Skip to main content

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး

နေပြည်တော် ဩဂုတ် ၂၇

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၂ ရက် မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသား လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးရဲထွဋ်၏ အစိုးရဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော နေ့စား/လပေး ဝန်ထမ်းများအား လခစား အမြဲတမ်းဝန်ထမ်းများအဖြစ် ခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းက ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီး ဌာနများတွင် ဖွဲ့စည်းပုံပါ စတင်ခန့်ရာထူးများ လစ်လပ်သဖြင့် ဝန်ထမ်းသစ်များ ခန့်ထားရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြခွင့်ပြုချက်ရယူပြီး သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများသည် စတင်ခန့် ရာထူးများအတွက် သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသူ ပြင်ပပုဂ္ဂိုလ်များ အား နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၅ မှ နည်းဥပဒေ ၂၂ အထိပါ ပြဋ္ဌာန်းချက် များနှင့်အညီ ရွေးချယ်ရေးအဖွဲ့ ဖွဲ့စည်း၍ ယှဉ်ပြိုင်ရွေးချယ်သည့်စနစ်ဖြင့် ရွေးချယ်ခန့်ထား ပါကြောင်း၊ ယင်းသို့ ခန့်ထားရာတွင် သတ်မှတ် အရည်အချင်းနှင့် ပြည့်စုံသူ နေ့စား/လပေး ဝန်ထမ်း များကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုစေ၍ ရွေးချယ်ခန့်ထားခြင်းများကို ဆောင်ရွက်နေပါ ကြောင်း။

ဌာန၏ လုပ်ငန်းလိုအပ်ချက်နှင့် ရာထူးနေရာလစ်လပ်မှုအပေါ်မူတည်၍ သတ်မှတ်အရည်အချင်း များနှင့်ကိုက်ညီပြီး လုပ်ငန်းစွမ်းဆောင်ရည်ရှိသော နှစ်ရှည်လ များ ထမ်းဆောင်နေကြသည့် နေ့စား/လပေးများကို အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်နိုင်ရန် နိုင်ငံ့ဝန်ထမ်း ခန့်ထားခြင်းဆိုင်ရာ မူဝါဒများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်း ဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီး ဌာနများမှ ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက်ရယူ ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦး၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ဘူတာကျေးရွာအုပ်စုရှိ ပဲပြစ်တော - ချောင်းဦးနွယ်ခွေလမ်းရှိ ပေ(၂၀) ကျယ်ဝန်း သော ရေကျော်နေရာတွင် ချောင်းကူးကွန်ကရစ် ရေကျော်ပြုလုပ်ပေးရန်အတွက် ၂၀၂၀ - ၂၀၂၁ ဘတ်ဂျက်တွင် ထည့်သွင်းလျာထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက လွှတ်တော် ကိုယ်စားလှယ် မေးမြန်းသည့် ချောင်းဦးရေကျော်သည် လမ်းအဆင့်သတ်မှတ်ချက် Class (B) ဦးစားပေး အဆင့် (၂) လမ်းပေါ်တွင်တည်ရှိပါကြောင်း၊ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာ ရေးနှစ် ပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင်၏ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ၊ လောက်ကိုင်မြို့တွင် အဆင့်မီ မြို့ပြရေပေးဝေရေးစနစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဒေသအတွင်း ရေရရှိရေးအတွက် ရေအရင်းအမြစ်ရှိမည့် နေရာများကို ကွင်းဆင်း ဆောင်ရွက်ရန် စီမံထားပြီးဖြစ်ပါကြောင်း၊ လက်ရှိ ကုမ္ပဏီ(၃)ခုမှ ပေးသည့် ရေအရင်းအမြစ် များသည်လည်း (၁၀)မိုင်မှ မိုင်(၂၀)အကွာအဝေးတွင်ရှိသည့် ရေအရင်းအမြစ်နေရာများ ဖြစ်ပါကြောင်း၊ ရေ၊ မြေအခြေအနေသည်လည်း ကျောက်မာအလွှာရှိပြီး ရေအောင်းလွှာများ မရှိသည့်အတွက် မြေအောက်ရေများ ရရှိနိုင်သည့် အနေအထားမဖြစ်နိုင်သည်ကို အကြမ်းဖျင်း ခန့်မှန်းရရှိပါကြောင်း။

