Skip to main content

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲရေးအတွက် ကျောင်းသား မိဘများ နှင့် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၈

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan-NESP 2021-2030) ရေးဆွဲရေးအတွက် ကျောင်းသားမိဘများနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီး ဌာနမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပညာရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်း ဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး ပြည်နယ်အသီးသီးရှိ ကျောင်းသားမိဘများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ အွန်လိုင်းဖြင့် ပါဝင်ဆွေးနွေးကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ ၂၁ရာစု ကမ္ဘာကြီးတွင် အလို အလျှောက် နည်းပညာ ၊ Artificial Intelligence၊  Robotics ၊ Cloud Computing ၊ Big Data ၊ Internet of Things စသည့် နည်းပညာများ ဖွံ့ဖြိုး တိုးတက်နေပါကြောင်း၊ နည်းပညာများ ဖွံ့ဖြိုးတိုးတက်သည့်အတွက် လုပ်သားစျေးကွက်ပြောင်းလဲပြီး အလုပ်အ ကိုင်အခွင့်အလမ်းကောင်းကောင်းရရန် ပြိုင်ဆိုင်မှုပြင်းထန်ပါကြောင်း၊ ပြိုင်ဆိုင်မှုပြင်း ထန်သည့်အတွက် ရိုးရိုးကျွမ်းကျင်မှုနဲ့မရတော့ဘဲ အဆင့်မြင့်ကျွမ်းကျင်မှုများက အရေး ပါလာပါကြောင်း၊ ကမ္ဘာကြီးတွင်လည်း ရာသီဥတုပြောင်းလဲလာပြီး သဘာဝပတ်ဝန်းကျင်း ထိန်းသိမ်းမှုအတွက် အရေးကြီးလာပါကြောင်း၊ အလုပ်အကိုင်နဲ့ လိုက်လျောညီထွေဖြစ် သည့် ကျွမ်းကျင်မှုများ ကို ပြင်ဆင်ထားရမည်ဖြစ်ပါကြောင်း၊ ယနေ့ ၂၁ ရာစု Digital Age တွင် အနာဂတ်အလုပ်အကိုင်ကောင်းရရန်အတွက် ကျောင်းသားလူငယ်များကို ဉာဏ် ရည်ဉာဏ်သွေး ထက်မြက်မှု (IQ) နှင့် စိတ်ရင့်ကျက်တည်ငြိမ်မှု၊ တစ်ပါးသူကိုစာနာပေး နိုင်မှု (EQ) စသည့် ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များရရှိအောင် စုပေါင်းအားနဲ့အကောင် အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

လူနည်းစုကသာ ဆုံးဖြတ်ခြင်း၊ ဆရာများကသာ ကျောင်းသားများကို သင်ကြား ခြင်း၊ ကျောင်းသားများက သင်ကြားပို့ချသည်ကို အလွတ်ကျက်မှတ်ခြင်း၊ ဆရာများက သင်ကြား၍ ကျောင်းအုပ်များက စီမံခန့်ခွဲခြင်း၊ သင်ရိုးညွှန်းတမ်းများ တစ်သမတ်တည်း စံသတ်မှတ်ထားခြင်း၊ ကျောင်းသားများကို စံသတ်မှတ်ထားသည့် စာမေးပွဲများဖြင့် စစ်ဆေးအကဲဖြတ်ခြင်းနှင့် စာမေးပွဲရလဒ် ကိုသာ ဦးစားပေးခြင်းတို့သည် ရှေးထုံးစဉ်လာ ပညာရေးဖြစ်ပါကြောင်း၊

