နေပြည်တော် ဇူလိုင် ၃၀
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၃၂ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဓာတ်ခွဲကျွမ်းကျင် ဝန်ထမ်းများ ဖြည့်ဆည်းပေးနိုင်ရေး၊ မြောင်းမကြီးအသစ် တူးဖော်ပေးနိုင်ရေးနှင့် အဆင့်မြှင့်တင်ပေးနိုင်ရေး၊ နွေစပါးတိုးမြှင့်စိုက်ပျိုးနိုင်ရေး၊ လမ်းများအဆင့်မြှင့်တင်ပေးနိုင်ရေး၊ တံတားများနှင့် ယာဉ်ရပ်နားစခန်း တည်ဆောက်ပေးနိုင်ရေး၊ အစိုးရအငှားအိမ်ရာများ တည်ဆောက်ပေးနိုင်ရေး၊ အလွန်မတ်စောက်သည့် လမ်းကွေ့များ ပြုပြင်နိုင်ရန် ကျွမ်းကျင်ကွင်းဆင်းအဖွဲ့ စေလွှတ်ပေးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ မေးခွန်း ၁၂ ခု မေးမြန်းဖြေကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။
ဦးစွာ လောင်းလုံးမဲဆန္ဒနယ်မှ ဦးတင့်လွင်၏ ထားဝယ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ ဓာတ်ခွဲခန်းများတွင် ဓာတ်ခွဲကျွမ်းကျင်ဝန်ထမ်းများ ဖြည့်ဆည်းပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် ဓာတ်ခွဲခန်းဝန်ထမ်း အင်အားသီးခြားဖွဲ့စည်းပုံ ဖွဲ့စည်းပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက တနင်္သာရီတိုင်းဒေသကြီးထားဝယ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ရုံးဝင်းအတွင်း တည်ဆောက်ထားသည့် မြေဆီလွှာဓာတ်ခွဲခန်း၊ မျိုးစေ့ဓာတ်ခွဲခန်းနှင့် သီးနှံကာကွယ်ရေးဓာတ်ခွဲခန်းများသည် တိုင်းဒေသကြီး မြေဆီလွှာ၊ မျိုးစေ့နှင့် သီးနှံကာကွယ်ရေးတာဝန်ခံအသီးသီးတို့၏ ဖွဲ့စည်းပုံကွပ်ကဲမှုအောက်တွင် လည်ပတ်ဆောင်ရွက်လျက် ရှိသည့်လုပ်ငန်းများ ဖြစ်ပါကြောင်း။
ထားဝယ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနရုံးဝင်းအတွင်း တည်ဆောက်ထားသည့် မြေဆီလွှာဓာတ်ခွဲခန်း၊ မျိုးစေ့ဓာတ်ခွဲခန်းနှင့် သီးနှံကာကွယ်ရေး ဓာတ်ခွဲခန်းတို့တွင် ဓာတ်ခွဲခန်းကျွမ်းကျင်ဝန်ထမ်း ဖြည့်ဆည်းခန့်ထားပေးရန်ကိစ္စနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယလက်ထောက်ဦးစီးမှူး (စိုက်ပညာရှင်) ရာထူးဝင်ပေါက်ခန့်အပ်ခြင်း၊ အရာထမ်း၊ အမှုထမ်းအဆင့်အလိုက် ရာထူးတိုးမြှင့်ခြင်းများမှ ခန့်အပ်ဝန်ထမ်းအင်အားရရှိမှုအပေါ် ဓာတ်ခွဲခန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ တက်ရောက်စေကာ ကျွမ်းကျင်ဝန်ထမ်းများအဖြစ် မွေးထုတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် အဆိုပါဓာတ်ခွဲခန်းများသည် တိုင်းဒေသကြီးမြေဆီလွှာ၊ မျိုးစေ့နှင့်သီးနှံ ကာကွယ်ရေးတာဝန်ခံအသီးသီးတို့၏ ဖွဲ့စည်းပုံကွပ်ကဲမှုအောက်တွင် လည်ပတ်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများဖြစ်ပါသဖြင့် ဓာတ်ခွဲခန်းဝန်ထမ်း အင်အားသီးခြားဖွဲ့စည်းပုံ ဖွဲ့စည်းပေးနိုင်ခြင်းမရှိပါကြောင်း ဖြေကြားသည်။
