Skip to main content

ကိုရီးယား-မြန်မာစက်မှုဇုန်စီမံကိန်း ပန္နက်တင်အခမ်းအနားကျင်းပ

ရန်ကုန်၊  ဒီဇင်ဘာ၂၄

ကိုရီးယား-မြန်မာစက်မှုဇုန်စီမံကိန်း (Korea-Myanmar Industrial complex, KMIC) ပန္နက်တင် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ စီမံကိန်း ဧရိယာ၌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ COVID-19 ကာကွယ်ထိန်းချုပ် ခြင်းဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။

အခမ်းအနားတွင်   နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဗီဒီယို ဖြင့် မိန့်ခွန်းပြောကြားသည်။

(နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ၏ ဗီဒီယို မိန့်ခွန်းကိုသီးခြား ဖော်ပြထားပါသည်။)

ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းက အမှာစကားပြောကြားရာတွင် ယခုအချိန် ကမ္ဘာတစ်ဝန်းတွင် COVID ကပ်ရောဂါကြောင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင် နေချိန်တွင် KIMC စီမံကိန်းက မြန်မာနိုင်ငံ၏ စီးပွားရေးပြန်လည် ဦးမော့နိုင်ရန်အတွက် အထောက်အကူ ပြုမည်ဟု ယုံကြည်ပါကြောင်း၊ ယခုစီမံကိန်းသည် ကိုရီးယား-မြန်မာနှစ်နိုင်ငံ အတွက် အပြန်အလှန် အကျိုးဖြစ်ထွန်းမည်ဖြစ်ပြီး၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုကို ပိုမို ခိုင်မြဲစေမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း- MSDP နှင့် ကိုရီးယားသမ္မတနိုင်ငံ၏ New Southern Policy တို့သည် အခြေခံမူများ တူညီသည့် အတွက် မိမိတို့ နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးကို ဖော်ဆောင် ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ကိုရီးယားသမ္မတနိုင်ငံ၏ Presidential Committee on New Southern Policy ၏ ဥက္ကဋ္ဌ Mr. Park Bokyeong က ပြောကြားရာတွင် မြန်မာနိုင်ငံသည် ကိုရီးယားသမ္မတနိုင်ငံ အစိုးရအတွက် များစွာ အရေးကြီးသည့် ပူးပေါင်းဆောင်ရွက်ရေး အဓိက နိုင်ငံတစ်ခု ဖြစ်ပါကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံ အနေဖြင့် KMIC စက်မှုဇုန်၊ ဒလတံတားဆောက်လုပ်ရေး၊ မြို့သစ်စီမံကိန်း အစရှိသည့် ဆောက်လုပ်ရေး လုပ်ငန်းများတွင်လည်း အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ နောင်အနာဂါတ်တွင်လည်း KMIC ကဲ့သို့ ထင်ရှားသည့် စီမံကိန်းများ ပိုမို များပြားလာပြီး၊ မြန်မာ-ကိုရီးယား နှစ်နိုင်ငံ၏ ချစ်ကြည်ရေးကို ယခုထက် ပိုမို ခိုင်မာလာစေကာ မြန်မာနိုင်ငံ၏ စီးပွားရေးကိုများစွာ တိုးတက်ပြောင်းလဲမှုကို ဖြစ်ပေါ်စေနိုင်မည့် လမ်းခရီးအစဖြစ်ရန် အတွက် မျှော်လင့်ပါကြောင်း ပြောကြားသည်။ 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဆောက်လုပ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း၊ Korea Land and Housing Corporation ၏ ဒုတိယဥက္ကဋ္ဌ Mr. Lee Yong-sam တို့က အမှာစကားများ ပြောကြားကြသည်။  ထို့နောက် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြပြီး အခမ်းအနားကို မွန်းလွဲပိုင်းတွင် ရုပ်သိမ်းလိုက် သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သံအမတ်ကြီး မစ္စတာ လီဆန်းဟွာ ညွှန်ကြားရေးမှူး ချုပ်များနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။  

ကိုရီးယား - မြန်မာစက်မှုဇုန်စီမံကိန်း (Korea-Myanmar Industrial complex, KMIC) သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်နေသည့် စီမံကိန်းဖြစ်ပြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Korea Land and Housing Corporation (LH) တို့ အကျိုးတူပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သည်။

ယခုစီမံကိန်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ရန်ကုန်-မန္တလေး အဝေးပြေး လမ်းမကြီး၊ ရန်ကုန်ဆိပ်ကမ်းတို့၏ အနီးတွင် မဟာဗျူဟာကျကျ တည်ရှိသည့်အတွက် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေမည် ဖြစ်သည်။

ကိုရီးယား-မြန်မာစက်မှုဇုန်ကို အဆင့်မြင့် နည်းပညာများ အသုံးပြု၍ သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိ‌သော ခေတ်မီစက်မှုဇုန်တစ်ခုအဖြစ် ဖန်တီးမည် ဖြစ်သည်။ ယခု စီမံကိန်းသည်  “ပြည်သူ”၊ “သာယာဝပြောမှု” နှင့် “ငြိမ်းချမ်းရေး” စသည် တို့ကို အခြေခံထားသည့် ကိုရီးယားသမ္မတ နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ပိုမို ခိုင်မာသည့် ခင်မင်ရင်းနှီးမှုကို ဖော်ဆောင်သွားမည် ဖြစ်သည်။

(သတင်းစဉ်)