ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကျင်းပ

နေပြည်တော် ဩဂုတ် ၆

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကတိသစ္စာ မပြုရသေးသော တပ်မတော်သားအမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်းက အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ရှေ့မှောက်၌ ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။

ထို့နောက် ကချင်ပြည်နယ်  မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဇယ်ခေါင်၏ ဝိုင်းမော် - မန်ဝိန်း - ချီဖွေ သွားသော ကားလမ်းပေါ်ရှိ လမ်းဦးစီးဌာနမှ လမ်းအသုံးပြုခ ကောက်ခံ ခွင့်ပြုထားခြင်းမရှိဘဲ လမ်းအသုံးပြုခ ကောက်ခံနေသော ပြည်သူ့စစ်ဂိတ်များကို အမြန် ဆုံးဖြုတ်သိမ်းပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် က လက်ရှိအချိန်တွင် ဝိုင်းမော် - မန်ဝိန်း - ချီဖွေသွားသော ကားလမ်းတစ်လျှောက် လုံခြုံရေးနှင့် မသက်ဆိုင်သည့် ကိစ္စရပ်များ မရှိသည့်အပြင် ထပ်မံမဖြစ်ပေါ်စေရေး အလေးထားလိုက်နာဆောင်ရွက်သွားရန် ဇွန် ၁ ရက်တွင် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ခေါင်းဆောင်များနှင့် တာဝန်ရှိသူများအား တိုင်းစစ် ဌာနချုပ်သို့ ခေါ်ယူတွေ့ဆုံ၍ ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း ဖြေကြားသည်။

ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဂျေယောဝူ ၏ ကချင်ပြည်နယ်၊ ပူတာ အိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၊ ဇီးထန်ကျေးရွာ အုပ်စု၊ ချီလာဝါဒီကျေးရွာ သို့မဟုတ် လော်ဝူးချီလာကျေးရွာတွင် တရားဝင် (မြန်မာ - တရုတ်ကျောက်တိုင် အမှတ် - ၃၁) ဝင်ထွက်ဂိတ် တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ နှင့် နယ်စပ်ကူးစာအုပ် (BP) ထုတ်ပေး နိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းတို့နှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်  ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင် က ခေါင်လန်ဖူး မြို့နယ်၊ ဇီးထန်ကျေးရွာအုပ်စု၊ ချီလာဝါဒီကျေးရွာ သို့မဟုတ် လော်ဝူးချီလာကျေးရွာတွင် မြန်မာ - တရုတ် ကျောက်တိုင်အမှတ် - ၃၁ တရားဝင် ဝင်/ထွက်ဂိတ် တည်ဆောက်ပေးရန်နှင့် စပ်လျဉ်း ၍ အဆိုပါ ကျေးရွာများသည် လမ်းပန်းဆက်သွယ်ရေးအနေဖြင့် သွားလာရန် ခက်ခဲပြီး ဖွံ့ဖြိုးမှုအားနည်းသည့်အပြင် စီးပွားရေးအရ ကုန်စည်စီးဆင်းမှု အားနည်းသော ကြောင့် နယ်စပ် ဝင် /ထွက် ဂိတ်တွင် တာဝန်ချထားမည့် လုံခြုံရေးတပ်ဖွဲ့ဝင်အင်အားကို ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်နှုတ်ပေးနိုင်ခြင်း မရှိသေးသည်ကို သိရှိရပါကြောင်း။

မြန်မာ - တရုတ်ကျောက်တိုင်အမှတ် - ၃၁ ဝင်/ထွက်ဂိတ်နေရာသည် နှစ်နိုင်ငံ အကြားနယ်နိမိတ် တိုင်းတာသတ်မှတ်ပြီး ဖြစ်သော်လည်း နှစ်နိုင်ငံ သဘောတူစာချုပ် တွင် ခွင့်ပြုထားသည့် ဝင်ထွက်ပေါက် (၈)ခု တွင် ပါဝင်ခြင်းမရှိသေးပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါ ဝင်ထွက်ဂိတ်ဒေသသည် နယ်မြေလုံခြုံရေးဆောင်ရွက်ပေးနိုင်ခြင်း၊ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်ခြင်း၊ ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်လာခြင်းတို့ ရှိမည်ဆိုပါက နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် တရားဝင် ဖွင့်လှစ်သွားရန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သံတမန်လမ်းကြောင်းဖြင့် တရုတ်နိုင်ငံဘက်သို့ ညှိနှိုင်းပြီး ဖွင့်လှစ်ခွင့်ရရှိပါက နယ်စပ် ဖြတ်သန်းခွင့်စာအုပ် (Border Pass) ဖြင့် ဖြတ်သန်းနိုင်ရေး လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါ ကြောင်းဖြေကြားသည်။