ဝမ်းတွင်းမဲဆန္ဒနယ်မှ ဦးမျိုးမြင့်သိန်း၏ ဝမ်းတွင်း၊ မြစ်သားနှင့် တံတားဦးမြို့နယ်များသို့ ရေပေးဝေနိုင်ရေးအတွက် ကင်းတားလက်ဝဲမြောင်းမကြီးအား အဆင့်မြှင့်တင်ပေးရန် မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ကင်းတားရေလှောင်တမံသည် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင်တည်ရှိပြီး အောက်ဘက်ရှိ ကင်းတားရေလွှဲဆည်မှတစ်ဆင့် လက်ယာမြောင်းမကြီး၊ လက်ဝဲမြောင်းမကြီးနှင့် ပန်းလောင်ရေသောက်စနစ်တို့ဖြင့် လယ်မြေဧက ၁၅၁၈၃၀ ကို အကျိုးပြုလျက်ရှိပါကြောင်း၊ ကင်းတားလက်ယာမြောင်းမကြီးမှ စိုက်ပျိုးရေပေးဝေသော လယ်မြေဧရိယာများသို့ မြို့ကြီးရေလှောင်တမံမှ ရေကူဖြည့်ဆည်းပေးဝေ နိုင်ခဲ့သဖြင့် ကင်းတားရေလှောင်တမံတွင် သိုလှောင်ရေပိုမိုလာခဲ့သည့် အခြေအနေဖြစ်ရာ အဆိုပါပိုလျှံရေများအား ကင်းတားလက်ဝဲမြောင်းမှတစ်ဆင့် မိတ္ထီလာလွင်ပြင်နှင့် ဆက်စပ်ဧရိယာများသို့ပေးပို့၍ ရေပေးဝေနိုင်ရေးဝန်ကြီးဌာနအနေဖြင့် စီမံဆောင်ရွက်လျက်ရှိပါကြောင်း။
၂၀၂၄ ခုနှစ်အတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် ထိခိုက်ပျက်စီးခဲ့သဖြင့် ဝန်ကြီးဌာနမှ စမုံရေငုပ်ပြွန် အသစ်အား (၁၇၅၀) ကုဗပေ/ စက္ကန့်အထိ သယ်ဆောင်နိုင်ရန် (၁၁' x ၆' - ၆') အရွယ်အစားလေးပေါက်ဖြင့် အဆင့်မြှင့်တင်တည်ဆောက်ခဲ့ပြီး မြစ်သား၊ ဝမ်းတွင်း၊ ကျောက်ဆည်နှင့် တံတားဦးမြို့နယ်များရှိ ၂၀၂၆-၂၀၂၇ မိုးသီးနှံလျာထားဧရိယာများအတွက် စိုက်ပျိုးရေပေးဝေလျက်ရှိပါကြောင်း၊ ထို့ပြင်ကင်းတား လက်ဝဲမြောင်းမကြီးမှ နောင်တိုးတက်ပေးဝေရန် လျာထားသည့် စိုက်ပျိုးဧရိယာအသစ်များအတွက် ရေရရှိရေးလုပ်ငန်းများကို နှစ်အလိုက် ဦးစားပေးအစီအစဉ်ဖြင့် အဆင့်မြှင့်တင်ပြုပြင်နိုင်ရန် ကြိုတင် တွက်ဆ၍ လျာထားဆောင်ရွက်လျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ ဝမ်းတွင်းမြို့နယ်၊ မြစ်သားမြို့နယ်၊ တံတားဦးမြို့နယ်အတွင်းရှိ လက်ရှိစိုက်ပျိုးမြေ ဧရိယာများအပြင် တိုးမြှင့်ပေးဝေမည့် စိုက်ပျိုးမြေ ဧရိယာများအတွက်ပါ လုံလောက်သော ရေပေးဝေ ဖြန့်ဖြူးနိုင်ရေး ကင်းတားလက်ဝဲမြောင်းမကြီး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ကာလတို၊ ကာလရှည် အစီအမံများရေးဆွဲ၍ လုပ်ငန်းအလိုက်ခန့်မှန်း ကုန်ကျငွေများတွက်ချက်ပြီး ဦးစားပေးအစီအစဉ်အရ တိုင်းဒေသကြီး(သို့) ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေတွင် နှစ်အလိုက်လျာထားတင်ပြတောင်းခံသွားမည် ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ဖြေကြားသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မဲဆန္ဒနယ်မှ ဦးအေးချမ်း၏ မိုးစပါးအပြင် နွေစပါးကိုပါ တိုးမြှင့်စိုက်ပျိုးနိုင်ရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် မည်သည့် နှစ်ကာလအတွင်း မည်မျှရာခိုင်နှုန်းအထိ တိုးမြှင့်စိုက်ပျိုးနိုင်အောင် စီမံမျှော်မှန်းထားရှိသည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက ၂၀၂၆-၂၀၂၇ ခုနှစ်တွင် မြန်မာနိုင်ငံ၏ မုတ်သုံရာသီဖြစ်ပေါ်မှုနှင့် စိုက်ပျိုးရေရရှိမှုအပေါ်မူတည်၍ မိုးစပါးစိုက်ဧက ၁၄၉၂၄၄၅၉ ဧက၊ နွေစပါး ၂၉၂၈၈၁၄ ဧက စိုက်ပျိုး၍ နွေစပါးသီးထပ်စိုက်စွမ်းအား ၁၉ ဒသမ ၆၂ ရာခိုင် နှုန်းဆောင်ရွက်ရန် လျာထားဆောင်ရွက်လျက်ရှိပြီး (၅) နှစ်တာကာလ ၂၀၃၀-၂၀၃၁ ခုနှစ်တွင် မိုးစပါး စိုက်ဧက ၁၅၀၆၇၄၃၁ ဧက၊ နွေစပါး ၃၀၂၀၄၆၈ ဧက စိုက်ပျိုး၍ နွေစပါးသီးထပ်စိုက်စွမ်းအား ၂၀ ဒသမ ၀၅ ရာခိုင်နှုန်းဆောင်ရွက်ရန် လျာထား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုတွင် စိုက်ဧရိယာတိုးချဲ့ စိုက်ပျိုးခြင်းထက် မိုးစပါး၊ နွေစပါးပန်းတိုင်အထွက်နှုန်းများ သတ်မှတ်၍ တစ်ဧကအထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ပြီး ဈေးကွက်လိုအပ်ချက်အရ အစားအစာဘေးကင်းလုံခြုံမှုနှင့် ရေရှည်တည်တံ့မှုဆိုင်ရာ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီသော အရည်အသွေးမြင့် ဆန်များထုတ်လုပ်ရန်၊ ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်၊ ဇာစ်မြစ်ခြေရာခံနိုင်မှု၊ အရည်အသွေးအာမခံချက်နှင့် တာဝန်ယူမှုရှိသော စိုက်ပျိုးရေးလုပ်ထုံး လုပ်နည်းများသေချာစေရန်၊ လူနေမှုဘဝမြှင့်တင်ရန် တောင်သူများဝင်ငွေတိုးတက်စေရန်နှင့် ဆောင်ရွက် လျက်ရှိပါကြောင်း ဖြေကြားသည်။
စေတုတ္တရာမဲဆန္ဒနယ်မှ ဦးမိုးတင်၏ စေတုတ္တရာမြို့နယ်တွင် စိုက်ပျိုးရေပေးဝေနေသော မြောင်းမကြီးကို အဝင်ဝအသစ်တူးဖော်ရန် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က အဝင်ဝမြောင်း(ရေသွင်းမြောင်း)သည် စေတုတ္တရာမြို့နယ်၊ မြို့မကွင်းအမှတ်(၉၅)၊ (၉၃/က)၊ (၉၃/ခ) စိုက်ပျိုးဧက ၄၁၅ ဧကအတွက် ရေပေးဝေနေ သည့် မြို့မမြောင်းသို့ ရေသွင်းယူသည့် မူလရေသွင်းမြောင်းဖြစ်ပါကြောင်း၊ စေတုတ္တရာမြို့အနီးရှိ ဆီမီးချောင်းပေါ်တွင် ဒေသခံတောင်သူများ၏ အစီအစဉ်ဖြင့် သစ်ခက်ဆည်များတည်ဆောက်၍ မူလရေသွင်းမြောင်းမှ မြို့မမြောင်းအတွင်းသို့ ရေသွင်းယူကာ စိုက်ပျိုးဧက ၄၁၅ ဧကနှင့် သမုတ်မြောင်းမှတစ်ဆင့် စိုက်ပျိုးမြေဧက ၃၅ ဧက စုစုပေါင်း စိုက်ပျိုးမြေဧက ၄၅၀ စိုက်ပျိုးပါကြောင်း။