ထို့ကြောင့် ဒေသတွင်းရှိသည့် ရေထွက်များတွင်လျှိုပိတ်ဆည်၊ တမံများ ဆောင်ရွက်ပေးနိုင်မှု အခြေအနေ ရှိ/မရှိ လုပ်ငန်းကိုလည်း အောက်တိုဘာလတွင် ကွင်းဆင်းဆောင်ရွက်သွားရန် စီမံထားပြီးဖြစ်ပါကြောင်း၊ လျှိုပိတ်ဆည်များ ရရှိရန်အတွက် လိုအပ်လာမည့် ရန်ပုံငွေအပိုင်းကို လည်း (၂) ပိုင်းစိစစ်ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ(JICA)နှင့် ဆောင်ရွက်သွားမည့် အစီအစဉ်များအတွင်း ထည့်သွင်း ဆောင်ရွက် သွားနိုင်ရန် ညှိနှိုင်းဆွေးနွေး ပေးမည်ဖြစ်ပါကြောင်း၊ ယခုမှာ ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေဖြင့် ဆောင်ရွက်ရမည့် အပိုင်းဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ အဖွဲ့အစည်းမှ လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြလာပါက မိမိတို့အနေဖြင့် စိစစ်ညှိနှိုင်းဆောင်ရွက် ပေးသွား မည်ဖြစ်ပါကြောင်း ဖြေကြားသည်။

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးကျော်သီဟ၏ ၂၀၁၉ခုနှစ်၊ မြန်မာ့ကျောက်မျက် ရတနာဥပဒေကို ပြင်ဆင်ရေးဆွဲခဲ့သည်မှာ တစ်နှစ်ကျော် ကြာ မြင့်ခဲ့ပြီဖြစ်သော်လည်း မြန်မာ့ ကျောက်မျက်ရတနာနည်းဥပဒေ မထွက်ရှိသေးသည့် ကိစ္စနှင့်စပ်လျဉ်း၍ ရေးဆွဲဆောင်ရွက်နေမှု အခြေအနေနှင့် အချိန်မည်မျှကြာအောင် ဆက်လက်ရေး ဆွဲမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက မြန်မာ့ကျောက်မျက်ရတနာ နည်းဥပဒေများ (မူကြမ်း) ကိုအတည်ပြုနိုင်ရေးအတွက် လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီသို့ ၂၀၂၀ ပြည့် နှစ် မတ် ၅ ရက်တွင် တင်ပြခဲ့ရာ အဆိုပါ ကော်မတီမှ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံရေးနှင့် လုံခြုံရေးဌာနကြီးသို့ ၂၀၂၀ ပြည့်နှစ် မတ် ၁၂ ရက်တွင် ပေးပို့ထားပါကြောင်းနှင့် လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီ၏ အဆုံးအဖြတ် အတည်ပြုချက်ရရှိပါက ပြည်ထောင်စု အစိုးရအဖွဲ့သို့တင်ပြ၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်နှင့်အညီ မြန်မာ့ကျောက်မျက် ရတနာနည်းဥပဒေများကို အတည်ပြုထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးကြည်ဝင်း ၏ ဧရာဝတီ တိုင်းဒေသကြီးအတွင်း လပ္ပတ္တာမြို့နယ်နှင့် ငပုတောမြို့နယ်အတွင်း တိုက်နယ်(၉) နယ် (ဆားတိုက်နယ်)ရှိ ဆားတောင်သူ (၅၄၆) ဦးအား မြန်မာနိုင်ငံအသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SME) ဖွံ့ဖြိုး တိုးတက်ရေးအတွက် ချေးငွေရရှိ ရေးဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ဆားတောင်သူများအနေဖြင့် COVID – 19 Fund မှ ချေးငွေများ ရယူလိုပါက အဆိုပြုလွှာပုံစံ ဖြည့်စွက်ပြီး စာရွက်စာတမ်း အထောက်အထား များနှင့်အတူ သတ်မှတ်ကာလအတွင်း လျှောက်ထားနိုင်မည် ဖြစ်ပါကြောင်းနှင့် MSME ချေးငွေများ ရယူလိုပါက ချေးငွေအမျိုးအစားအလိုက် သက်ဆိုင်ရာဘဏ်များတွင် သတ်မှတ်စည်းကမ်းချက် များနှင့်အညီ အဆိုပြုလျှောက်ထားနိုင်ပါကြောင်း ဖြေကြားသည်။

