ရန်ကုန် ဒီဇင်ဘာ ၁၈
နှစ်ပေါင်း ၁၀၀ တိုင် သက်တမ်းရှိပြီဖြစ်သော ရန်ကုန်တက္ကသိုလ်အား အမျိုးသားအဆင့် အမွေအနှစ် စာရင်းဝင်အဖြစ် ကြိုးပမ်းဆောင်ရွက်မည်ဖြစ် ကြောင်း မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန ပညာအသင်းမှ သိရသည်။
အာရှတွင် အစောဆုံးတည်ဆောက်သောတက္ကသိုလ်ပေါင်း၂၀ စာရင်းတွင် ပါရှိပြီး မြန်မာနိုင်ငံတွင် ပထမဆုံးတက္ကသိုလ်ဖြစ်သော ရန်ကုန်တက္ကသိုလ်ကို မူလလက်ရာများ မပျောက်ပျက်စေဘဲ နိုင်ငံတော်အဆင့် ထိန်းသိမ်းစောင့်ရှောက် ရမည့် ‘အမျိုးသားအဆင့်အမွေအနှစ်’ အဖြစ် ထိန်းသိမ်းနိုင်ရန် မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနပညာအသင်းက ဒီဇင်ဘာ ၂၉ ရက် ညပိုင်းတွင် Zoom Meeting ဖြင့် ဟောပြောပွဲကျင်းပသွားမည်ဖြစ်သည်။ အဆိုပါဟောပြောပွဲတွင် ရန်ကုန်တက္ကသိုလ်အား အမျိုးသားအဆင့်အမွေအနှစ်အဖြစ် ထိန်းသိမ်း ထားရှိရခြင်းအကြောင်းရင်း၊ အကျိုးကျေးဇူးနှင့် အခက်အခဲများ၊ အောင်မြင်ရန် ပူးပေါင်းဆောင်ရွက်ရမည့်ကဏ္ဍတို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ရန်ကုန်တက္ကသိုလ်ဟာ ပညာရေးတစ်ခုတည်း အောင်မြင်ခဲ့တာ မဟုတ် ပါဘူး။ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ခြေလှမ်း အစဖြစ်တဲ့ ၁၉၂၀-ခုနှစ် ကျောင်းသားသပိတ်ကအစ မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုတွေကို ဒီက ကျောင်းသား တွေ ဦးဆောင်ခဲ့တဲ့အပြင် ၁၉၈၈ ခုနှစ်နောက်ပိုင်းက နေ ၁၉၉၇ ခုနှစ်အထိ မျိုးဆက်သစ်တွေ ပေါ်ထွန်းခဲ့ တာကြောင့် သမိုင်းအစဉ် အလာကြီးတဲ့ တက္ကသိုလ်ကြီး ပါ။ ရန်ကုန်တက္ကသိုလ်နဲ့ မြန်မာနိုင်ငံရဲ့ ခေတ်ပြိုင် သမိုင်းဟာ ခွဲခြားလို့မရပါဘူး။ ဒီတက္ကသိုလ်ကြီးကနိုင်ငံ့ခေါင်းဆောင်တွေ၊ နိုင်ငံတကာလေးစားရတဲ့ ပုဂ္ဂိုလ်တွေမွေးဖွားပေးခဲ့တဲ့ ကျောင်းကြီးဖြစ်တဲ့ အတွက် ‘အမျိုးသားအဆင့်အမွေအနှစ်’ အဖြစ် သတ်မှတ်နိုင်ဖို့ ဖြစ်စေချင်ပါတယ်။ ယူနက်စကို အသိအမှတ်ပြုတဲ့ ပညာရှင်တွေနဲ့ ကျွမ်းကျင် ပညာရှင်တွေ အကြံဉာဏ်နဲ့ ပူးပေါင်းဆောင်ရွက်မယ် ဆိုရင် အောင်မြင်မယ်လို့မြင်ပါတယ်။ နိုင်ငံတော်ရဲ့ ဆုံးဖြတ်မှုနဲ့ တစ်ဆင့်ချင်းသွားရမှာပါ” ဟု မြန်မာ နိုင်ငံ ရှေးဟောင်းသုတေသနပညာအသင်းဥက္ကဋ္ဌ ဒေါ်ဥမ္မာမျိုးက ပြောသည်။
ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်
ရန်ကုန်တက္ကသိုလ်ကို နိုင်ငံတော်အဆင့် ထိန်းသိမ်းစောင့်ရှောက်မည့် အမျိုးသားအဆင့် အမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်ခြင်း ဖြင့် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်မှု ရစေမည်ဖြစ်ပြီး ဒေသတွင်းနိုင်ငံတို့ရှိ တက္ကသိုလ်တို့ထက်အားသာချက်ဖြစ်သော အင်လျားကန်၊ ကျောင်းဧရိယာဖွဲ့စည်း ပုံ၊ ကျောင်းအတွင်းရှိ ရုက္ခဗေဒအပင်မျိုးစုံ၊ ကိုလိုနီ ခေတ်ဗိသုကာလက်ရာနှင့် ယနေ့ခေတ်ဗိသုကာ လက်ရာများကို တွေ့မြင်နိုင်သောကြောင့် သမိုင်း တန်ဖိုးများစုစည်းရာ ရန်ကုန်တက္ကသိုလ်ကြီး ထိန်းသိမ်းစောင့်ရှောက်ရန် ပြင်ဆင်ဆောင်ရွက် ခြင်းဖြစ်သည်။ ထိုသို့ဖော်ဆောင်ရာ၌ သက်ဆိုင်ရာ ဌာနများနှင့် ကျွမ်းကျင်ပညာရှင်များ၊ တက္ကသိုလ် ကျောင်းသား ကျောင်းသူဟောင်းများ၊ ဆရာ ဆရာမ များနှင့် အများပြည်သူဆန္ဒ သဘောထားဖြင့် အမျိုးသားအဆင့်အမွေအနှစ်အဖြစ် ရန်ကုန် တက္ကသိုလ်ကြီးကို ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း သိရသည်။
ဂုဏ်သိက္ခာကြီးမား
မျိုးဆက်အလိုက် ဖြတ်သန်းခဲ့သော ရန်ကုန် တက္ကသိုလ်ကြီးသည် တစ်ချိန်က အာရှတွင် အဆင့်မြင့်သောတက္ကသိုလ်အဖြစ် ထင်ပေါ်ကျော် ကြားခဲ့ပြီး ဂုဏ်သိက္ခာကြီးမားခဲ့သောအတိတ်ကို တမ်းတနေခြင်းထက် ထိုအဆင့်သို့ ပြန်လည်ရောက်ရှိ အောင် ယနေ့ မျိုးဆက်သစ်များ ကြိုးစားစေလို ကြောင်း၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားဟောင်း များမှာ ထူးချွန်ထက်မြက်ပြီးကမ္ဘာနှင့် မြန်မာက လေးစားသူများအဖြစ်ရှင်သန်ခဲ့ကြရာ မျှော်မှန်းခဲ့ သော ပိုမိုကောင်းမွန်သည့် ပညာရေးရည်မှန်းချက် သို့ရောက်ရှိရန် ဝိုင်းဝန်းကြိုးပမ်းဖော်ဆောင်မှုဖြင့် တစ်ချိန်က ပုံရိပ်ကိုရရှိရန်၊ နိုင်ငံ့ဂုဏ်ဆောင် ရန်ကုန်တက္ကသိုလ်ကြီးကို အမျိုးသားအဆင့်အမွေ အနှစ်အဖြစ် လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက် နိုင်စေရန် မြန်မာနိုင်ငံ သုတေသနပညာအသင်း ကကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း ဒေါ်ဥမ္မာမျိုး က ဖြည့်စွက်ပြောသည်။
သန်းထိုက်
ဓာတ်ပုံ - သန်းစိုး