နေပြည်တော်၊ ဒီဇင်ဘာ ၁၈
တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံတန်ဖိုးရှိအိုက်စ်များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။
ယင်းထုတ်ပြန်ချက်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဒီဇင်ဘာ ၁၆ ရက်မွန်းလွဲ ၁ နာရီတွင် ကြိုတင်သတင်းအရ တာချီလိတ် မြို့နယ်၊ လွယ်စီတုံကျေးရွာ၊ လောကဓမ္မဘုန်းကြီးကျောင်းလမ်းတွင် စောင့်ဆိုင်းနေစဉ် ယန်းခေါင်ကျေး ရွာဘက်မှ လောကဓမ္မကျေးရွာဘက်သို့ အားဝေ မောင်းနှင်လာသည့် Toyota Hilux Revo Double Cab မော်တော်ယာဉ်နှင့် လီကောင်း(ခ)အားချာ မောင်းနှင်ပြီး အားဂျွေ့ လိုက်ပါလာသည့် Toyota Hilux Vigo Double Cab မော်တော်ယာဉ်တို့ရောက်ရှိလာသဖြင့် စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် လီကောင်း(ခ) အားချာ မှာထွက်ပြေးလွတ်မြောက်သွားပြီး အားဝေနှင့် အားဂျွေ့တို့အား ငွေကျပ်တစ် ဘီလီယံတန်ဖိုးရှိ အိုက်စ် ၅၀ ကီလို၊ မော်တော်ယာဉ်နှစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိ ခဲ့သဖြင့် အားဝေ၊ အားဂျွေ့၊ လီကောင်း (ခ)အားချာ(ဖမ်းမမိ)တို့အား ဥပဒေအရအရေးယူထားကြောင်းနှင့် သိမ်းဆည်း ရမိ သောအိုက်စ်များသည် ကျိုင်းတုံမှ တာချီလိတ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)