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်၏ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ရှားတောကွင်းကျေးရွာအုပ်စု၊ တူးမြောင်းကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်း (ခွဲ) တွင် ပေ(၁၀၀×၃၀) RC တစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက မင်းလှမြို့နယ်၊ တူးမြောင်းကျေးရွာ အခြေခံပညာအထက် တန်းကျောင်း (ခွဲ)အတွင်း လက်ရှိကျောင်း သားဦးရေအရ ကျောင်းဆောင်သစ် Type – C (ပေ ၉၀ × ၃၀)Steel Structure တစ်ထပ်ဆောင် ဆောင်ရွက်နိုင်ရန် ၂၀၂၀ - ၂၀၂၁ဘဏ္ဍာရေးနှစ် ပြင်ဆင် ထိန်းသိမ်းစရိတ် (၀၄၀၂) ခေါင်းစဉ်မှ စိစစ်ထည့်သွင်းလျာထားဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ၏ ရခိုင်ပြည်နယ်၊ စစ်တွေ ကွန်ပျူတာတက္ကသိုလ် တွင် တက်ရောက်နေကြသော ကျောင်းသား/ ကျောင်းသူ များ အဆင်ပြေစွာဖြင့် ပညာသင်ယူ ဆည်းပူးနိုင်ရန် လုံလောက်သောအဆောင် စီစဉ်ပေးနိုင်ရေးအတွက် လာမည့်နှစ်တွင် သင့်လျော်သော မြေနေရာအား သက်ဆိုင်ရာများမှ ပူးပေါင်းဆောင် ရွက်ပြီး အဆောင်တစ်ဆောင် ဆောက်လုပ် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ကွန်ပျူတာ တက္ကသိုလ် (စစ်တွေ) ၌ ကျောင်းသား၊ ကျောင်းသူအိပ်ဆောင်တည်ဆောက်ရာတွင် တက္ကသိုလ်ဝင်းနှင့်  တစ်ဆက်တစ်စပ် တည်း မြေနေရာရရှိပါက အဆင်အပြေဆုံး ဖြစ်ပါကြောင်း၊ မရနိုင်ပါကလည်း မနီးလွန်း၊ မဝေးလွန်းသည့် နေရာများတွင် သင့်လျော်သည့် မြေနေရာရရှိရန် လိုအပ်ပါကြောင်း၊ မြေနေရာရရှိသည် နှင့်တစ်ပြိုင်နက် အဆောင်ဆောက်လုပ်ရေးအတွက် ဘဏ္ဍာငွေထည့်သွင်း လျာထားဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

အလားတူ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၏ ကျောက်တော်မြို့နယ် အတွင်း အခြေခံပညာအဆင့်(၄)တန်း၊ (၈)တန်းနှင့် အခြားအတန်းများ စာမေးပွဲစစ်ဆေးမှုတွင် လုံခြုံရေး အခြေအနေအရ စာမေးပွဲဖြေဆိုခွင့် မရရှိခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူ များအတွက် လူငယ် များ၏ အနာဂတ် ပညာရေးကို မျှော်ကိုးပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့် မည်သို့စီမံဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၂)မှ ဦးစခင်ဇော်လင်း၏ ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ကမ္ဘဲ့ညောင်ကုန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)အား သတ်မှတ်ထားသော ခရီးမိုင်အကွာအဝေးနှင့် စည်းမျဉ်း စည်းကမ်းတချို့ကို ဖြေလျှော့ပြီး ၂၀၂၀ - ၂၀၂၁ စာသင်နှစ်တွင် အခြေခံပညာအလယ်တန်း ကျောင်း အဖြစ်သို့ အဆင့်မြှင့်တင်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်းမေးခွန်းတို့နှင့် စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။

