ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၆ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ်(၃၂)၌ မိမိအနေဖြင့် အင်အားကြီးမား၍ မာန်တက်ကာ သူတစ်ပါးအပေါ် မောက်မာပါက မိမိမှာသာ ပျက်စီးစေတတ်ကြောင်းကို တင်ဆက်ထားသည့် “မောင်လူအေးနှင့် မန်ကျည်းပင်ကြီး” မျက်နှာဖုံးကာတွန်း၊ အမည်နာမသည် အဓိကမဟုတ်ဘဲ အသုံးဝင်မှုကသာ အဓိကဖြစ်ကြောင်းကို တင်ဆက်ထားသည့် “မဆား” နှစ်မျက်နှာကာတွန်း၊ ခူကောင်လေး၏ ဇွဲကောင်းမှုကြောင့် အသက်ဘေးအန္တရာယ်မှ ကင်းလွတ်ခွင့်ရရှိခဲ့ပုံကို အတုယူဖွယ်တင်ဆက်ထားသည့် “လုံ့လ ဝီရိယ” နှစ်မျက်နှာကာတွန်း၊ ကလေးတို့အနေဖြင့် အင်္ဂလိပ်စာ၏ အသုံးဝင်ပုံကို သိရှိကာ ကြိုးစားသင့်ပုံကို ရေးဖွဲ့ ထားသည့် “ဖိုးလပြည့်” နှစ်မျက်နှာကာတွန်း၊ နေ့ရောညပါ ဂိမ်းကစားလွန်း၍ အာရုံကြောများ ချည့်နဲ့သွားသော ရန်ပိုင်စိုးအကြောင်းကို ဂရုပြုဖွယ်ရေးဖွဲ့ထားသည့် “ရန်ပိုင်စိုး” တစ်မျက်နှာကာတွန်းနှင့် မုန့်ဟင်းခါးစားရာ၌ ပန်းကန် ဖိုးပါ ပေးလိုက်ရသော ဖိုးတစ်တို၏ နမော်နမဲ့နိုင်မှုကို ရေးဖွဲ့ထားသည့် “ဖိုးတစ်တို” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတဆောင်းပါးကဏ္ဍတွင် တောင်တက်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ကလေးများအတွက် ဗဟုသုတရဖွယ် တင်ဆက်ထားသည့် “တောင်တက်ခြင်းရဲ့ အကျိုးကျေးဇူးများ” သုတဆောင်းပါးကို တင်ဆက်ထား ပါသည်။ ကလေးတို့အနေဖြင့် မိဘတို့၏ဆိုဆုံးမမှုကို နာခံရန်နှင့် အရာရာကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ကြိုးစားပါက အောင်မြင်နိုင်ကြောင်းကို ရေးသားထားသည့် “လွယ်လွယ်နဲ့ မရနိုင်ဘူး” ဝတ္ထုနှင့် အလှမာန်တက်ကာ မောက်မာလွန်းသော ရူပကလျာမင်းသမီးလေးကို အမြင်မှန်ရရန် ပြုလုပ်ပေးခဲ့သော မဟာသိပ္ပတိုင်းပြည်မှ မင်းသားလေးအကြောင်းကို ရေးဖွဲ့ထားသည့် “ပညာရှိ မင်းသားနဲ့ မာနရှင်မင်းသမီး” ပုံပြင်တို့ကို တင်ဆက် ထားပါသည်။ ထို့ပြင် ကလေးတို့ပေးပို့သော ကာတွန်းလက်ရာများကို ဖော်ပြပေးထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍနှင့် စကားကို ချိုချိုသာသာပြောဆိုပါက လူတိုင်းချစ်ခင်ကြကြောင်းကို ရေးဖွဲ့ထားသည့် “ချိုသာစကား” ကဗျာတို့ကို တင်ဆက်ထားပါသည်။
အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍအနေဖြင့် မိတ်ဆွေနှစ်ဦးတွေ့ဆုံပြီး ပြန်ခါနီးတွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် နှုတ်ဆက်စကား ပြောဆိုရာ၌ သုံးနှုန်းပြောဆိုပုံအချို့ကို တင်ဆက်ထားသည့် “ရွှေသွေးစကားဝိုင်း” ကဏ္ဍကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန် အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။