(၇၅) ကြိမ်မြောက် စိန်ရတု အမျိုးသားစာပေဆု အထိမ်းအမှတ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက် တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ စာပေဆုများ ပေးအပ်ချီးမြှင့်သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော် တိုင်းစစ် ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ စာပေဆု စိစစ်ရွေးချယ်ရေးကော်မတီဝင်များ၊ ဆုရပုဂ္ဂိုလ်များ၊ စာပေပညာရှင်များ၊ အနုပညာရှင်များ၊ စာပေဝါသနာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုရရှိကြသော စာပေပညာရှင်ဆရာကြီးများဖြစ်ကြသည့် ဒေါက်တာ မင်းတင်မွန် (ပါရဂူမင်းနန္ဒာ)၊ ဒေါက်တာတိုးလှ၊ ဦးညွန့်ဆွေ (မောင်ဆွေ သက်)၊ ဦးသန်းဆွေ (မောင်သန်းဆွေ-ထားဝယ်)၊ ဒေါက်တာကျော်ဝင်း (သမိုင်းပါမောက္ခ-ငြိမ်း) နှင့် ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)တို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် အမှတ်တရ ဂုဏ်ပြု လက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်နှင့် ဦးမောင်မောင်အုန်းတို့က အမျိုးသားစာပေဆု ရရှိသူများနှင့် စာပေဗိမာန်စာမူဆု ရရှိသူများကို ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် အခမ်းအနားသို့ တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များသည် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ရရှိကြသူများနှင့်အတူ မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ထို့နောက် နေ့လယ် (၁း၀၀) နာရီတွင် ဂုဏ်ပြုနေ့လယ်စာကို အတူတကွ သုံးဆောင်ကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။