ထို့နောက် အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၅)မှ ဦးမြင့်နိုင်နှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးတင်အောင်ထွန်းတို့က ဆွေးနွေးကြသည်။

ယင်းနောက် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီဝင် ဦးပြူးလွင်က လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ကော်မတီ၏ အစီရင်ခံစာကို သဘောတူလက်ခံ ရန် အဆိုတင်သွင်းသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုကို အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူမရှိသည့်အတွက် ကော်မတီ၏ အစီရင်ခံစာကို အတည်ပြုကြောင်း ကြေညာသည်။

ထို့နောက် ပြည်သူတို့၏တိုင်ကြားစာဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးလှမြင့် (ခေါ်) ဦးလှမြင့်သန်းက ကော်မတီ၏ အစီရင်ခံစာကို သဘောတူလက်ခံရန် အဆို တင်သွင်းသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုကို အတည်ပြုရန် လွှတ်တော်၏ သဘောထား ရယူရာ သဘောမတူသူမရှိသည့်အတွက် ကော်မတီ၏ အစီရင်ခံစာကို အတည်ပြုကြောင်း ကြေညာ သည်။

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ (၁၆)ကြိမ်မြောက် ပုံမှန်အစည်း အဝေးအထိ ပုံမှန်အစည်းအဝေးတစ်ခုပြီးဆုံးတိုင်း ယင်းအစည်းအဝေး ကာလ၏ ဆောင်ရွက်ချက် များကို ရှင်းလင်းပြောကြားခဲ့သလို  ယခု (၁၇)ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် ဆောင်ရွက် ခဲ့သည့် ဆောင်ရွက်ချက်များကိုလည်း ရှင်းလင်းပြောကြားသွားမည်ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၁၃ ရက်မှ ဩဂုတ် ၂၇ ရက်အထိ အစည်းအဝေးကျင်းပရက် (၁၂) ရက်အတွင်း အမျိုးသား လွှတ်တော်၏ ဆောင်ရွက်ချက်များအနေဖြင့် မေးခွန်းမေးမြန်းခြင်းကဏ္ဍတွင် လွှတ်တော် ကိုယ်စားလှယ်များက ပြည်သူလူထု၏ အကျိုးအလို့ငှာ အမျိုးသားလွှတ်တော်သို့ ကြယ်ပွင့်ပြ မေးခွန်း (၈၂)ခုနှင့် ကြယ်ပွင့်မပြမေးခွန်း (၁၂၇) ခုတို့ကို မေးမြန်းခဲ့ပါကြောင်း၊ လွှတ်တော် ကိုယ်စား လှယ်များ မေးမြန်းသည့် မေးခွန်းများအပေါ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များက လွှတ်တော်တွင် နှုတ်ဖြင့်ဖြေကြားခြင်း၊ စာဖြင့်ပေးပို့ဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။

ဥပဒေကြမ်းတင်သွင်းခြင်း ကဏ္ဍအနေဖြင့် အမျိုးသားလွှတ်တော်တွင်စတင် ဆွေးနွေးနိုင်ရန် ပေးပို့ ထားသည့် အမျိုးသားလွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးပြီး ဥပဒေကြမ်းကော်မတီသို့ ပြန်လည်ကြားနာနိုင်ရန် ပေးပို့ခဲ့သော အစိုးရ၏ ဝယ်ယူခြင်းနှင့် ပုံသေပိုင်ပစ္စည်းများ ထုခွဲခြင်းဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်၏ အဆုံးအဖြတ်ရယူပြီး ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ ပါကြောင်း။

