အစိုးရသည် ‘‘ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေး ’’ နှင့် ‘‘ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေး ’’ ဆိုသည့် ဦးစားပေးရည်မှန်းချက်နှစ်ရပ်ကို လက်ကိုင်ထားပြီး ကဏ္ဍစုံတွင် အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ နိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေ အရပ်ရပ်တို့အရ အဆိုပါဦးစားပေးရည်မှန်းချက်နှစ်ရပ်သည် တစ်ခုနှင့် တစ်ခုဆက်စပ်လျက်ရှိပြီး အောင်အောင်မြင်မြင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်နှင့်အမျှ မိမိတို့နိုင်ငံနှင့်နိုင်ငံသားများ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ကြမည်ဖြစ်သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အစိုးရကသာလျှင် ဆောင်ရွက်၍မရဘဲ ပြည်သူတစ်ရပ်လုံးက ပါဝင်လာကြရန်လိုသည်။ ပြည်သူများပါဝင်လာကြစေရန်လည်း အစိုးရများက ကြိုးပမ်းနေကြရမည်ဖြစ်ပြီး အစိုးရနှင့် ပြည်သူတို့ကြားတွင် အပြန်အလှန်နားလည်မှုနှင့် တာဝန်ရှိမှုတို့အပေါ်တွင်သာ အခြေခံ၍ ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အစိုးရနှင့် ပြည်သူတို့၏ နိုင်ငံရေးရင့်ကျက်မှု (political maturation) သည် မရှိလျှင်မဖြစ်သော အခြေအနေတစ်ရပ်ဖြစ်ကြောင်း ပညာရှင်တို့ကဆိုသည်။
နိုင်ငံရေးရင့်ကျက်မှုဟူသည် နိုင်ငံသားများ၊ အဖွဲ့အစည်းများနှင့် အစိုးရတို့သည် နိုင်ငံရေးဖြစ်စဉ်များကို စိတ်ခံစားချက်ထက် အသိပညာ၊ အကျိုးအကြောင်းသင့် ဆင်ခြင်တုံတရားနှင့် ရေရှည်အကျိုးမျှော်ကိုးမှုတို့ဖြင့် လုပ်ဆောင်နိုင်စွမ်းရှိလာခြင်းပင်ဖြစ်သည်။ နိုင်ငံရေးရင့်ကျက်မှု၏ လက္ခဏာများနှင့် အနှစ်သာရများတွင် မိမိနှင့်အယူအဆမတူသူများကို ရန်သူရန်ဘက်အဖြစ် မသတ်မှတ်ဘဲ သဘောထားအမြင်ကွဲပြားမှုများအပေါ် လက်ခံနိုင်ခြင်း၊ လူနည်းစုနှင့် အခြားလူမျိုး၊ အခြားဘာသာ၊ အယူအဆမတူခြားနားသည်များအပေါ် သည်းခံခွင့်လွှတ်ခြင်း၊ တရားဥပဒေစိုးမိုးမှုကို ယုံကြည်လက်ခံပြီး မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းမဆို တရားဥပဒေ၏အောက်တွင်သာ ရှိရမည်ကိုလက်ခံပြီး လိုက်နာခြင်း၊ ပြဿနာများကို အကြမ်းဖက်နည်းဖြင့်မဖြေရှင်းဘဲ ဆွေးနွေးညှိနှိုင်းမှု (Dialogue ) နည်းလမ်းဖြင့်သာဖြေရှင်းခြင်း၊ မိမိမကြိုက်သည့်ပါတီ နိုင်သော်လည်း လုပ်ထုံးလုပ်နည်းမှန်ကန်ပါက ရွေးကောက်ပွဲရလဒ်ကို အေးချမ်းစွာလက်ခံခြင်း၊ နိုင်ငံသားများအသိပညာမြင့်မားမှုကြောင့် သတင်းတု၊ သတင်းမှားများနှင့် လုပ်ကြံဖန်တီးထားသော ဝါဒဖြန့်မှုများကို အချက်အလက်ဖြင့်ခွဲခြားဆင်ခြင်နိုင်ခြင်း၊ အခွင့်အရေးကိုသာ တောင်းဆိုမနေဘဲ နိုင်ငံသားကောင်းအနေဖြင့် တာဝန်ကျေပွန်ခြင်း၊ ခေါင်းဆောင်တစ်ဦးကို ပုဂ္ဂိုလ်ရေးအရ သို့မဟုတ် စည်းရုံးလှုံ့ဆော်မှုအရ မဆုံးဖြတ်ဘဲ ၎င်း၏မူဝါဒနှင့် လုပ်ဆောင်ချက်များအရသာလျှင် ဝေဖန်ထောက်ခံမှုပြုခြင်း၊ ခေတ္တယာယီအဆင်ပြေကောင်းစားသည့် မူဝါဒများထက် နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်စေမည့် ဝါဒလမ်းစဉ်ကိုရွေးချယ်ခြင်း၊ မိမိပါတီ၊ မိမိအုပ်စုအကျိုးစီးပွားထက် အမျိုးသားအကျိုးစီးပွားကို ဦးစားပေး စဉ်းစားတတ်ခြင်း စသည်တို့ပါဝင်သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ခေါင်းဆောင်မှုနေရာများတွင် ရှိနေသူများသည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြင်းပြသော စိတ်အားထက်သန်မှု ရှိကြရမည်ဖြစ်သကဲ့သို့ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ကျွမ်းကျင်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကုန်ထုတ်လုပ်သူများ စသည်တို့က သက်ဆိုင်ရာကဏ္ဍအသီးသီးမှ နိုးကြားတက်ကြွစွာ ပါဝင်ဆောင်ရွက်ကြရန်လိုသည်။ မိမိတို့နိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေး အားထုတ်ကြိုးပမ်းမှုတွင် ပြည်သူလူထုကို စိတ်ဓာတ်တက်ကြွအောင် နှိုးဆော်မှု၊ စည်းရုံးဆော်သြမှုတို့ကို မဖြစ်မနေပြုလုပ်ကြရမည်ဖြစ်သည်။
‘‘မိမိတို့ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများသည် မည်မျှပင် ကြီးမားနေပါစေ ‘ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသည်’ ဆိုသည့်ဆောင်ပုဒ်အတိုင်း ပြည်သူနှင့်အစိုးရသည် မဆုတ်မနစ်သည့် ဇွဲလုံ့လများနှင့် လက်တွဲညီညီဆောင်ရွက်မည်ဆိုပါက ယင်းအခက်အခဲများကို အခွင့်အလမ်းအဖြစ် ပြောင်းလဲပုံဖော်နိုင်မည်ဖြစ်သည်ကို မိမိကောင်းစွာယုံကြည်ပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုနိုင်ငံတော်သစ်ကို တည်ဆောက်သွားမည်ဖြစ်ပြီး အတွေးအခေါ် နောက်ကျမကျန်ရစ်ခဲ့စေရန် မိမိအနေနှင့် တိုက်တွန်းလိုပါကြောင်း’’ နိုင်ငံတော်သမ္မတက နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ပြောကြားခဲ့ပြီး နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် မိမိအနေဖြင့် ၂ နှစ် အချိန်ယူမည်ဖြစ်ပါကြောင်း၊ အရှိန်အဟုန်ဖြင့် တည်ဆောက်မှုကို ၃ နှစ် အချိန်ယူဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်းသည် ဦးဆောင်သူနှင့် ပြည်သူတို့ တညီတညွတ် အတူတကွ ပူးပေါင်းဆောင်ရွက်ကြရခြင်းဖြစ်သည့်အလျောက် ယုံကြည်မှုအားမာန်ဖြင့် ဇွဲစိတ်သန်သန် ကြိုးပမ်းဆောင်ရွက်ကြရပါမည့်အကြောင်း။ ။