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့် (ခ) ဦးလှမြင့်သန်း ၏ မွန်ပြည် နယ်၊ ကျိုက်ထိုမြို့နယ်၊ သုံးခွကျေးရွာအုပ်စုအနီးရှိ ဝက်ဝံတောင် သစ်တောကြိုးဝိုင်း၊ အကွက် အမှတ်(၅)အတွင်း မြေငှားတောင်သူများအား သစ်ပင်စိုက်ပျိုးရန် သက်ဆိုင်ရာမှ ခွင့်ပြု ထားသော်လည်း စိုက်ပျိုးခြင်းမပြုဘဲ ကုမ္ပဏီများမှ အဖွဲ့အစည်းတချို့နှင့် ပူးပေါင်းပြီး ရွှေတူးဖော်နေသဖြင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းနှင့် တောင်သူများထိ ခိုက်နစ်နာ နေမှုအပေါ် မည်ကဲ့သို့ အရေးယူဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက မေးမြန်း ချက်ပါ ဝက်ဝံတောင် သစ်တောကြိုးဝိုင်း၊ အကွက် အမှတ်(၅) ရှိ ရာဘာစိုက်ခင်းဧရိယာအတွင်း ရွှေသတ္တုတူးဖော်ရန် ခွင့်ပြု ထားခြင်း မရှိပါကြောင်းနှင့် ခွင့်ပြုချက် မရရှိဘဲ တရားမဝင် ရွှေသတ္တုတူးဖော်ပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစောမိုးမြင့် (ခ)ဆင်မြူရယ်၏ မြန်မာ နိုင်ငံရှိ တူးဖော်ပြီး၊ တူးဖော်ဆဲ သတ္တုတွင်းကြီးများ ဖြစ်ကြသော စပယ်တောင်၊ ကြေးစင်တောင် သတ္တုတွင်း၊ ကျောက်ပုထိုး ရွှေသတ္တုတွင်း၊ ဟိန္နားခဲမဖြူသတ္တုတွင်း၊ မောတောင် ဟင်းလင်းဖွင့် ကျောက်မီးသွေးသတ္တုတွင်း၊ ကလေး၀မြေအောက် ကျောက် မီးသွေးသတ္တုတွင်းများအား သတ္တုတွင်း ပိတ်သိမ်းခြင်း အစီအမံ ဆောင်ရွက်ထားခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက မေးခွန်းပါ သတ္တုတွင်း များအနက် စပယ်တောင် သတ္တုတွင်း တစ်ခုသာ လက်ရှိမိုင်း ပိတ်သိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေပြီး မိုင်းပိတ်သိမ်းမှု အစီအစဉ်ကိုလည်း စနစ်တကျ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်သတ္တုတွင်းစီမံကိန်းများမှာ လုပ်ငန်း ဆောင်ရွက်ဆဲ ဖြစ်ပြီး သတ္တုတွင်း ပိတ်သိမ်းခြင်း အစီအမံများအတိုင်း ပိတ်သိမ်းဆောင် ရွက်သွား မည်ဖြစ်ပါကြောင်း ဖြေကြားသည်။

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ် ၏ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနအနေဖြင့် စိတ် ကျန်းမာရေးဆိုင်ရာ ရောဂါဝေဒနာရှင်များကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်ကုသမှုပေးနိုင်ရန် အမျိုးသားအဆင့် စိတ်ကျန်းမာရေး မူဝါဒအား မည်သို့ချမှတ်ဆောင်ရွက်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က စိတ် ကျန်းမာရေးမူဝါဒနှင့် စပ်လျဉ်း၍နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ရှိ/မရှိ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ တွင် နိုင်ငံတော်၏ မူဝါဒနှင့် ကိုက်ညီမှု ရှိ/မရှိကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည် ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတို့ သို့လည်းကောင်း၊ မူဝါဒရေးရာနှင့် ဥပဒေရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့လည်းကောင်း ပေးပို့၍ သဘောထားမှတ်ချက်တောင်းခံခဲ့ပါကြောင်း။