ဆေးပစ္စည်းကိရိယာ ဥပဒေကြမ်းကို လွှတ်တော်သို့ အဆိုတင်သွင်းခြင်း၊ ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာဖတ်ကြားတင်သွင်းပြီး လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကာ ၎င်းတို့၏ ဆွေးနွေးချက်များကို ဥပဒေကြမ်းကော်မတီသို့ ပြန်လည်ကြားနာနိုင်ရန် ပေးပို့ခဲ့ပါကြောင်း၊ အမျိုးသား လွှတ်တော်တွင် စတင်ဆွေးနွေးအတည်ပြုပြီး ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့သည့် ဥပဒေကြမ်းများအနက် ကျန်းမာရေးမှူး ကောင်စီဥပဒေကြမ်းအား ပြည်သူ့ လွှတ်တော်က ပြင်ဆင် ချက်ဖြင့် ပြန်လည်ပေးပို့လာခဲ့ရာ လွှတ်တော်က ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း အတည်ပြုခဲ့ပါကြောင်း။

ပြည်သူ့လွှတ်တော်တွင် စတင်ဆွေးနွေး အတည်ပြုပြီး အမျိုးသားလွှတ်တော်သို့ ပေးပို့ခဲ့သည့် ဥပဒေ ကြမ်းများအနက် အမျိုးသားလွှတ်တော် (၁၆) ကြိမ်မြောက်ပုံမှန် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးပြီး ဥပဒေကြမ်းကော်မတီသို့ ပြန်လည်ကြားနာနိုင်ရန် ပေးပို့ခဲ့သော အသေးစားငွေရေးကြေးရေးဥပဒေကြမ်းနှင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ် ဆိုင်ရာ လုံခြုံမှုကိုကာ ကွယ်ပေးရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ ဆောင်ရွက်ပြီး ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ်များ တင်သွင်းသည့် ဥပဒေကြမ်းဖြစ်သည့် တပ်မတော်သား အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး အောင်ထွန်းလင်း တင်သွင်းသည့် ၁၉၅၉ခုနှစ်၊ တပ်မတော်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အဆိုတင်သွင်းခြင်း၊ ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာ ဖတ်ကြားတင်သွင်းခြင်းနှင့် လွှတ်တော်၏ အတည်ပြု ချက်ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ရာ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်မပြုဘဲ သဘောတူကြောင်း ဆုံးဖြတ်ချက် ပေးပို့လာခြင်းကို လွှတ်တော်သို့ အသိပေးတင်ပြခဲ့ပါကြောင်း၊ ယင်းဥပဒေကို ၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၂ ဖြင့် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါကြောင်း။

နည်းဥပဒေများနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီဥက္ကဋ္ဌ  ဦးကျော်ထွေးက ပြင်ဆင်ချက်အဆို တင်သွင်းလာသည့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေး နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပ ဒေများအား လွှတ်တော်သို့အသိ ပေးတင်ပြခဲ့ပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ကာ ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပြည်သူ့ လွှတ်တော်သို့ ပေးပို့ခဲ့ပါ ကြောင်း။

အစီရင်ခံစာတင်သွင်းခြင်းကဏ္ဍတွင် အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ “မြန်မာနိုင်ငံအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း၏ ဓာတုဓာတ်ကြွင်းများကြောင့် ဖြစ်ပေါ်စေသော ဘေးထွက်ဆိုးကျိုးများ လျှော့ချခြင်းဆိုင်ရာ လေ့လာစိစစ်မှု” အစီရင် ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးခြင်းနှင့် လွှတ်တော်က အတည်ပြုခြင်းတို့ကို ဆောင်ရွက် ခဲ့ပါကြောင်း။

အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ၏ “ကင်ဆာရောဂါ ဖြစ်ပွားမှု၊ သေဆုံးမှုနှုန်းများ လျှော့ချခြင်းနှင့် ကာကွယ်တား ဆီးရေးလုပ်ငန်းများ လေ့လာဖော်ထုတ်ခြင်း စုံစမ်းလေ့လာမှု” အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်များက အကြံပြု ဆွေးနွေးခြင်းနှင့် လွှတ်တော်က အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ ပါကြောင်း၊ အမျိုးသားလွှတ်တော် တောင်သူ လယ်သမားရေးရာကော်မတီ၏ ၂၀၁၈ ခုနှစ် မတ် ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၃၀ ရက်အထိ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ အစီ ရင်ခံစာကို အမျိုးသား လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အကြံပြု ဆွေးနွေးခြင်းနှင့် လွှတ်တော်ကအတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။

