Skip to main content

ရန်ကုန် မြစ်ကြောင်းတစ်လျှောက် နှစ်ထပ်အပျော်စီးသင်္ဘော ပြေးဆွဲမည်

ရန်ကုန် ဒီဇင်ဘာ ၁၈

ရန်ကုန်မြို့၏ မြစ်ကြောင်းတစ်လျှောက်ရှိ နေဝင်ချိန်ဆည်းဆာအလှကို ကြည့်ရှုခံစား နိုင်စေရန်ရည် ရွယ်၍ နှစ်ထပ်အပျော်စီး သင်္ဘောခရီးစဉ်အား ဒီဇင်ဘာ ၂၀ ရက်တွင် စတင် ပြေးဆွဲသွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

ပြေးဆွဲပေးရန်လျာထား

အဆိုပါ အပျော်စီးသင်္ဘောပေါ်တွင် ခရီးသည် ၁၂၀ လိုက်ပါစီးနင်းနိုင်မည် ဖြစ်သော်လည်း လိုက်နာ ရမည့် ကျန်းမာရေး ဆိုင်ရာစံသတ်မှတ်ချက်များနှင့်အညီ ခရီးသည် ၃၀ ကိုသာတင်ဆောင်၍ အပျော်စီး သင်္ဘောခရီးစဉ်အား ပြေးဆွဲပေးမည်ဖြစ် ကြောင်း၊ ဒီဇင်ဘာ ၂၀ ရက်ညနေပိုင်းတွင် စမ်းသပ်ပြေးဆွဲသည့်အနေဖြင့် ရန်ကုန်မြို့ ပန်းဆိုးတန်း ဆိပ်ကမ်းအနီးရှိ ကျန်းမာရေး ဆိပ်ကမ်းမှတစ်ဆင့် ညနေ ၄ နာရီတွင် စတင်ထွက်ခွာ ပြေးဆွဲမည်ဖြစ်ကြောင်း၊ ယင်းရက်တွင် ဖွင့်ပွဲမှ တာဝန်ရှိသူများနှင့် သတင်းမီဒီယာများအား တင်ဆောင်၍ ပြေးဆွဲမည်ဖြစ်ကြောင်း၊ ခရီးသည် များ အတွက် လာမည့် ဒီဇင်ဘာ ၂၅ ရက်(ခရစ္စမတ်)ညနေပိုင်းခရီးစဉ်အား စတင်ပြေးဆွဲ မည်ဖြစ်ပြီး ဒီဇင်ဘာ ၂၆ ရက်နှင့် ၂၇ ရက် ညနေပိုင်းခရီးစဉ်များကိုလည်း ပြေးဆွဲပေးရန် လျာထားကြောင်း သိရသည်။

''အပန်းဖြေခရီးစဉ်ဖြစ်တဲ့အတွက်ကြောင့် သင်္ဘောကကြီးတယ်၊ ပြီးတော့ Social Distancing နှင့်အညီလည်းဖြစ်ဖို့နဲ့ လိုက်ပါစီးနင်းတဲ့ ခရီးသည်တွေ လေကောင်းလေသန့် လည်းရအောင် သင်္ဘောရဲ့အပေါ်ထပ်မှာ ထိုင်ခုံနေရာတွေကို တစ်နေရာနှင့် တစ်နေရာ ချဲထားပါတယ်။ ဒီဇင်ဘာ ၂၀ ရက်ကတော့ ဖွင့်ပွဲပြုလုပ်ပြီး ခရစ္စမတ်နေ့မှာ ခရီးသည်များ အတွက် ပြေးဆွဲပေးမှာလည်း ဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ ခရီးသွားပြည်သူများက လည်း တောင်းဆိုတယ်ဆိုရင် ခရီးသည် ရှိသလောက်နဲ့ စိတ်ဝင်စားတဲ့သူ ရှိသလောက်ကို စနေနဲ့ တနင်္ဂနွေရက်တွေမှာ အပတ်စဉ်ပြေးဆွဲ ပေးသွားမှာဖြစ်ပါတယ်။ ထိုင်ခုံလက်မှတ်ခ နှုန်းထားက တစ်ဦးကို ငွေကျပ် တစ်သောင်းခွဲလို့ အကြမ်းဖျင်းသတ်မှတ်လျာထားတယ် ဆိုပေမယ့် လက်မှတ်ခနှုန်းထား အတိအကျကို ဒီဇင်ဘာ ၂၁ ရက်မှာ အများပြည်သူ သိအောင် ကြေညာပေးသွားမှာဖြစ်ပါတယ်''ဟု မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

နှစ်ထပ်အပျော်စီးသင်္ဘောခရီးစဉ် စတင်ပြေးဆွဲပြီဆိုပါက ခရီးသည်များအနေဖြင့် ညနေ ၃ နာရီ ၄၅ မိနစ်တွင် သင်္ဘောပေါ်သို့ တက်ကြရမည်ဖြစ်ပြီး ညနေ ၃ နာရီခွဲတွင် ကောင်တာပိတ် မည်ဖြစ် ကြောင်း၊ ပြေးဆွဲပေးမည့် ခရီးစဉ်အရ ကျန်းမာရေး ဆိပ်ကမ်းမှ တစ်ဆင့် ညနေ ၄ နာရီတွင် စတင် ထွက်ခွာပြေးဆွဲမည်ဖြစ်ပြီး ရန်ကုန်မြစ်တွင်းမှထွက်ကာ ဗိုလ်တထောင်ဘုရား အနီးတစ်ဝိုက်၊ ထိုမှ တစ်ဆင့် သန်လျက်စွန်းသို့ ပြေးဆွဲ၍ သန်လျက် စွန်းမှပြန်ကွေ့ကာ တောက်လျှောက် ရန်ကုန်မြစ် အတိုင်း ပြေးဆွဲမည်ဖြစ်သည်။ ယင်း နောက် တွံတေးမြစ်ဝရှိ မြစ်သုံးစင်းဆုံရာနေရာသို့ ဆက်လက် ပြေးဆွဲကာ ထိုမှတစ်ဆင့် ကြည့်မြင်တိုင်ကမ်းနားလမ်းတောက်လျှောက် ဘုရင့်နောင်တံတားအနီးထိ ပြေးဆွဲ၍ ကျန်းမာရေးဆိပ်ကမ်းသို့ ပြန်လည်မောင်းနှင် ရောက်ရှိလာမည်ဖြစ်သည်။

ညနေ ၄ နာရီတွင် စတင်ထွက်ခွာပြေးဆွဲမည်ဖြစ်သည့်အတွက် နေဝင်ချိန် ဆည်းဆာ အလှကို နှစ်ထပ်အပျော်စီးသင်္ဘောပေါ်မှ တစ်ဆင့် ကြည့်ရှုခံစားနိုင်ကြမည်ဖြစ်သည်။ အပြန်ခရီးစဉ်၌ ညဦးပိုင်းဖြစ်သွားသည့်အတွက် ရန်ကုန်မြို့၏ ညပိုင်းမီးထွန်း ထားသည့် အလှအပများအား ရန်ကုန်မြို့၏ မြစ်ကြောင်းတစ်လျှောက်မှတစ်ဆင့် ကြည့်ရှုခံစားနိုင် ကြမည်ဖြစ်ကြောင်းလည်း သိရသည်။

သတင်း-ပွင့်သစ္စာ

ဓာတ်ပုံ-စိုးမြင့်အောင်