ကိုဗစ်မဖြစ်ခင်အထိ New Normal Education System တွင် New Normal သည် Eco normal  အစိတ်အပိုင်းတစ်ခုဖြစ် လာပါကြောင်း၊ သက်ဆိုင်သူများအားလုံးက ပူးပေါင်း ပါဝင်ပြီး မိမိတို့ ကလေးငယ် များ၊ ကျောင်းသားကျောင်းသူများ၊ ပြည်သူများ အားလုံး အတွက် စုပေါင်းအင်အားဖြင့် တာဝန်ယူပြီး ဆုံးဖြတ်အကောင်အထည်ဖော်ရန်၊ ကျောင်း သားများကလည်း ဆန္ဒပြင်း ပြစွာ တည်တည်ငြိမ်ငြိမ် နက်နက်နဲနဲ ကျယ်ကျယ်ပြန့်ပြန့် ကြိုးစားပြီး သင်ယူကြရန် အရေးကြီးပါကြောင်း၊ သင်ယူရာတွင် ကျန်းမာလုံခြုံသော သင်ယူမှုဝန်းကျင်ကောင်း ဖြစ်ရန်လိုပါကြောင်း၊ ကျောင်းသားများ၏ အနာဂတ်သုခချမ်း သာတို့ကို တန်ဖိုးထားသလို ၂၁ ရာစု ကျွမ်းကျင်မှုများနှင့် စွမ်းဆောင်ရည်များကိုလည်း  တန်ဖိုးထားရမည်ဖြစ်ပါကြောင်း၊ ကျောင်းသားများ ၏ မတူညီသော နောက်ခံအခြေအနေ၊ သင်ယူမှုနယ်ပယ် မတူကွဲပြားခြားနားမှုများကိုလည်း အသိအမှတ်ပြုရန် လိုအပ်ပါ ကြောင်း၊ ယခုကိုဗစ်ဖြစ်လာသည့်အခါ Technology ကို အသုံးပြုပြီး သင်ယူမှုနယ်ပယ်ကို ဖန်တီးပေးရမည်ဖြစ်သကဲ့သို့ စာသင်ခန်းတွင်း သင်ကြား သင်ယူခြင်းသည် ကျောင်းသား ကျောင်းသူ၏ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်ကို အမြင့်ဆုံးရရှိနိုင်ရန် ယနေ့အချိန်ထိ အ စားထိုးလို့ မရနိုင်သေးပါကြောင်း၊  သို့ဖြစ်၍ High-Tech Learning နှင့် High-Touch Learning နှစ်ခုတို့ကို ပေါင်းစပ်အသုံးပြုသည့် Blended Learning ကလည်း အရေးကြီး လာပါ ကြောင်း၊ ကွဲပြားခြားနားသော ရည်ရွယ်ချက်များ အတွက် ပေါင်းစပ်သင်ယူမှုက လည်း တစ်သမတ်တည်းမဟုတ်သလို မတူညီသော အကဲဖြတ်ခြင်းနည်းလမ်းအမျိုးမျိုးကို အသုံးပြုရန်လည်း အရေးပါလာပါကြောင်း၊ အရည်အသွေး အာမခံမှုနှင့် တာဝန်ယူမှုရှိစေ ရေးအတွက် သုံးသပ်အကဲဖြတ်ခြင်းများ အရေးကြီးသလို အရည်အသွေးရှိသည့် ပညာ ရေးကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ရန်အတွက် တိုင်းရင်းသားပြည်သူတွေအား လုံး၏ အကြုံပြုဝေဖန်ချက်ပေးမှုကို အားပေး၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယင်းသည်ပင်  Traditional Education System နှင့်  New Normal Education System ၏ ကွာခြားချက်များဖြစ်ပါကြောင်း၊

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) တွင် ပြည်သူကိုကတိ ပြုထား သည့် ဦးစားပေးလုပ်ငန်း ၁၂ ရပ်ဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ အခြေခံပညာမူဝါဒအနေဖြင့် မည်သည့်ခွဲခြားမှုမျှမရှိရေး၊ မည်သူ တစ်ဦးတစ်ယောက်မှမကျန်ရှိရေး၊ ကျောင်းထွက်သူ မရှိရေးတို့ဖြစ်ပါကြောင်း၊ ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာများတွင် အဆင်းရဲဆုံး သူများသည် ကျောင်းလုံးဝမနေသူများ ဖြစ်ကြောင်း၊ ဒုတိယအဆင်းရဲဆုံးသူများသည် မူလတန်းနှင့် ကျောင်းထွက်ခဲ့သူများ ဖြစ်ကြောင်း၊ တတိ ယအဆင်းရဲဆုံးသူများသည် အလယ်တန်းနှင့် ကျောင်းထွက်ခဲ့သူများ ဖြစ်ပါကြောင်း ဖော် ပြထားပါကြောင်း၊ ထို့ကြောင့် ဆင်းရဲမှုကလွတ်မြောက်ရန်အတွက် ကျောင်းသားကျောင်း သူတိုင်း လူတိုင်းသည် အခြေခံပညာအထက်တန်း ပြီးမြောက်ရန် လိုပါကြောင်း၊ ကျွမ်းကျင် မှုရအောင် အသက်မွေး ဝမ်းကျောင်းသင်တန်းများလိုပါကြောင်း၊ တစ်သက်တာ သင်ယူမှု အခွင့်အလမ်းများနှင့် တက္ကသိုလ်ပညာများကို ဆက်လက်သင်ယူပြီး စဉ်ဆက်မပြတ် အတတ်ပညာစွမ်းရည်တိုးတက်ရေး  အခွင့်အရေးများရရန် အရေးကြီး ပါကြောင်း၊