ရေသွင်းမြောင်း တိုးချဲ့ခြင်းနှင့် အသစ်ဖောက်လုပ်ခြင်းဖြင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ပါက မူလရေသွင်းမြောင်း ထိခိုက်မှုသက်သာစေခြင်း၊ နှစ်စဉ်ပြုပြင် ထိန်းသိမ်းစရိတ် လျော့နည်းသက်သာစေခြင်း၊ မိုးစပါးစိုက်ဧက ၄၅၀ ရေရရှိမှု သေချာစေခြင်း၊ စေတုတ္တရာမြို့အတွင်း ဖြတ်သန်းစီးဆင်းနေသည့် မြို့မမြောင်းရေပြတ်လပ်မှုမရှိသဖြင့် မြို့တွင်း သောက်သုံးရေရရှိခြင်းနှင့် မီးဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ငြှိမ်းသတ်နိုင်ရန် ရေရရှိခြင်းစသည့် အကျိုးကျေးဇူးများရရှိမည် ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၏ ပူးပေါင်းကူညီ မှုကိုရယူကာ ရေသွင်းမြောင်း တိုးချဲ့ခြင်းနှင့် မြောင်း အသစ်ဖောက်လုပ်ရာတွင် မြေဧရိယာပါဝင်သည့် တောင်သူများနှင့်ညှိနှိုင်းပြီး သဘောတူညီချက်ရရှိပါက အနီးစပ်ဆုံးဘဏ္ဍာနှစ်တွင်လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ကာ တိုင်းဒေသကြီးရန်ပုံငွေ (သို့မဟုတ်) သင့်လျော်ရာ ရန်ပုံငွေတွင် တောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
မိုးညိုမဲဆန္ဒနယ်မှ ဒေါ်ဇာခြည်လွင်၏ မိုးညိုမြို့နယ်အတွင်းရှိ နတ္တလင်း-မိုးညို- လက်ပံတန်းလမ်းပိုင်းရှိ ပျက်စီးနေသည့် အပိုင်းဖြစ်သော ၈ မိုင် ၅ ဖာလုံအား မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက် ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က လက်ပံတန်း-မိုးညို-နတ်တလင်းလမ်းသည် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်အတွင်းရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်နှင့် နတ်တလင်းခရိုင် နတ်တလင်းမြို့နယ်တို့ကို ဆက်သွယ်ထားပြီး ၆၈ မိုင် ၇ ဖာလုံ အရှည်ရှိသည့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်း ဖြစ်ပါကြောင်း၊ လက်ပံတန်း-မိုးညို-နတ်တလင်းလမ်း၏ မိုးညိုမြို့နယ်အပိုင်းသည် ၄၃ မိုင် ၂ ဖာလုံရှိပြီး လက်ရှိ လမ်းအခြေအနေမှာ ကွန်ကရစ်လမ်း ၁၄ မိုင် ၃ ဖာလုံ၊ ကတ္တရာလမ်း ၂၈ မိုင် ၅ ဖာလုံ၊ ကျောက်ခင်းလမ်း ၂ ဖာလုံရှိပါကြောင်း။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် မိုးညိုမြို့နယ်အပိုင်းတွင် ကတ္တရာထပ်ပိုးလွှာခင်းခြင်း ၂ ဖာလုံ၊ လမ်းအနိမ့်အမြင့်ညှိ၍ ကတ္တရာရေပိတ်လွှာလောင်းခြင်း ၆ ဖာလုံလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လက်ပံတန်း - မိုးညို - နတ်တလင်းလမ်း၏ ကတ္တရာလမ်းပျက်စီးမှုဖြစ်ပေါ်နေသော ၈ မိုင် ၅ ဖာလုံ လမ်းပိုင်းအား ဦးစားပေးအစီအစဉ်အလိုက် ၂၀၂၇- ၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတွင် လျာထားသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
