နေပြည်တော် ဇူလိုင် ၃၀
ဖလမ်းမြို့တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် ဖလမ်းမြို့ပေါ်ရပ်ကွက်များ ဖြစ်သည့် ဖါရ်ထောက်၊ ကျင်မွာလ်၊ တလန် လို၊ ဗလိုင်၊ လိုင်ဇိုး၊ လိုင်လွန်၊ လုံပီးနှင့် ဇာလိုင် စသည့်ရပ်ကွက်ရှစ်ရပ်ကွက်မှ ဒေသခံပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့သည့် ဆန် ၄၃၃ အိတ်နှင့် စားသုံးဆီ ၉၇၈ ပိဿာကို ယနေ့နံနက်ပိုင်းတွင် ဖလမ်းမြို့ မြို့တော်ခန်းမ၌ ထောက်ပံ့ပေးအပ်သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး တက်ရောက်၍ ထောက်ပံ့ပစ္စည်းများကို ဒေသခံပြည်သူများအား ပေးအပ်ပြီး ဖလမ်းမြို့ ယာယီပြည်သူ့ဆေးရုံ ပြင်ပလူနာဌာနသို့ လာရောက်ပြသသည့် လူနာများအား ဆေးဝါးကုသ စောင့်ရှောက် ပေးနေမှုများနှင့် ဖလမ်းမြို့ ဗလိုင်ရပ်ကွက် စည်ပင်သာယာဈေး၌ သား၊ ငါး၊ သီးနှံနှင့် ဟင်သီးဟင်းရွက်များရောင်းချနေမှုကို လှည့်လည်ကြည့်ရှုပြီး ဈေးဝယ်ယူသူ ပြည်သူများအား ဆန်များအခမဲ့ ဖြန့်ဝေပေးအပ်သည်။
ယာယီဆေးရုံ ဖွင့်လှစ်
ဖလမ်းမြို့ ယာယီပြည်သူ့ဆေးရုံသည် ဖါရ်ထောက်ရပ်ကွက် ရှိ မြို့နယ်ခန်းမ၌ ၂၀၂၆ ခုနှစ် မေ ၁၁ ရက်မှစ၍ ဆရာဝန်နှစ်ဦး၊ ကျန်းမာရေးဝန်ထမ်း ၈၂ ဦးတို့ဖြင့် ယာယီဆေးရုံ ဖွင့်လှစ်လျက်ရှိပြီး ယနေ့အထိ ကုသပေးပြီး လူနာပေါင်း ၁၇၅၀ ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်