ပညာရေးဝန်ကြီးဌာန၏ မျှော်မှန်းရလဒ်အနေဖြင့် ကျောင်းသားကျောင်းသူများအား လူသားကောင်းများဖြစ်လာရေး၊ ပူးပေါင်း ဆောင်ရွက်တတ်သူများဖြစ်လာရေး၊ တာဝန်ယူ တာဝန်ခံပြီး တာဝန်ကျေပွန်စွာ ဆောင်ရွက်တတ်သူများဖြစ်လာရေး၊ အကောင်းဆုံးလုပ် ဆောင်တတ်သည့် ဆန်းသစ် တီထွင်ဖန်တီးသူများဖြစ်လာမှသာ အလုပ်ကိုင်ကောင်း ကောင်းလုပ်နိုင်မည်ဖြစ် ကြောင်း၊ တစ်ဦးနှင့်တစ်ဦး ကူညီတတ်သည့် လူသားကောင်းများ ဖြစ်ရန် အရေးကြီးပါကြောင်း၊ ပူးပေါင်းဆောင်ရွက်တတ် ရန်အရေး ကြီးပါကြောင်း၊ ထိုမျှော် မှန်းရလဒ်များ ဖြည့်ဆည်းပေးနိုင်မည့် အရည်အသွေးရှိသော ပညာရေးကို ဦးတည်အ ကောင်အထည်ဖော်ဆောင်ရွက်နေသည်ကို အလေးအနက်ထားတင်ပြလိုပါကြောင်း၊

အဓိကအနေဖြင့် ပညာရေးအတွက် ရင်းနှီးမြှုပ်နှံနေခြင်းဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်သည့် အခါတွင် သင်ယူမှုအခွင့်အလမ်း ရရှိရေးအတွက် ပြည်ထောင်စုတွင် တိုင်း ရင်းသားလူမျိုးပေါင်းစုံ နေထိုင်သောကြောင့် တိုင်းရင်းသားဒေသများကို ဦးစားပေး၍ သင် ယူမှုအခွင့်အလမ်းရရှိအောင် ဆောင်ရွက်ပေးနေပါကြောင်း၊ သင်ရိုးညွှန်းတမ်းများ မြှင့်တင် ၍ အခြေခံပညာ၊ နည်းပညာနှင့် သက်မွေးပညာရေး၊ အဆင့်မြင့်ပညာ တက္ကသိုလ်သင်ရိုး ညွှန်းတမ်းများ မြှင့်တင်၍ ဆောင်ရွက်နေပါကြောင်း၊

ဆရာဆရာမများအား သင်ကြားသင်ယူမှုနည်းလမ်းများ၊ သင်ထောက်ကူပစ္စည်းများ အသုံးပြု နည်းသင်တန်းများ ပေးခဲ့ပါ ကြောင်း၊ နည်းပညာများ၊ ကွန်ပျူတာများကို အခြေခံ အထက်တန်း ကျောင်းများတွင် ဖြည့်ဆည်းပေးနေပါကြောင်း၊ လိုအပ်နေ သည့် စာသင် ခန်းများ၊ စာကြည့်တိုက်များ၊ သောက်ရေသုံးရေများ၊ သန့်စင်ခန်းများနှင့် အားကစားကွင်း များ ဖြည့်ဆည်းပေးခဲ့ပါကြောင်း၊ မိဘများ၏အကြံဉာဏ်များနှင့်အတူ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စား လှယ်များ နှင့်ပူးပေါင်း၍ တိုင်းရင်းသား ဒေသများကို ဦးစားပေးလျက် လိုအပ်ချက်ရှိသောနေရာများတွင် ဆက်လက်ဖြည့်ဆည်း ပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

အရည်အသွေးရှိသော  ပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဆရာဆရာမများ ခန့်ထားခြင်း၊ ပြောင်းရွေ့ခြင်း၊ သတ်မှတ်အရည်အချင်းကိုက်ညီသူများကို ရာထူးတိုးပြောင်း အခွင့်အလမ်းမူဝါဒများ သတ်မှတ်ချက်များနှင့်အညီ ရာထူးတိုးမြှင့် ပေးခြင်းများ ဆောင်ရွက်ပေးနေ ပါကြောင်း၊ အရည်အသွေးရှိသော ပညာရေးတွင် ဆရာဆ ရာမ၏ အရည်အချင်းက အဓိကဖြစ်သည့် အတွက် ၂ နှစ်သင် ပညာရေးကောလိပ်များကို ၄ နှစ်သင် ပညာရေးဒီဂရီကောလိပ်များအဖြစ် အဆင့်မြှင့် တင်ပေး ခဲ့ပါကြောင်း၊ သုတေသန လုပ်ငန်းသည် တက္ကသိုလ်၏အသက်ဖြစ်ပါကြောင်း၊ သုတေသနဆောင်ရွက်ခြင်း၊ သုတေသန စာတမ်းဖတ်ခြင်း၊ သုတေသနဂျာနယ်များတွင် စာတမ်းရေးသားခြင်းစသော သုတေ သနစွမ်းဆောင်ရည်မြှင့်တင်မှုများ ကိုလည်း အားပေးလျက်ရှိပါကြောင်း၊

