“အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုများသည် လူများစုအပေါ်ကျူးလွန်သည့် ကြီးလေးသည့်ရာဇဝတ်မှုများအဖြစ် မိမိတို့အစိုးရကသတ်မှတ်ထားပါကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအနေဖြင့် လုံးဝလက်ခံခွင့်လွှတ်မည်မဟုတ်ဘဲ ပြင်းပြင်းထန်ထန် နှိမ်နင်းချေမှုန်းလျက်ရှိပါကြောင်း၊ ယင်းသို့နှိမ်နင်းခဲ့ရာတွင် ပြစ်မှုကျူးလွန်သူများ၏ ၉၉ ရာခိုင်နှုန်းသည် ပြည်ပနိုင်ငံသားများဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများကတစ်ဆင့် မိမိတို့နိုင်ငံထဲကို တရားမဝင် ဝင်ရောက်လုပ်ကိုင်ကြခြင်းဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ထိုအရာကို မြန်မာနိုင်ငံကသာ တာဝန်ရှိသည့်ပုံစံမျိုး ပြည်ပမီဒီယာများက ကမ္ဘာ့သတင်းများတွင် ပုံဖော်တင်ပြနေကြခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် အွန်လိုင်းလောင်းကစားမှုကို အကြောင်းပြုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အရှေ့မြောက်ဒေသတွင် ပြဿနာဖြစ်ပွားခဲ့ရကာ တိုင်းပြည်အနေဖြင့်လည်း များစွာပေးဆပ်ခဲ့ရပါကြောင်း၊ နိုင်ငံတော်ကို မူလအခြေအနေအတိုင်းဖြစ်စေရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး တရုတ်နှင့်ထိုင်းနိုင်ငံအပါအဝင် မိတ်ဆွေနိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း” နိုင်ငံတော်သမ္မတက နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ပြောကြားထားသည်။
၂၀၂၆ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force-FATF) သည် အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုနှင့်သက်ဆိုင်သည့် မြန်မာနိုင်ငံဆိုင်ရာ အကြံပြုချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် FATF ၏အကြံပြုချက်များကို အကောင်အထည်ဖော်ရန် အပြည့်အဝအသိအမှတ်ပြုထားသည်။ FATF ၏လုပ်ငန်းစဉ်အောက်ရှိ Action Plan များကို အောင်မြင်စွာအကောင်အထည်ဖော်ခဲ့ပြီး ဆောင်ရွက်ရန် အချက်နှစ်ချက်သာကျန်ရှိသည်။ UNODC ၏ (၂၀၂၅ ဧပြီလ) အစီရင်ခံစာအရ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုကွန်ရက်များသည် အရှေ့တောင်အာရှဒေသအတွင်း အုပ်ချုပ်ရေးအားနည်းသောနယ်မြေများကို အခွင့်ကောင်းယူ၍ ဖြန့်ကြက်လှုပ်ရှားလာခဲ့ကြောင်း၊ ယင်းလုပ်ငန်းများသည် မဲခေါင်ဒေသတစ်ဝန်းသာမက အာဖရိက၊ တောင်အမေရိက၊ ပစိဖိတ်နှင့် အရှေ့အလယ်ပိုင်းဒေသများအထိ တိုးချဲ့ဖြစ်ပွားလျက်ရှိကြောင်း ဖော်ပြထားသည်။
အဆိုပါအစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသော အွန်လိုင်းလိမ်လည်မှုများသည်လည်း ဖြန့်ကြက်လှုပ်ရှားလာသည့် အွန်လိုင်းဒုစရိုက်ဂိုဏ်းကွန်ရက်များ၏ အစိတ်အပိုင်းများဖြစ်ကြောင်း တွေ့ရသည်ဟု သုံးသပ်ထားသည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုတို့တွင် ငွေကြေးထောက်ပံ့မှု၊ လူအများအပြားသေကျေစေသော လက်နက်များပြန့်ပွားမှုအပေါ် ငွေကြေးထောက်ပံ့မှု၊ အွန်လိုင်းလိမ်လည်မှုများနှင့် ဆိုက်ဘာအသုံးပြု၍ ကျူးလွန်သော လိမ်လည်မှုများကိုတိုက်ဖျက်ရန် ကတိကဝတ်များကို ထပ်လောင်းအတည်ပြုသည်။ မြန်မာနိုင်ငံသည် FATF ၏ အကြံပြုချက်များ၊ နိုင်ငံတကာစံနှုန်းများနှင့်အညီ ဥပဒေမူဘောင်ကို ဆက်လက်အားကောင်းစေပြီး လုပ်ငန်းဆောင်ရွက်မှုများ၊ စွမ်းဆောင်ရည်များကို မြှင့်တင်ကာ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစွာ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သည်။
အွန်လိုင်းလိမ်လည်မှုများ၊ ဆိုက်ဘာနည်းပညာအသုံးပြု၍ ကျူးလွန်သောလိမ်လည်မှုများသည် မြန်မာနိုင်ငံတစ်နိုင်ငံတည်း ဖြစ်ပေါ်နေသော၊ မြန်မာနိုင်ငံ၌အစပြုသော ဒုစရိုက်မှုများမဟုတ်ကြောင်းထင်ရှားသည်။ အဆိုပါဒုစရိုက်မှုများသည် ငွေကြေးခဝါချမှုများအပြင် ငွေကြေးစနစ်၏ယုံကြည်စိတ်ချမှုကိုထိခိုက်စေပြီး ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိသကဲ့သို့ ဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများအပေါ် ဆိုးကျိုးသက်ရောက်မှုရှိနေသည်ကို အပြည့်အဝအသိအမှတ်ပြုသည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများကိုတိုက်ဖျက်ရန် အမျိုးသားရေးတာဝန်အဖြစ်သတ်မှတ်ပြီး အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် အဆိုပါဒုစရိုက်မှုများ ထပ်မံမတည်ဆောက်နိုင်ရန် အပြီးတိုင်ရှင်းလင်းဖယ်ရှားလျက်ရှိပြီး တက်တက်ကြွကြွ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ နယ်စပ်ဖြတ်ကျော်ဖွဲ့စည်းထားသော ရာဇဝတ်ဂိုဏ်းများကြောင့် ထိခိုက်ခံစားနေရသော နိုင်ငံများအားလုံးအတွက် နည်းပညာအကူအညီ၊ သတင်းအချက်အလက်ဖလှယ်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အပံ့များကို နိုင်ငံတကာအသိုက်အဝန်းများက ဆက်လက်ပံ့ပိုးပေးရန် တိုက်တွန်းအပ်ပါသည်။ အဆိုပါပြဿနာသည် နိုင်ငံအများစုဖြစ်ပွားနေသဖြင့် တစ်နိုင်ငံတည်းက ကိုင်တွယ်ဆောင်ရွက်နိုင်မည်မဟုတ်ပေ။ မြန်မာနိုင်ငံအနေဖြင့် FATF၊ APG၊ Egmont Group နှင့် အခြားနိုင်ငံတကာမိတ်ဖက်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်လျက် နိုင်ငံတကာဘဏ္ဍာရေးစနစ်၏ ယုံကြည်စိတ်ချမှုကိုထိန်းသိမ်းကာ နယ်စပ်ဖြတ်ကျော် ဘဏ္ဍာရေးရာဇဝတ်မှုများကို ထိရောက်စွာတိုက်ဖျက်သွားမည်ဖြစ်ပါကြောင်း။ ။
