၂၀၀၃ ခုနှစ်မှစ၍ နှစ်စဉ် သြဂုတ်လတစ်လလုံးကို ‘‘အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ’’ အဖြစ် လှုပ်ရှားဆောင်ရွက်လာခဲ့ရာ ရည်ရွယ်ချက်များမှာ ပြည်သူလူထုက အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုစိတ်ဝင်စားပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေရန်၊ အာဟာရပြည့်ဝစွာ စားသောက်တတ်စေရန်၊ ကျန်းမာသန်စွမ်း၍ ဉာဏ်ရည်ထက်မြက်သော နိုင်ငံသားကောင်းများကို ပြုစုပျိုးထောင်ပေးနိုင်ရန်တို့ပင်ဖြစ်သည်။
အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ၏ ပထမရက်သတ္တပတ်ကို ‘မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်’၊ ဒုတိယရက်သတ္တပတ်ကို ‘ငါးနှစ်အောက်ကလေးများနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်’၊ တတိယရက်သတ္တပတ်ကို ‘ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်’၊ စတုတ္ထရက်သတ္တပတ်ကို ‘အိုင်အိုဒင်းချို့တဲ့မှုပပျောက်ရေး ရက်သတ္တပတ်’ ဟူ၍ သတ်မှတ်ဆောင်ရွက်လျက်ရှိရာ ယခုရက်သတ္တပတ်သည် မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်ဖြစ်သည်။
မိခင်နို့သည် ရင်သွေးငယ် ကျန်းကျန်းမာမာကြီးထွားဖွံ့ဖြိုးရန်အတွက် အကောင်းဆုံးအာဟာရဖြစ်သကဲ့သို့ မွေးဖွားပြီးစမှကလေးငယ်ခြောက်လအထိ လိုအပ်သည့်တစ်ခုတည်းသော အာဟာရလည်းဖြစ်သည်။ အထူးသဖြင့် ကလေးငယ်အတွက် အာဟာရကြွယ်ဝပြီး ရောဂါကာကွယ်ပေးသည့် ဓာတ်များပါဝင်နေသည့် နို့ဦးရည်ကိုမဖြစ်မနေတိုက်ကျွေးရန် ကျန်းမာရေးပညာရှင်များက တိုက်တွန်းထားကြသည်။ မိခင်နို့သည် ကလေးအတွက် အစာကြေလွယ်သကဲ့သို့ အာဟာရဓာတ်ကိုလည်း လျင်မြန်စွာပေးနိုင်ခြင်းဖြစ်ရာ ကလေးကိုမွေးဖွားပြီး တစ်နာရီအတွင်း စောနိုင်သမျှစောစောတိုက်ရန်နှင့် ပထမခြောက်လအတွင်း မိခင်နို့မှလွဲ၍ ရေ၊ အခြားအရည်များ သို့မဟုတ် အစားအစာများမကျွေးဘဲ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးရန်အတွက်လည်း လမ်းညွှန်ထားသည်။
မိခင်နို့တွင် ရေဓာတ်အများအပြားပါဝင်ပြီး အဆီဓာတ်၊ သကြားဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ်များ အလုံအလောက်ပါဝင်ခြင်းကြောင့် မိခင်နို့ကို မကြာခဏတိုက်ရန်၊ နို့တိုက်ချိန်တွင်လည်း အချိန်ကြာကြာတိုက်ရန်နှင့် ကလေးငယ်ဆာသည့်အခါတိုင်း နို့တိုက်ရန်လည်းလိုအပ်သည်။ မိခင်နို့တိုက်ကျွေးခြင်းဖြင့် ကလေးငယ်တွင် ဝမ်းလျှောခြင်း၊ အသက်ရှူလမ်းကြောင်းရောဂါကူးစက်ဝင်ရောက်ခြင်းနှင့် နာတာရှည်ရောဂါများ ဖြစ်ပွားမည့်အန္တရာယ်ကိုလျှော့ချနိုင်သည်။ ကလေးငယ်ကို နားပိုးဝင်ခြင်း၊ အဆုတ်ရောင်ရောဂါနှင့် အခြားရောဂါများမှလည်း ကာကွယ်နိုင်ပြီး မိခင်နှင့်ရင်သွေးတို့ကြားတွင် သံယောဇဉ်တွယ်တာမှုကို ပိုမိုခိုင်မာစေသည်။ မိခင်အတွက် နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်ခြင်းကို နှောင့်နှေးကြန့်ကြာစေနိုင်ပြီး မမျိုးဥအိမ်ကင်ဆာ၊ ရင်သားကင်ဆာတို့ ဖြစ်ပွားမည့်အန္တရာယ်ကို လျှော့ချပေးနိုင်သည်။
မိခင်နို့တိုက်ကျွေးခြင်းသည် အနေအထားမှန်စေရန် မိခင်နှင့်ကလေးနှစ်ဦးလုံးအတွက် အလေ့အကျင့်လိုအပ်ခြင်းကြောင့် လက်တွေ့ကျသည့်ပံ့ပိုးမှုလိုအပ်သည်။ မိခင်နို့တိုက်ကျွေးခြင်းနှင့်စပ်လျဉ်း၍ အစကနဦးတွင် မသက်မသာဖြစ်ခြင်း၊ အခက်အခဲများတွေ့ကြုံရခြင်းတို့အတွက် ကျွမ်းကျင်သည့်ပညာရှင်များထံမှ အကူအညီတောင်းခံရမည်လည်းဖြစ်သည်။ နို့တိုက်မိခင်သည် လိုအပ်သောအာဟာရများ ပြည့်စုစေရန်အတွက် အစာအုပ်စု (၃) မျိုးစလုံးပါအောင် စားသောက်ကြရန်လိုအပ်သည့်အပြင် ပမာဏအားဖြင့်လည်း ပိုစားရမည်ဖြစ်သည်။ ထို့အပြင် နို့တိုက်မိခင်သည် ပုံမှန်အားဖြင့် စားသောက်ပုံအလေ့အကျင့်ကို ပြောင်းလဲရန်မလိုဘဲ အာဟာရမျှတသည့်အစားအစာများကို အများ နည်းတူ စားသုံးရန်လိုအပ်သည်။ ကလေးများသည် မိခင်နှစ်သက်သည့် အစားအစာများကို မိခင်ဝမ်းထဲမှာရှိစဉ်ကတည်းကပင် ရင်းနှီးခဲ့ပြီးသားဖြစ်ရာ အကယ်၍ မိခင်စားသည့် အစားအစာတစ်ခုခုသည် ကလေးနှင့်မတည့်ဘူးဟုယူဆပါက အထူးကုဆရာဝန်နှင့် ဆွေးနွေးသင့်သည်ဟုလည်းဆိုသည်။
မိခင်တော်တော်များများက မွေးဖွားသည့်ရင်သွေးကို တိုက်ကျွေးရန် နို့လုံလောက်စွာမထွက်နိုင်ကြောင်း ပြောလေ့ရှိကြရာ မိမိရင်သွေးကို နို့ဝအောင်တိုက်နိုင်သည်ဟု ယုံကြည်စိတ်မွေးရန်လိုသည်။ အာဟာရ ပြည့်ဝစွာစားသုံးခြင်းဖြင့် အမြွှာပူးမွေးသည့် ကလေးများကိုပင် မိခင်နို့လုံလောက်စွာတိုက်ကျွေးနိုင်ကြသည်။ မိခင်နို့တိုက်ခြင်းသည် မိခင်က အဓိကတိုက်ကျွေးရခြင်းဖြစ်သော်လည်း မိသားစုဝင်များ၏ ကူညီမှု၊ ကျန်းမာရေးစောင့်ရှောက်သူများ၏ လမ်းညွှန်မှု၊ အာဟာရမျှတစွာစားသောက်ပြီး ကျန်းမာရေးညီညွတ်အောင်နေထိုင်မှု စသည့် ဝိုင်းဝန်းပံ့ပိုးမှုတို့လိုအပ်သည်။
မိခင်နို့တိုက်ကျွေးခြင်းသည် ကလေးငယ်၏ တစ်ဘဝတာအတွက် အရေးကြီးဆုံးသော အချိန်ကာလတစ်ရပ်ဖြစ်ပြီး ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်၍ ဉာဏ်ရည်ဖွံ့ဖြိုးသောကလေးများအဖြစ် ကြီးပြင်းလာကြစေရန် ကျန်းမာရေးပညာရှင်များ၏ အကြံပြုလမ်းညွှန်ချက်များနှင့်အညီ အလေးဂရုပြုဆောင်ရွက်ကြရပါမည့်အကြောင်း။ ။
