Skip to main content

မြန်မာ့ရုပ်ရှင်ရာပြည့် အထိမ်းအမှတ် အွန်လိုင်းရုပ်ရှင် ပဟေဠိပြိုင်ပွဲဆုရရှိသူများအား ဆုချီးမြှင့်မည်

ရန်ကုန် ဒီဇင်ဘာ ၁၄

မြန်မာ့ရုပ်ရှင် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် အွန်လိုင်းရုပ်ရှင်ပဟေဠိပြိုင်ပွဲ (8 PM Quiz Night Show) ကို ဒီဇင်ဘာ ၁၃ ရက် ည ၈ နာရီတွင် 7Day TV Facebook စာမျက်နှာမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ကျင်းပခဲ့သည်။

အဆိုပါ ရုပ်ရှင်ပဟေဠိပြိုင်ပွဲ အစီအစဉ်တွင် မြန်မာ့ရုပ်ရှင်ခေတ်ဦးမှ ယနေ့ကာလ အထိ ဖြတ်သန်းခဲ့သော ရုပ်ရှင်သမိုင်းကြောင်းများ၊ ရုပ်ရှင်သရုပ်ဆောင်များ၏ အနုပညာ လှုပ်ရှားမှုများ၊ ရုပ်ရှင်ဇာတ်ကားများ၊ အကယ်ဒမီဆုရရှိသူများစသည့် မေးခွန်းများကို မေးမြန်းခဲ့ပြီး စုစုပေါင်း ၉၁၇ ဦး ဝင်ရောက်ဖြေဆို ယှဉ်ပြိုင်ခဲ့ရာ ပထမဆုကို အမှတ်ပေါင်း ၂၃၃၃ မှတ်ရရှိသော Mi Theint အမည်ဖြင့် ဝင်ရောက်ဖြေဆို ခဲ့သူကလည်းကောင်း၊ ဒုတိယဆုကို အမှတ်ပေါင်း ၂၃၃၀ ရရှိခဲ့သော katkat 18 အမည်ဖြင့် ဝင်ရောက်ဖြေဆိုသူ က လည်းကောင်း၊ တတိယဆုကို အမှတ်ပေါင်း ၂၂၉၈ မှတ်ရရှိသော Nyein Chan အမည် ဖြင့် ဝင်ရောက်ဖြေဆိုသူကလည်းကောင်း ရရှိခဲ့ကြပြီး ဆုရရှိသူများအား ဒီဇင်ဘာ ၁၈ ရက်တွင် Virtual ဆုပေးပွဲအခမ်းအနားဖြင့် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့်အထိမ်းအမှတ် အွန်လိုင်းရုပ်ရှင် ပဟေဠိပြိုင်ပွဲဖြစ် မြောက်ရေးအတွက် သရုပ်ဆောင် အကယ်ဒမီဆုများရှင် ရန်အောင်၊ အကယ်ဒမီ နေတိုးနှင့် အကယ်ဒမီဆုများရှင် ထက်ထက်မိုးဦးတို့က ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ပြီး ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် 7 Day TV တို့က ပူးပေါင်းစီစဉ် တင်ဆက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ငြိမ်းကို(FDC)