အမျိုးသားလွှတ်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာ ကော်မတီ၏ ၂၀၁၈ခုနှစ် မတ် ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၃ ရက်အထိ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အကြံပြု ဆွေးနွေးခြင်းနှင့် လွှတ်တော်က အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ အမျိုးသား လွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဒုတိယ အကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အထိ တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို အမျိုးသား လွှတ်တော်သို့ ဖတ်ကြားတင် သွင်းခဲ့ပြီးလွှတ်တော် ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးခြင်းနှင့် လွှတ်တော်က အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။

အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် အစီရင်ခံစာ (၁/၂၀၂၀)ကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး လွှတ်တော်က အတည်ပြုခဲ့ပါကြောင်း၊ အမျိုးသား လွှတ်တော်တွင် ဖွဲ့စည်းထားသည့် ကော်မတီများ၏ လွှတ်တော် အစည်းအဝေးကာလအတွင်း ဆောင်ရွက်ခဲ့သည့် ကော်မတီအစည်းအဝေးများအနေဖြင့် ဥပဒေကြမ်းကော်မတီ (၁၃)ကြိမ်၊ ပြည်သူ့ ငွေစာရင်းကော်မတီ (၂)ကြိမ်၊ လွှတ်တော်အခွင့် အရေးကော်မတီ(၁)ကြိမ်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ (၂၃)ကြိမ်၊ နိုင်ငံတကာ ဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ (၃) ကြိမ်၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီ (၁) ကြိမ်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ (၄)ကြိမ်၊ တိုင်းရင်းသားရေးရာ ကော်မတီ (၅)ကြိမ်၊ တောင်သူ လယ်သမားရေးရာ ကော်မတီ (၄)ကြိမ်၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ (၆)ကြိမ်၊ ပညာရေးမြှင့် တင်မှုကော်မတီ(၆)ကြိမ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်း ပြည်ပအလုပ်သမားဆိုင်ရာ ကော်မတီ(၁)ကြိမ်၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီ အရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာကော်မတီ (၄)ကြိမ်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ (၅)ကြိမ်၊ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ (၁)ကြိမ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (၃) ကြိမ် ၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ကော်မတီ(၃)ကြိမ် စုစုပေါင်း ကော်မတီအစည်းအဝေး (၈၅)ကြိမ် ပြုလုပ်ခဲ့ပါကြောင်း။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ စွမ်းရည်မြင့်မားစေရန်ရည်ရွယ်၍ အပြန်အလှန် ဆွေးနွေးပွဲ (Debate) ကို(၁)ကြိမ် ပြုလုပ်ခဲ့ပြီး လွှတ်တော်ကိုယ်စား လှယ်များက ဆွေးနွေးခဲ့ပါ ကြောင်း၊ သုတေသန၊ ပြည်သူ့ဆက်ဆံရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးဌာနကြီးမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များအတွက် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလအတွင်း စာတမ်းတို (၄)စောင်ထုတ် ဝေခဲ့ပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ် (၂၂)ဦးက သိရှိလိုသည့် သတင်းအချက်အလက် မေးမြန်းမှု (၂၂) ခုအနက် (၁၇) ချက်ကို ရှာဖွေပေးခဲ့ပြီး ဖြစ်သည်ကို လွှတ်တော်ကိုယ်စားလှယ် များကို အသိပေးပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ်များအားလုံး မိမိတို့သက်ဆိုင်ရာ ဒေသအသီးသီးသို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ပြန်လည်ရောက်ရှိကြပြီး မိမိတို့၏ ဒေသ အကျိုး၊ နိုင်ငံတော်၏အကျိုးကို ဆတက်ထမ်းပိုး ထမ်းဆောင်နိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ရပ်နားမည် ဖြစ်ကြောင်းနှင့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာသည်။

အောင်ရဲသွင်