ရန်ကုန် ဒီဇင်ဘာ ၁၈
အနာဂတ်မျိုးဆက်သစ် အနုပညာရှင် များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မဟာမှ စီစဉ်ရိုက်ကူးမည့် ရုပ်သံစီးရီး များတွင် သရုပ်ဆောင်ရန်အတွက် သရုပ်ဆောင်ရွေးချယ်ပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်း မြို့နယ် ရွှေတောင်ကြားလမ်း အမှတ် (၅၀)ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်အနုပညာ ရပ်ဝန်း၌ ကျင်းပသည်။ (အပေါ်ပုံ)
အဆိုပါပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် သည့် သရုပ်ဆောင်ဝါသနာရှင် ၄၀ ကို နှစ်ယောက်တစ်တွဲစီ ပါဝင်ယှဉ်ပြိုင် စေပြီး အမှတ်ပေး ဒိုင်များအဖြစ် ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် အပါအဝင် ဝါရင့်ဒါရိုက်တာများက အမှတ်ပေး စည်းမျဉ်းများအတိုင်း ရွေးချယ်ခြင်းဖြစ်သည်။
ပြိုင်ပွဲနှင့်ပတ်သက်၍ ဒိုင်တစ်ဦး ဖြစ်သူ ဒါရိုက်တာ ညွန့်မြန်မာညီညီ အောင်က “သရုပ်ဆောင်မှု၊ အသံ၊ ရုပ်ရည်ပိုင်းနဲ့ ဇာတ်ရုပ် အပေါ် စီးမျော မှုတွေအပေါ်မှာ အခြေခံပြီး အမှတ်ပေး ရွေးချယ်ခဲ့တာပါ။ လက်ရှိအချိန်မှာ အွန်လိုင်းတွေ ရှိလာတဲ့အတွက် အောင်မြင်ဖို့ လွယ်ကူတယ်။ အောင် မြင်မှုကို ရေရှည်ဆက်ပြီး ထိန်းသိမ်း နိုင်တဲ့သူတွေ ဖြစ်စေချင်တယ်။ ရွေးချယ်ခံရတဲ့ ကလေးတွေအနေနဲ့ ကိုယ်ပါဝင်ရမယ့် ဇာတ်ဝင်ခန်းတွေမှာ ပရိသတ်အတွက် မှတ်မှတ်ထင်ထင် လေးဖြစ်အောင် ကြိုးစားစေချင်ပါ တယ်” ဟု ပြောသည်။
ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ မင်းသွေးလျှံက “လက်ရှိမှာတော့ ကြော်ငြာတွေ ရိုက်နေပါတယ်။ အခုလို ပြိုင်ပွဲတွေ လုပ်ပေးတဲ့အတွက် ကျွန်တော်တို့လိုသရုပ်ဆောင်သစ်တွေအတွက် ပရိသတ်နဲ့ ထိတွေ့ဖို့အခွင့်အရေးတွေ အများကြီးရမယ်။ အနုပညာ လမ်းကြောင်းပေါ်ကို မြန်မြန်ရောက်ရှိအောင် အထောက်အပံ့ကောင်းတွေ ဖြစ်စေပါတယ်”ဟု ပြောသည်။
ထိုသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရန် အတွက် ပြိုင်ပွဲဝင်များကို မဟာ အွန်လိုင်းစာမျက်နှာမှတစ်ဆင့် ခေါ်ယူ ခဲ့ခြင်းဖြစ်ပြီး ရွေးချယ်ခံရသည့် ပြိုင်ပွဲ ဝင်များအနေဖြင့် ၂၀၂၁ ခုနှစ်တွင် မဟာမှ ရိုက်ကူးမည့် ရုပ်သံစီးရီးများ တွင် ပါဝင်သရုပ်ဆောင်ကြရမည် ဖြစ်သည်။ ထို့အတူ မဟာအနေဖြင့် ၂၀၁၉ ခုနှစ်တွင်လည်း ထိုကဲ့သို့ ပြိုင်ပွဲ များကျင်းပခဲ့ပြီး သရုပ်ဆောင်များကို ရွေးချယ်ကာ ရုပ်သံစီးရီးရိုက်ကူးမှု များ ပြုလုပ်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး