ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန် ၇၅ နှစ်ပြည့် စိန်ရတု အထိမ်းအမှတ် (အကြို) စာပေဟောပြောပွဲ (ပထမနေ့) ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက် နံနက် ၁၀:၀၀ နာရီတွင် ကုန်သည်လမ်းရှိ အမှတ်-၅၂၉-၅၃၁၊ စာပေဗိမာန်ရုံး စုပေါင်းခန်းမ၌ ကျင်းပခဲ့ပါသည်။
ဟောပြောပွဲမစတင်မီ စာပေဗိမာန်ရုံး စာတည်းမှူးချုပ် ဦးတိုးကျော်က အမှာစကားပြောကြားခဲ့ သည်။ ယင်းနောက် အဟောပြောပွဲကို နံနက်ပိုင်း အစီအစဉ်နှင့် နေ့ပိုင်းအစီအစဉ်အဖြစ် အစီအစဉ် နှစ်ရပ်ခွဲကာ ဆက်လက်ကျင်းပခဲ့ပါသည်။
နံနက်ပိုင်းအစီအစဉ်တွင် ဦးခင်မောင်အေး (KMA)၊ ဦးမောင်မောင်ဦး (ဟိန်းလတ်)နှင့် ဦးမောင်လှိုင် (မောင်ဆွေငယ်)တို့က "ခေတ်မီထိရောက်သော ဘာသာပြန် ဌာနတစ်ခုဖြစ်ရန်" ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောပို့ချခဲ့ကြပြီး နေ့ပိုင်းအစီအစဉ်တွင် ဦးမောင်မောင်ဦး (ဟိန်းလတ်)၊ ဦးကြည်ဝင်း (လောကအမွန်) နှင့် ဒေါက်တာသိန်းလွင် (မြန်စာမြေသိန်းလွင်) တို့က "ပြီးပြည့်စုံသော စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်း" ခေါင်းစဉ်ဖြင့် ဟောပြောပို့ချခဲ့ပါသည်။
၂၄-၈-၂၀၂၂ ရက်တွင်လည်း ဝါရင့် စာရေးဆရာ၊ ဆရာမကြီးတို့က စာပေဗိမာန် (၇၅) နှစ်ပြည့် စိန်ရတုအထိမ်းအမှတ် (ဒုတိယနေ့) အဖြစ် ဆက်လက် ဟောပြောပို့ချသွားမည်ဖြစ်ပါသည်။