ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ (၅၄)၊ အမှတ် (၃၃)၌ သွားသန့်ရှင်းရေးကို စနစ်တကျပြုလုပ်ရန်နှင့် အချိုကို လွန်ကဲစွာ စားသုံးခြင်းကြောင့် ရရှိလာနိုင်သည့် ဆိုးကျိုးအကြောင်းကို တင်ဆက်ထားသည့် “ပုပု- ပြောပြရဦး မယ်” မျက်နှာဖုံးကာတွန်း၊ အကြွေးထားခြင်းကို အကျင့်ဖြစ်နေသော ယုန်ငယ်လေးအကြောင်းကို ရေးဖွဲ့ထားသည့် “နားရှည်-အကြွေးယူတတ်သူ” နှစ်မျက်နှာကာတွန်း၊ တူလေးကအိမ်သို့ တစ်ခါတလေ အလည်လာချိန်တွင် ဧည့်ဝတ် ကျေရမည်ဆိုသော ဖိုးဇော်တို့ ညီအစ်ကိုနှစ်ယောက်အကြောင်း တင်ဆက်ထားသည့် “ညီငယ်လေး” နှစ်မျက်နှာကာတွန်း၊ စက်ဘီးကို စည်းကမ်းမဲ့စီးခြင်းကြောင့် စက်ဘီးပျက်စီးရာ စက်ဘီးကို နောက်ထပ် မစီးရတော့သော ပေါက်ကျော်အကြောင်း ရေးဖွဲ့ထား သည့် “ပေါက်ကျော်နဲ့ စက်ဘီးကလေး” နှစ်မျက်နှာ ကာတွန်း၊၊ မေ့တတ်လို့ပါဆိုသော သမီးလေး ဟန်သီအကြောင်း ရေးဖွဲ့ထားသည့် “ဟန်သီမ” တစ်မျက်နှာ ကာတွန်းနှင့် အသစ်ဝယ်လိုက်သော ကားမှာ ကားဟွန်းသံမှလွဲ၍ ကျန်သောစက်အသံများ အကုန်မြည်သည် ဆိုသော “အာတူးနဲ့ လိပ်ပု” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် ကမ္ဘာဂြိုဟ်၏ မျက်နှာပြင်သဘာဝဝန်းကျင်နှင့် ပုံစံတူသော အင်္ဂါဂြိုဟ်အကြောင်း ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် အယ်ဒီတာကြီး ဖြစ်ချင်သော သုံးတန်း ကျောင်းသူ လှကလေး၏ မြန်မာစာ၊ မြန်မာစကားကို လေးစားတန်ဖိုးထား ပုံအကြောင်း ဖတ်ရှုရမည်ဖြစ်ပါ သည်။ ပုံပြင်ကဏ္ဍတွင် ကြက်ကလေးများ အကောင်ပေါက်ရန်အတွက် စောင့်ရကျိုးနပ်သည်ဆိုသော ကြက်မေမေအကြောင်းကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ ကိုယ်တိုင် ရေးဆွဲထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် မြန်မာလူမျိုးတို့ အတွက် အဖိုးတန်လှသော ဆန်စပါးကို တန်ဖိုးထားတတ်ရန်နှင့် ကျေးဇူးကြီးမားလှသော တောင်သူဦးကြီးတို့အကြောင်း ရေးဖွဲ့ထားသည့် “ဆန်” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အင်္ဂလိပ်စာအရေးအသားတွင် နာမဝိသေသန (Adjective) အသုံး နှင့် ကြိယာဝိသေသန (Adverb) တို့၏ အသုံးအနှုန်းအကြောင်း လေ့ကျင့်ခန်းအသစ်ကို လေ့လာ မှတ်သားနိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။