သာပေါင်းမဲဆန္ဒနယ်မှ ဦးမောင်မောင်စိုး၏ သာပေါင်းမြစ်ကူးတံတား(ငဝန်)၊ ဆင်လမ်း-ဖားစည် ကွင်းတံတား(ဒါးက)နှင့် ကားကြီးကွင်း ယာဉ်ရပ်နား စခန်း(ထွန်စက်ကုန်း)တို့အား မည်သည့်ဘဏ္ဍာရေး နှစ်တွင် လျာထားဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ငဝန်မြစ်ကူးတံတားအား ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကွင်းဆင်းလေ့လာချက်များအရ တည်ဆောက်မည်ဆိုပါက မြစ်ကမ်းနှစ်ဖက်အကွာအဝေးမှာ ပေ ၁၂၀၀ ခန့်ရှိပြီး ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ခရီးသည်တင်သင်္ဘောများ ဝင်ထွက်သွားလာနိုင်ရန်အတွက် ရေလမ်းကင်းလွတ်အမြင့် ပေ ၄၀ နှင့် ချဉ်းကပ်တံတားအပါအဝင် အရှည် ပေ ၁၇၀၀ ခန့်ရှိ မြစ်ကူးတံတားကြီးတစ်စင်းအဖြစ် တည်ဆောက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။
ငဝန်မြစ်သည် ရေစီးသန်၍ ရေအနက်များခြင်း၊ မြစ်ကမ်းပါး တည်ငြိမ်မှုမရှိခြင်းတို့ကြောင့် အသေးစိတ်ဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်မှုနှင့် အသေးစိတ်ဒီဇိုင်းပုံစံများ ရေးဆွဲတင်ပြရန် ဆောင် ရွက်လျက်ရှိပါသဖြင့် လတ်တလော တံတား တည်ဆောက်ရန် အစီအစဉ်မရှိသေးပါကြောင်း။
ဆင်လမ်း - ဖားစည်ကွင်းတံတား(ဒါးက)သည် ပဏာမတိုင်းတာတွက်ချက်မှုများအရ အရှည်ပေ ၆၆၀ရှိသော အောက်ထည်သံကူကွန်ကရစ်နှင့် အပေါ် ထည်ဘေလီသံပေါင် တံတားအဖြစ် တည်ဆောက် ရန်လျာထားပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တံတားတည် ဆောက်ခြင်း (ပထမပိုင်း)အတွက် ရန်ပုံငွေလျာထား ပြီးဖြစ်သည်ကို ပြန်ကြားလာပါကြောင်း။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တံတားတည်ဆောက်ရန် လုပ်ငန်းအပ်နှံလာပါက ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ တံတားတည်ဆောက်ခြင်း လုပ်ငန်းများအား စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကနဦးအနေဖြင့် တံတားပုံစံထုတ်လုပ်ခြင်းအား ဆောင်ရွက်ပြီးဖြစ်ပါကြောင်း။
သာပေါင်းကားကြီးကွင်း ယာဉ်ရပ်နားစခန်း (ထွန်စက်ကုန်း) မြေနေရာသည် နိုင်ငံတော်ပိုင်မြေ (State Land) အဖြစ် သတ်မှတ်ထားသောကြောင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နိုင်ငံ တော်ပိုင်မြေမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေအဖြစ် အသုံးပြုခွင့်ရရှိရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မော်တော်ယာဉ်ရပ်နားစခန်း တည်ဆောက်နိုင်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
