ရတီ အကြောင်း တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် “ရွှေသွေးတို့ လက်ရာ” ကဏ္ဍ၊ ကလေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်မည့် ဉာဏ်စမ်းကဏ္ဍနှင့် ဖေဖေ၊ မေမေတို့၏ အားဆေးလေးများဖြစ်သော မဘုတ်ဆုံ၊ မချစ်ပုံနှင့် မောင်မောင်လေးတို့အကြောင်း ရေးဖွဲ့ထားသည့် ဆရာမ ရွှေမြိုင်ပြုံးလဲ့မော်၏ “အားဆေး” ကဗျာကဏ္ဍ တို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် ပါတီပွဲတစ်ခုကို ဖိတ်ကြားထားတဲ့ အကြောင်း၊ တစ်ယောက်က ဖိတ်စာရပြီး နောက်တစ်ယောက်က ဖိတ်စာမရသေးကြောင်း အပြန်အလှန် ပြောဆိုပုံကို အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူပြောထားသည့် သင်ခန်းစာသစ်အချို့ကို ကလေးတို့ လေ့လာမှတ်သားနိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။