ယခုအခါ အခြေခံပညာအထက်တန်းကျောင်းများ၊ နည်းပညာနှင့် သက်မွေးပညာ ကျောင်းများ၊ တက္ကသိုလ်များတွင် WIFI ၊ Website များ ဆောင်ရွက်ပေးနေပါကြောင်း၊  စာကြည့်တိုက်များတွင်လည်း e-library Facility များ ဖန်တီးပေးရန်လိုပါကြောင်း၊

သင်ယူမှုဝန်းကျင်သည် လုံခြုံရန်၊ ဘေးကင်းရန်နှင့် ကျန်းမာရန်လိုအပ်ပါကြောင်း၊ အရည်အသွေး ရှိသော သင်ယူမှုဝန်းကျင် ကောင်း ဖြစ်ရန်အတွက် အရေးကြီးပါကြောင်း၊ နည်းပညာသင်ကြားရေးနှင့် လေ့ကျင့်ရေးများတွင်လည်း ပုံမှန်သင်တန်းများအပြင် ဒေသ အကျိုးပြု ကာလတိုသက်မွေးသင်တန်းများကိုလည်း ဆောင်ရွက်ပေးနေပါကြောင်း၊ Myanmar Digital Education Platform (MDEP) တွင် Learning Management System များဖြင့် အခြေခံပညာရေးနှင့် နည်းပညာနှင့် သက်မွေးပညာရေးများတွင်  အခမဲ့သင်ယူ နိုင်အောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

South-East Asia  Primary Learning Matrix (SEA PLM) ကို အာဆီယံ (၆)နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ မလေးရှား၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံ တို့က ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယူနီဆက်၊ ဆီမီယိုနှင့် ဩစတြေးလျတို့ ပူးပေါင်း ပြီး ဆောင်ရွက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသည် ပထမဆုံးဆောင်ရွက်သော နိုင်ငံဖြစ်ပါ ကြောင်း၊ SEA-PLM အစီရင်ခံစာအရ မြန်မာနိုင်ငံ Grade 5 ကျောင်းသား ကျောင်းသူများ သည် တခြားသော ၃ နိုင်ငံထက် စာဖတ်ခြင်း၊ ရေးသားခြင်းနှင့် သင်္ချာတွင် ပျမ်းမျှထက်သာ လွန်နေသည်ကို တွေ့ရပါကြောင်း၊ အရေးအဖတ်၊ သင်္ချာ၊ Global Citizenship စွမ်းရည် တွေ အားကောင်းသည် ကိုတွေ့ရသဖြင့် ဝမ်းသာပါကြောင်း၊ ဆရာဆရာမများအားလုံးကို ကျေးဇူးတင်ပါကြောင်း၊  အားနည်းချက်အနေဖြင့် ကလေးများ ၏ Positive Attitude အမြင်များ မြှင့်တင်ပေးရန် လိုအပ်နေသေးပါကြောင်း၊ ကျောင်းသားမိဘများ၊ မိဘဆရာ အသင်း၊ ဆရာဆရာမများ၊ ကျောင်းအုပ်များနှင့် တာဝန်ရှိသူများပူးပေါင်း၍ ရင်သွေးငယ် များ၏ သင်ယူတတ်မြောက်မှု အရည်အသွေး ကောင်းမွန်လာရေး ပူးပေါင်းဆောင်ရွက်မှု အားနည်းနေကြောင်းကို အစီရင်ခံစာတွင် ဖော်ပြထားပါကြောင်း၊ မိဘများ၏ပူးပေါင်း ပါဝင်မှု စုပေါင်းအင်အားဖြင့် အရည်အသွေးရှိသော ပညာရေးကို ဦးတည်ကြိုးပမ်းအ ကောင်အထည်ဖော်ရန် အရေးကြီးပါကြောင်း ပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အခြေခံပညာဦးစီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်များက အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲခြင်း လုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးကြသည်။

ယင်းနောက် တက်ရောက်လာသူများက အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲရေးနှင့်စပ်လျဉ်း၍ လည်းကောင်း၊ သိရှိလိုသည်များကိုလည်းကောင်း ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြကြောင်း သိရသည်။

သတင်းစဉ်