Skip to main content

မြန်မာ့ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးအတွက် ဒီဇင်ဘာလအတွင်း ခရီးစဉ်များ ဆောင်ရွက် ရန်လျာထား

ရန်ကုန် ဒီဇင်ဘာ ၆

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ် ငန်းများ ရပ်ဆိုင်းခဲ့ရသဖြင့် ခရီးသွားလုပ်ငန်းများ ပြန်လည် စတင်နိုင်ရေးအတွက် ဒီဇင်ဘာလအတွင်း ခရီးစဉ်များ ဆောင်ရွက်ရန် လျာထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာနမှ သိရသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဒီဇင်ဘာ လအတွင်း ခရီးစဉ်လေးမျိုးစတင်နိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။ ကနဦးကြိုးပမ်းမှုအဖြစ် အပျော်စီး လေယာဉ်ခရီးစဉ်ကို ဒီဇင်ဘာလဆန်းတွင်လည်းကောင်း၊ မြစ်တွင်းသင်္ဘောခရီးစဉ်ကို ဒီဇင်ဘာလ ဒုတိယပတ်တွင် လည်းကောင်း၊ ကုန်းတွင်းယာဉ်တန်းနှင့် အဏ္ဏဝါခရီးသွား လုပ်ငန်းကို ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် လည်းကောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ သတ်မှတ်ထားသော ''စံ''သတ်မှတ်ချက်များပေါ်မူတည်၍ ဆောင်ရွက်သွားရန် လျာထားကြောင်း၊ ခရီးစဉ်များစတင်နိုင်မည့်အချိန် အတွက် လက်ရှိတွင် ကြိုတင်စီစဉ်သည့် အဆင့်တွင်သာရှိ သေးကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်းက ပြောကြား သည်။

“ခရီးစဉ်တွေက စီစဉ်တဲ့အဆင့်ပဲရှိပါသေးတယ်။ ရောင်းဖို့မဟုတ်သေးဘူး။ ဖွင့်ပြီဆိုတာနဲ့ ခရီးစဉ် ရောင်းလို့ရအောင် စီစဉ်နေတဲ့အပိုင်းဖြစ်ပါတယ်။ ကုန်းတွင်းယာဉ်တန်းကတော့ မော်တော်ယာဉ် ၁၀ စီးလောက်ရရင် ငွေဆောင်၊ ချောင်းသာ ကမ်းခြေတွေလည်း ဖွင့်ခဲ့ရင် အဲဒီဘက်ကို သွားပါမယ်”ဟု ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်းက ရှင်းပြ သည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ စင်းလုံး ငှားလေယာဉ်ရလျှင် အပျော်စီးလေယာဉ် ခရီးစဉ်အဖြစ် ရန်ကုန်မြို့မှစတင်ထွက်ခွာ၍ ရန်ကုန်သို့ပြန်လည်ဝင်ရောက် မည့်ခရီးစဉ်နှင့် ရန်ကုန်မြစ်အတွင်း သွားလာလည်ပတ်ခြင်း ခရီးစဉ်များပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ယခုအခါ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက် ရေးအတွက် စွန့်စားအားကစား ခရီးသွားလုပ်ငန်း၊ အစား အသောက်ဆိုင်ရာခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုဆိုင်ရာခရီး သွားလုပ်ငန်း၊ သဘာဝအခြေခံ ခရီးသွား လုပ်ငန်း၊ စိုက်ပျိုးရေး အခြေခံခရီးသွားလုပ်ငန်း၊ မြစ်တွင်းနှင့် မီးရထား အပျော်စီးခရီးသွားလုပ်ငန်း၊ ကုန်းတွင်းယာဉ်တန်းနှင့် အဏ္ဏဝါ ခရီးသွားလုပ်ငန်းနှင့် MICE ခရီးသွားလုပ်ငန်းတို့ကို ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန မှသိရသည်။

ပွင့်သစ္စာ