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ် ရုံးတို့မှ စိတ်ကျန်းမာရေးမူဝါဒအကောင်အထည် ဖော်ရေး ကြုံတွေ့ရသည့် စိန်ခေါ်မှုများ ကို ဖြေရှင်းလျက် အားလုံးလက်လှမ်းမီသည့်စောင့်ရှောက်မှုများ၊ ဝန်ဆောင်မှုများပေးနိုင် ရန် ဆောင်ရွက်ရမည်ဖြစ်၍ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးကို အကျိုး သက်ရောက် စေသည့်အတွက် ကန့်ကွက်ရန် မရှိပါကြောင်းနှင့် ဥပဒေကြောင်းအရ မှတ် ချက်ပြုရန် မရှိပါကြောင်း သဘောထားမှတ်ချက်ပြန်ကြားလာပါကြောင်း။

ယခုအခါ ဝန်ကြီး ဌာနအနေဖြင့် New normal Condition တွင် စိတ်ကျန်းမာရေး ပြဿနာများ ပိုမိုများပြားလာနိုင်သည်ဖြစ်ရာ ပြဿနာများ ပေါ်ပေါက်လာမှ ဆောင်ရွက် ခြင်း (Reactive)ထက် ကြိုတင်ကာကွယ်ခြင်း (Proactive) တို့ကို ပြုလုပ်လျက်ရှိ ပါကြောင်း၊ စိတ်ကျန်း မာရေးစောင့်ရှောက်မှု မဟာဗျူဟာမြောက် ဆောင်ရွက်နိုင်ရေး အတွက် စီစဉ်ဆောင် ရွက်လျက်ရှိ ပါကြောင်း၊ စိတ်ကျန်းမာရေးမူဝါဒနှင့် စိတ်ကျန်းမာရေး မဟာဗျူဟာစီမံချက် ၂၀၂၀ - ၂၀၂၅ ကို အစိုးရအဖွဲ့အစည်းသို့ တင်ပြ၍ ထုတ်ပြန်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း ဖြေကြားသည်။

အလားတူ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးမင်းဆွေနိုင်၏ ကချင် ပြည်နယ်၊ မိုးညှင်းခရိုင်၊ ခုတင်(၁၀၀)ဆံ့ခရိုင် ဆေးရုံကြီးအတွက် (၉၀×၃၄×၂၄)ပေ RC (၂) ထပ်ဆောင်အသစ် ဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် မန္တလေး တိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါက်တာဦးကြွယ်ကြွယ် ၏ မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ တံတား ကျေးရွာအုပ်စု၊ တံတားအနောက် ကျေးရွာ ကျေးလက် ကျန်းမာရေးဌာနအား တိုက်နယ် ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ဖွင့် လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန် က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ယင်းနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန် က ဆေးပစ္စည်းကိရိယာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာ မျိုးအောင်က အဆိုပါ ဥပဒေ ကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက ပြင်ဆင်လို သည့် အပိုဒ်၊ အပိုဒ်ခွဲများကို အသေးစိတ်ဖော်ပြ လက်မှတ်ရေးထိုးပြီး အမည်စာရင်း တင်သွင်းနိုင်ကြောင်း  ကြေညာသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင် ရာကော်မတီ အတွင်းရေးမှူးဒေါက်တာ စန်းမောင်မောင် က ကော်မတီ၏ “ကင်ဆာရော ဂါဖြစ်ပွားမှု၊ သေဆုံးမှုနှုန်းများ လျှော့ချ ခြင်းနှင့် ကာကွယ်တားဆီးရေး လုပ်ငန်းများ လေ့လာဖော်ထုတ်ခြင်း စုံစမ်းလေ့လာမှု” အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အဆိုပါ ကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း ၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ယခုဒုတိယအကြိမ် အမျိုးသားလွှတ် တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို ရပ်နားမည်ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်မည့် ကာလအတွက် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၈ ရက်မှ ၁၈ ရက်အထိ ကာလကို လွှတ်တော်အစည်းအဝေးများ ခေတ္တရပ်နားသွားမည်ဖြစ် ကြောင်းနှင့် ဒုတိယအကြိမ် အမျိုးသား လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ဒသမနေ့ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြိုတင်အသိပေးမည်ဖြစ်ကြောင်း ကြေညာ သည်။

အောင်ရဲသွင်