Skip to main content

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ ကျင်းပ

နေပြည်တော်   ဇန်နဝါရီ   ၂၇

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ဒုတိယအကြိမ် အမျိုးသား လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နှင့် ပြည့်စုံကြပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မေးခွန်းမေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်းနှင့် ဥပဒေကြမ်းများ ဆွေးနွေးအတည်ပြုခြင်းတို့အပြင် မိမိတို့၏ သက်ဆိုင်ရာကော်မတီလုပ်ငန်း တာဝန်များကိုလည်း ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပြီး အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်တို့ကို အပြန်အလှန် ထိန်းကျောင်းနိုင်ရေး ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။

(၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် နိုင်ငံတော်နှင့် ပြည်သူများ အကျိုးစီးပွားအတွက် မိမိတို့၏ လုပ်ငန်းတာဝန်များကို ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းရင်း နှုတ်ခွန်းဆက်သအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၁၁) မှ ဒေါက်တာဝင်းမြင့် ၏ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ကံသာယာ ကျေးရွာအုပ်စု၊ ကံသာယာ(တောင်စု) အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)အား အခြေခံပညာအလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ကံသာယာ (တောင်စု)ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)ကို စိစစ်ရာလက်ရှိ ပညာသင်နှစ်တွင် အလယ်တန်းအဆင့်သင်ကျောင်းသား၊ ကျောင်းသူ ၁၄၄ ဦးသာရှိပါကြောင်း၊ ထို့ပြင် အနီးဆုံး အလယ်တန်းအဆင့်သင်ကျောင်းဖြစ်သည့် သာယာကုန်းအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)နှင့် (၁)မိုင်ခရီးအတွင်း၌သာ ရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ လတ်တလောတွင်လည်း အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) အဆင့်ဖြစ်သည့်အတွက် အလယ်တန်းပညာရပ်များကို သင်ကြား၊ သင်ယူမှုအခွင့်အလမ်း ရရှိနေပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကံသာယာ(တောင်စု) ကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်း(ခွဲ)သည် ကျောင်းအဆင့် တိုးမြှင့်ရေးအတွက် ယခုနှစ်တွင် ဦးစားပေးအစီအစဉ်တွင် မပါရှိပါကြောင်း ဖြေကြားသည်။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘွဲခိန်း ၏ ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်၊ ထန်တလန်မြို့ အမှတ်(၁) အခြေခံပညာမူလတန်း (လွန်) ကျောင်းအား အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ထန်တလန်မြို့နယ်၊ အမှတ် (၁) အခြေခံပညာ မူလတန်း(လွန်)ကျောင်း၏ လက်ရှိ ပညာသင်နှစ်တွင် စုစုပေါင်း အလယ်တန်းအဆင့်သင် ကျောင်းသား၊ ကျောင်းသူ (၁၂၇) ဦးသာရှိပါကြောင်း၊ ထို့ပြင် အနီးဆုံး အလယ်တန်းအဆင့်သင် ကျောင်းဖြစ်သည့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် (၆) ဖာလုံခရီးအတွင်း၌ သာရှိပါကြောင်း၊ ထို့ကြောင့် တင်ပြပါ ကျောင်းသည် ကျောင်းအဆင့်တိုးမြှင့်ခြင်းဆိုင်ရာ သတ်မှတ်ချက်နှင့် လိုအပ်မှုများရှိနေသောကြောင့် ယခုပညာသင်နှစ်တွင် အဆင့် တိုးမြှင့်ခြင်းဆိုင်ရာ ဦးစားပေးအစီအစဉ်တွင် မပါရှိပါကြောင်း ဖြေကြားသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ကျော်ဝင်း၏ မောင်တောမြို့နယ်၊ အောင်သာယာ (န.တ.လ)ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း(ခွဲ)အား အခြေခံပညာမူလတန်းကျောင်းအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရန်နှင့် မောရဝတီ အခြေခံပညာ အလယ်တန်း ကျောင်းတွင် ပေ(၉၀ × ၃၀) RC နှစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းတို့နှင့် စပ်လျဉ်း၍ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက လွှတ်တော်ကိုယ်စားလှယ်၏ တင်ပြပါ ကျောင်းအနေဖြင့် မူလတန်းအဆင့်သင်ကျောင်းသား၊ ကျောင်းသူ (၅၅) ဦး ရှိသော်လည်း ဒေသလိုအပ်ချက်အရ အဆင့်တိုးမြှင့်ပေးရန် လိုအပ်နေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ကျောင်း အဆင့်တိုးမြှင့် သတ်မှတ်ခြင်းမူများကို ဖြေလျှော့ပေးပြီးလာမည့် ၂၀၂၀-၂၀၂၁ ပညာ သင်နှစ်ကျောင်းအဆင့် တိုးမြှင့်ခြင်းများ ဆောင်ရွက်ချိန်တွင် တိုးမြှင့်ရေး ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မောရဝတီ အခြေခံပညာအလယ်တန်း ကျောင်းတွင် RC နှစ်ထပ်ဆောင် ဆောက်လုပ်ရေးနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ် တင်ပြသကဲ့သို့ ဒေသဖွံ့ဖြိုးရေးနှင့် ဒေသနေပြည်သူများ၏ လိုအပ်ချက်အရလည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ ပညာရည်မြင့်မားမှုအရလည်းကောင်း လွှတ်တော်ကိုယ်စားလှယ်အနေဖြင့် ပေ(၉၀×၃၀) နှစ်ထပ် ကျောင်းဆောင် တင်ပြသော်လည်း ပေ(၁၀၀×၃၀) RC နှစ်ထပ် (၁)ဆောင်ကို လာမည့်ဘဏ္ဍာရေးနှစ် တွင်လျာထား၍ ခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

အလားတူရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင် ၏ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်အတွင်း ကျောက်တော်မြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် (ပြင်ပ) ရောက်ရှိနေသည့် ကျောင်းသား/ ကျောင်းသူများအား ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့်ရရှိရေး ဆောင်ရွက်ပေးရန်နှင့် ပြင်ပမှ ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအတွက် အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်နိုင်ရေး မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဦးထိန်ဝင်း၏ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ရုံးကြီးရပ်ကွက်၊ အမှတ်(၅)အခြေခံပညာ အလယ်တန်း ကျောင်း မြေပေါ်ရှိ မြို့နယ်မီးသတ်ဌာနမှ ဝန်ထမ်းအိမ်ရာ အဆောက်အဦများအား ဖယ်ရှားပေးနိုင်ရေး ဝန်ကြီးဌာန အချင်းချင်း ညှိနှိုင်းဆောင်ရွက် ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းတို့နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါ်ကျိန်ငိုက်မန် က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီးပေးပို့လာသော မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အဆိုပါ ဥပဒေကြမ်းအား လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၂) မှ ဦးအောင်သိန်း က ရှေ့ နေများကောင်စီနှင့် ရှေ့နေလိုက်သူများဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် က လက်ခံဆွေးနွေးရန် အဆိုတင်သွင်းရာ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၀) မှ ဦးသိန်းလွင် က ထောက်ခံပါကြောင်း ပြောကြားသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က ရှေ့နေများကောင်စီနှင့် ရှေ့နေလိုက်သူများဆိုင်ရာ ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် သင့်/မသင့် လွှတ်တော်၏ သဘောထားရယူရာသဘောမတူ သူမရှိ သည့်အတွက် လွှတ်တော်ကလက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်းနှင့် ဥပဒေကြမ်း ကော်မတီသို့ လွှဲအပ်ကြောင်းကြေညာသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇန်နဝါရီ ၃၀ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ စိုးဝင်းထွန်း