Skip to main content

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

နေပြည်တော် ဒီဇင်ဘာ ၆

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်း ကြောင့် ပြည်ပနိုင်ငံများ၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား (၁၃၂)ဦး အား မြန်မာသံရုံး၊ ရီယာဒ်မြို့နှင့် မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများ အဖွဲ့ချုပ် (MSESF) တို့မှ ပူးပေါင်း စီစဉ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဒူဘိုင်းမြို့မှတစ်ဆင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ ည(၁၀)နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက် ရှိခဲ့ကြသည်။

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီး ကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့် စီစဉ်ပေးသည့်နေရာ / သတ်မှတ် ဟိုတယ် များ၌ အသွားအလာ ကန့်သတ်မှု (၇)ရက် နှင့် နေအိမ်တွင် အသွားအလာ ကန့်သတ်မှု (၇) ရက် နေထိုင်စေရေး တို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍ အလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်။ 

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံး များ၊ သင်္ဘောကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေး လျက်ရှိ သည်။

(သတင်းစဉ်)