ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၈ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ်(၄၁)၌ သီတင်းကျွတ်ကျောင်းပိတ်ရက်တွင် ဘွားဘွားရှိရာ ကျေးရွာလေးသို့ အလည်အပတ် သွားရောက်ခဲ့သော မေပြည့်၏ အတွေ့အကြုံများနှင့် သီတင်းကျွတ်မီးထွန်းပွဲတော်အကြောင်းကို သရုပ်ဖော်တင်ဆက်ထားသည့် “သီတင်းကျွတ် ပွဲတော်” မျက်နှာဖုံးကာတွန်း၊ သီတင်းကျွတ်လပြည့်နေ့၌ မိဘများကို မိမိစုထားသည့် မုန့်ဖိုးများနှင့် မုန့်များဝယ်ကာ ကန်တော့ရ၍ ဝမ်းမြောက်ဝမ်းသာဖြစ်နေသော လင်းသစ်အကြောင်းကို တင်ဆက်ထားသည့် “လင်းသစ်၏ ဝါလကင်းလွတ် သီတင်းကျွတ်” နှစ်မျက်နှာကာတွန်း၊ မိမိမကျွမ်းကျင်သည့်ဘာသာရပ်ကို တတ်ကျွမ်းချင်ယောင်ဆောင် ကာ ဆောင်ရွက်ပါက ဒုက္ခနှင့် ကြုံတွေ့နိုင်ကြောင်းကို တင်ဆက်ထားသည့် “အာတူးနှင့် လိပ်ပု” နှစ်မျက်နှာ ကာတွန်း၊ မိမိလိုချင်သောအရာကို ကလေးအတွေးဖြင့် ရယူလိုသော ရဲရင့်ဖြိုးအကြောင်းကို တင်ဆက်ထားသည့် “အမွှေလေးရဲရင့်ဖြိုး” နှစ်မျက်နှာကာတွန်း၊ အစားအသောက်များကို မဆင်မခြင်စားမိ၍ ဒုက္ခရောက်ရသော ကိုစံပြူးအကြောင်းကို ရေးဖွဲ့ထားသည့် “ကိုစံပြူးပါဝင်သည့် အလှူငွေ” တစ်မျက်နှာကာတွန်း၊ ဆရာမပြောသည့် အကြောင်းအရာကို တိကျသေချာစွာ မှတ်သားမထားဘဲ မိမိ၏ အထင်ဖြင့်ပြောတတ်သော ဖိုးလပြည့်အကြောင်းကို တင်ဆက်ထားသည့် “ဖိုးလပြည့်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် သီတင်းကျွတ်ပွဲတော်အကြောင်းနှင့် ပွဲတော်ဖြစ်ပေါ်လာပုံ၊ ဆီမီးပူဇော်ပုံတို့အကြောင်းကို ဗဟုသုတရဖွယ် တင်ဆက်ထားသည့် “ဝါလကင်းလွတ် သီတင်းကျွတ်” သုတဆောင်းပါးကို တင်ဆက်ထားပါသည်။ ကျောင်းအားချိန်တွင် ကစားလိုက်၊ တီဗွီကြည့်လိုက်၊ အစားစားလိုက်ဖြင့် အချိန်ကုန်နေသော မြေးတို့ကို စာကြိုးစား ရန်နှင့် စာကြိုးစားခြင်းဖြင့် ရရှိလာမည့်အကျိုးနှင့် အချိန်ကို တန်ဖိုးရှိရှိအသုံးချတတ်စေရန် ဆုံးမစကားပြောသော အဘိုးအကြောင်းကို ရေးဖွဲ့ထားသည့် “ပညာရှိကို အစဉ်တွဲလို့” ဝတ္ထုကဏ္ဍနှင့် သူတစ်ပါးအပေါ် စိတ်ကောင်း စေတနာထား၍ မိမိ၌ ချမ်းသာသုခများ ရရှိနိုင်ပုံကို တင်ဆက်ထားသည့် “စိတ်ကောင်းမွေးတဲ့ မောင်သာအေး” ပုံပြင်ကဏ္ဍတို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ပေးပို့သော ကာတွန်းလက်ရာများကို ဖော်ပြပေးထား သည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ရုပ်ပုံလေးထဲတွင် မုန်လာဥနီ စားချင်သော ယုန်ကလေးဖြူဖွေးကို မုန်လာဥနီ ရှိသော နေရာသို့ လမ်းညွှန်ပြသနိုင်မည့် “ဉာဏ်စမ်း”ကဏ္ဍနှင့် ယခုအခါ၌ ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါမှ ရှောင်ရှားနိုင်စေရန် လိုက်နာရမည့်အရာများကို ရေးဖွဲ့ထားသည့် “ကိုဗစ်စည်းကမ်း” ကဗျာကဏ္ဍတို့ကို တင်ဆက် ထားပါသည်။
အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍအနေဖြင့် ဝါကျတစ်ကြောင်းနှင့် တစ်ကြောင်းကို ဆက်သွယ်သည့် (Conjunction) များကို လေ့ကျင့်ခန်းများနှင့်တကွ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။