Skip to main content

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၆


ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာမှ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ ၊ ဒုတိယ ဥက္ကဋ္ဌ ဒုတိယ ဝန်ကြီး ဦးလှကျော် နှင့် ဝန်ကြီးဌာန(၁၁)ခုမှ ကော်မတီဝင်များနှင့် ဘာသာရပ် ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင်     ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက မိမိတို့ကော်မတီ၏ အဓိက တာဝန်များ အဖြစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှု လျှော့ချရေးဆိုင်ရာ မူဝါဒနှင့် လုပ်ငန်းစဉ်များ ချမှတ်ခြင်း ၊ နှစ်စဉ် ၊ နှစ်တို ၊ နှစ်ရှည် စီမံကိန်းများရေး ဆွဲခြင်း၊ အကောင် အထည်ဖော်မှုများအား ကြီးကြပ်ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ ကြီးကြပ်မှု ကော်မတီများနှင့် ပေါင်းစပ်ညှိနှိုင်းခြင်း၊ ဘဏ္ဍာရေးနှင့် နည်းပညာအကူအညီများ ရယူနိုင်ရန် ပေါင်းစပ်ညှိနှိုင်းခြင်း၊ အလုပ်အကိုင်နှင့် ဝင်ငွေတိုးတက် ရရှိနိုင်ရန် အရင်းမပျောက် မတည်ရန်ပုံငွေ ထူထောင်ပေးခြင်း၊ လိုအပ်သည့် ကော်မတီများ ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်းတို့ကို သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် အသိပညာရှင်၊ အတတ်ပညာရှင်များ ပြည့်စုံပါဝင်လျက် စုပေါင်းအားဖြင့် တာ ဝန်ယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း။
 မိမိတို့ ဝန်ကြီးဌာနအနေဖြင့်  အားလုံးပါဝင်ပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ရေရှည် တည်တံ့သော လယ်ယာကုန်ထုတ်လုပ်မှုစနစ် ထွန်းကားစေရန်နှင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွား ဘဝမြင့်မား လာစေရန် ရည်မှန်း၍ အမယ်စုံ လယ်ယာ၊ သားငါးကဏ္ဍ ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ငွေကြေးအရင်းအနှီးနှင့် သွင်းအားစုများ တိုးပွား ရရှိစေရေး၊ နည်းပညာ ပြန့်ပွား ရေးနှင့် ဈေးကွက်ချိတ်ဆက်ရေးကိစ္စရပ်များ၊ ကျေးလက် အခြေခံအ ဆောက်အအုံ ဖွံ့ဖြိုးရေး၊ အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု လုပ်ငန်းများ၊ ကျေး လက်ပြည်သူများ စွမ်းဆောင် ရည်မြင့်မားရေးကိစ္စရပ်များကို အထူးအလေးထား ဆောင်ရွက် ပေးလျက်ရှိ ကြောင်း။
ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးနှင့်စပ်လျဉ်း၍ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဥပဒေအရ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုအပိုင်းများကို ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန က အဓိကတာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်သော်လည်း ကော်မတီဝင်များ အနေဖြင့် မူဝါဒပိုင်း ဆိုင်ရာများနှင့် စီမံကိန်းရေးဆွဲရေး အပိုင်းများတွင် အကြံဉာဏ် များပေးခြင်း၊ ရန်ပုံငွေ လျာထားမှုနှင့် အကောင် အထည်ဖော်မှု အပိုင်းများတွင် လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းခြင်း လုပ်ငန်းနှင့် ကြီးကြပ်ကွပ်ကဲခြင်းများ ဆောင်ရွက် ပေးရန်ဖြစ်ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများမှာ ရပ်ရွာ အခြေပြု၊ ပြည်သူဗဟိုပြု ဆောင်ရွက်ရသည့်အပြင် လူမှုစီးပွားဘဝတိုးတက်မြင့်မားရေး အတွက် နယ်ပယ်စုံ ၊ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ပေးရခြင်း ဖြစ်သည့် အတွက် အလွန်ကျယ်ပြန့် နက်ရှိုင်းပါကြောင်း၊ သို့ပါ၍ ကော်မတီဝင် သက်ဆိုင်ရာ ဌာနများ၊ ပညာရှင်များ၏ အကြံဉာဏ် များနှင့် သက်ဆိုင်ရာကဏ္ဍ အသီးသီးမှ ပူးပေါင်း ဆောင်ရွက်မှုဖြင့်  လုပ်ငန်းများ ထိရောက်အောင်မြင်စေမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးခန့်ဇော် က ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း များတွင် ပါဝင်သည့် ပညာရေး၊ ကျန်းမာ‌ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍ၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေးကဏ္ဍ၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှုကဏ္ဍ၊ စီမံကိန်းရေးဆွဲရေးနှင့် ပြည်တွင်းပြည်ပ အထောက်အပံ့ အကူအညီ ရရှိရေးကိစ္စရပ်များ၊ မြေယာစီမံခန့်ခွဲမှု ကိစ္စရပ် များ၊ တစ်နိုင်တစ်ပိုင် အိမ်တွင်းမှုလုပ်ငန်းများနှင့် စျေးကွက်ချိတ်ဆက်ရေး ကဏ္ဍများ၌   ကော်မတီဝင် သက်ဆိုင်ရာဌာနများနှင့် နှီးနွယ်ချိတ်ဆက် ရသည့် အပိုင်းများကို ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးမှ  လုပ်ငန်းကဏ္ဍများအလိုက် တင်ပြ ဆွေးနွေး ကြရာ ကော်မတီ ဥက္ကဌ ၊ ဒုတိယဥက္ကဌနှင့် တာဝန်ရှိသူများက ဖြည့်စွက် ဆွေးနွေးခဲ့ ကြသည်။ အထူးသဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှု လျော့ချရေး လုပ်ငန်း များသည် ကဏ္ဍ ပေါင်းစုံ  ချိတ်ဆက် ဆောင်ရွက်ရသည့်အတွက် အားလုံး ပူးပေါင်းကြိုးပမ်း ဆောင်ရွက်ရမည့် အပိုင်းများ၊ ကော်မတီဝင် သက်ဆိုင်ရာ ဌာနများအနေဖြင့် မိမိတို့ကွပ်ကဲမှု အောက်ရှိ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ရုံးများသို့လည်း ပေါင်းစပ်ညှိနှိုင်းမှု အားကောင်းစေရန် ထပ်ဆင့်လမ်းညွှန် မှာကြားပေးရမည့် ကိစ္စရပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ အဖွဲ့များ၏ ရန်ပုံငွေများ ပိုမိုခွဲဝေရရှိရေး အတွက် ညှိနှိုင်းပေါင်းစပ်ရမည့် ကိစ္စရပ်များအပေါ် ဖြည့်စွက် ဆွေးနွေးခဲ့သည်။  
ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဥပဒေ ၏ ရည်ရွယ်ချက်များဖြစ်သည့် “ကျေးလက် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့ပြနှင့်ကျေးလက် လူမှုစီးပွားကွာဟ ချက်များ ကျဉ်းမြောင်းလာစေရေး၊ ပြည်သူပူးပေါင်းပါဝင်မှုဖြင့် ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရေး၊ ကျေးလက်ပြည်သူများ၏ စွမ်းဆောင်ရည်တိုးတက်စေရေးနှင့် ဘေးအန္တရာယ် ကျရောက် ပါက တုံ့ပြန်ကာကွယ်နိုင်မှု အားကောင်းသော လူမှုအဖွဲ့အစည်းများ ဖြစ်ပေါ်လာ စေရေး၊ ဒေသခံ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုကို အားပေးမြှင့်တင်ရေး၊ ကျေးလက် ပြည်သူ များ၏ တစ်ကိုယ်ရည်  သန့်ရှင်းရေးနှင့် အိမ်တွင်းလေထုညစ်ညမ်းမှု ကာကွယ်ရေး” တို့ကို ထိရောက် အောင်မြင်စေရေးအတွက် ပေါင်းစပ် ညှိနှိုင်းမှုများ ပိုမိုခိုင်မာ အားကောင်းလာစေရန် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီကို ဥပဒေနှင့်အညီ ပြည် ထောင်စုအစိုးရအဖွဲ့ က (၁.၆.၂၀၂၀) ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၄၀/ ၂၀၂၀) ဖြင့် ဖွဲ့စည်းခဲ့ပြီး  ကော်မတီတွင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးနှင့် နှီးနွယ်ဆက်စပ်သည့် ဝန်ကြီး ဌာန(၁၁)ခုမှ တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များပါဝင်၍ စုစု ပေါင်း ကော်မတီ ဝင်(၂၂)ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
(သတင်းစဉ်)