နေပြည်တော် ဇူလိုင် ၃၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ခုံအဖွဲ့ဝင်များအဖြစ် အဖွဲ့ဝင် ဦးမျိုးမောင်နှင့် အဖွဲ့ဝင် ဦးကြည်သိန်းတို့ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၅) သည် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသူ ဒေါ်အေးမြမြစိုးအပေါ် ယင်းမဲဆန္ဒနယ်မှ ယှဉ်ပြိုင်အရွေးခံသူ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန့်ဇင်ဝင်းက ၂၀၂၆ ခုနှစ် မတ် ၁၂ ရက်တွင် တင်သွင်းလျှောက်ထားသည့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၃/၂၀၂၅) အား ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၉ (က) (၁) အရ ကြားနာစစ်ဆေးခဲ့သည်။
ထိုသို့ ရွေးကောက်ပွဲခုံအဖွဲ့ (၅) က ကြားနာစစ်ဆေးပြီးနောက် လျှောက်ထားခံရသူ ဒေါ်အေးမြမြစိုးသည် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသူဖြစ်ကြောင်းနှင့် တရားစရိတ်ငွေကျပ် နှစ်သိန်းတိတိအား လျှောက်ထားသူက လျှောက်ထားခံရသူအားပေးစေရန် ၂၀၂၆ ခုနှစ် ဇူလိုင် ၁၆ ရက်တွင် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။
လျှောက်ထားသူ ဦးသန့်ဇင်ဝင်းက ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ၊ နည်းဥပဒေ ၁၂၄ နှင့်အညီ သတ်မှတ်ကာလအတွင်း အယူခံမှုတင်သွင်းခြင်းမရှိသဖြင့် ရွေးကောက်ပွဲခုံအဖွဲ့၏ဆုံးဖြတ်ချက်အား နိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန်ကြေညာနိုင်ရန်အတွက် ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်
