ရန်ကုန် ဒီဇင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများ၌ လုပ်အားပေးဆောင်ရွက် ရန် စေတနာ့ဝန်ထမ်းဆရာဝန်များ လိုအပ်လျက်ရှိကြောင်း မြန်မာနိုင်ငံဆရာဝန်အသင်းမှ သိရသည်။
ရန်ကုန်မြို့ရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများ၌ မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဆရာဝန်များက တစ်ဖက်တစ်လမ်းမှနေ၍ ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိရာ ရေရှည်တွင် လူအင်အားနှင့် အလုပ်ဝန်အင်အား မမျှတမှုများကြောင့် လက်ရှိတွင် စင်တာတစ်ခုလျှင် အနည်း ဆုံး စေတနာ့ဝန်ထမ်းဆရာဝန် ၁၀ ဦးခန့်စီ လိုအပ်လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများဖြစ်သည့် ဖော်ကျွန်းပလာဇာ၊ လှိုင်၊ ရိုးမရိပ်သာ၊ အောင်မြင့်မိုရ်၊ ဖောင်ကြီး၊ ဧရာဝတီ စသည့် စင်တာများ၌ လုပ်အားပေးဆောင်ရွက်ရန် စိတ်ပါဝင်စားသည့် စေတနာ့ဝန်ထမ်းဆရာဝန်များအနေဖြင့် မြန်မာနိုင်ငံဆရာဝန်အသင်း MMA CME လူမှုကွန်ရက်စာမျက်နှာရှိ Google Form တွင် အချက်အလက်ပြည့်စုံစွာ ဖြည့်စွက်၍ စာရင်းပေးသွင်းနိုင်ပြီး ဖုန်း-၀၉-၅၁၃၇၅၇၀ ထံသို့လည်း ဆက်သွယ်စာရင်းပေးသွင်းနိုင် ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း မြန်မာနိုင်ငံဆရာဝန်အသင်းအနေဖြင့် ကုသရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကိုဗစ်-၁၉ စင်တာများသို့ စေတနာ့ဝန်ထမ်းဆရာဝန်များ ပို့ဆောင်ပေးခြင်း၊ ပြည်သူများ ကြုံတွေ့နေရသည့် ကျန်းမာရေးပြဿနာများကို တယ်လီဖုန်းမှ တစ်ဆင့် တိုင်ပင်ဆွေးနွေး အကြံဉာဏ်ရယူနိုင်သည့် အစီအစဉ်ကို ဆောင်ရွက်ပေးခြင်း၊ လူထုအခြေပြုဖျားနာကုအခမဲ့ဆေးများဖွင့်လှစ်နိုင်ရန် လိုအပ်သည့် သင်တန်းများနှင့် အကူအညီများ ပေးခြင်း၊ National COVID-19 Call Centre ၌ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခြင်း၊ Psychological Support ပေးသည့် Cousilling ကို အွန်လိုင်းမှ စီစဉ်ဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
အေးမင်းသူ