တိုက်ကြီးမဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်၏ တိုက်ကြီးမြို့နယ်အတွင်းရှိ ဖလုံ-မြိုင်ဟေဝန် လမ်းမကြီး၏ ကျန်လမ်းပိုင်း (၁ဝ/၃)မိုင်ကို ကွန်ကရစ်လမ်းခင်းပေးပါရန်နှင့် ခင်းပြီး (၂/၁) မိုင်အား ချဲ့ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က တိုက်ကြီးမြို့နယ်အတွင်းရှိ ဖလုံ-မြိုင်ဟေဝန်လမ်းသည် ရန်ကုန်-ပြည်လမ်းမှစတင်ပြီး ခရိုင်ချင်းဆက်လမ်းအမှတ်(၁)ကို ဖြတ်သန်းကာ ဖလုံမြိုင်ဟေဝန်ဆင်စခန်းကို ဆက်သွယ်ထားသော လမ်းအရှည် ၁၂ မိုင် ၄ ဖာလုံရှိသည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်း ဖြစ်ပါကြောင်း၊ လက်ရှိလမ်းအခြေအနေမှာ ၁၂ ပေ အကျယ် ကွန်ကရစ်လမ်း ၂ မိုင် ၁ ဖာလုံ၊ ကွန်ကရစ် ဘီးလမ်း ၅ မိုင် ၂ ဖာလုံနှင့် မြေလမ်း ၅ မိုင် ၁ ဖာလုံ ဖြစ်ပြီး စုစုပေါင်း ၁၂ မိုင် ၄ ဖာလုံ ဖြစ်ပါကြောင်း။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် အဆိုပါလမ်းပေါ်တွင် အရှည်ပေ ၂၀ သံကူကွန်ကရစ်တံတား တစ်စင်းတည်ဆောက်ရန် လျာထားပြီးဖြစ်ပါကြောင်း၊ အဆိုပါ လမ်းနှင့်စပ်လျဉ်း၍ ပထမအဆင့်အနေဖြင့် မြေသားလမ်း ၅ မိုင် ၁ ဖာလုံအနက် ၁ မိုင် ၁ ဖာလုံအား ကျောက်ခင်းလမ်းအဖြစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်ရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်ရှိမြေသားလမ်းပိုင်းများအား နှစ်အလိုက် ဆက်လက်လျာထားပေးသွား မည်ဖြစ်ပါကြောင်း။
အဆိုပါလမ်းပိုင်းမှ ကွန်ကရစ်ဘီးလမ်း ၅ မိုင် ၂ ဖာလုံအနက် ၄ ဖာလုံအား ကွန်ကရစ်လမ်းအဖြစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်(ဖြည့်စွက်) ရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်ရှိလမ်းပိုင်းများကိုလည်း နှစ်အလိုက် ဆက်လက်လျာထားပေးသွားမည်ဖြစ် ပါကြောင်း။
လက်ရှိ ၁၂ ပေအကျယ် ကွန်ကရစ်လမ်း ၂ မိုင် ၁ ဖာလုံ အား ၁၆ ပေအထိ လမ်းကိုချဲ့ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း၍ မြေသားလမ်းမှကျောက် ခင်းလမ်းအဆင့်နှင့် ကျောက်ခင်းလမ်းအဆင့်မှ ကွန်ကရစ်လမ်းအဆင့်သို့မြှင့်တင်ရန် လုပ်ငန်းစဉ်အလိုက် ဆောင်ရွက်ရမည်ဖြစ်ပါသဖြင့် ကွန်ကရစ်လမ်းအကျယ်ချဲ့ခြင်းလုပ်ငန်းကို လတ်တလောတွင် ဆောင်ရွက်နိုင်ခြင်းမရှိသေးပါကြောင်း ဖြေကြားသည်။
ရပ်စောက်မဲဆန္ဒနယ်မှ ဒေါက်တာပွင့်ဆန်း၏ ရွှေညောင်-ရပ်စောက်-အင်တော- ကျောက်ဂူ-နောင်ချိုလမ်း ဆင်တဲတံတားနှင့် ပစောက်ကွေ့တံတားတို့အား လမ်းအကျယ် ၂၈ ပေ၊ တံတားခံနိုင်ဝန် တန် ၆ဝ RCC တံတားများအဖြစ် တည်ဆောက်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က အဆိုပါလမ်းပေါ်ရှိ မိုင်တိုင်(၁၀/၄ နှင့် ၁၀/၅) ကြားတွင် ဆင်တဲတံတား(၁၀၀ ပေ x ၁၃ ပေ) ဘေလီတံတားတစ်စင်းနှင့် မိုင်တိုင် (၃၁/၆ နှင့် ၃၁/၇)ကြားတွင် ပစောက်ကွေ့ ဘေလီတံတား(၅၀ ပေ x ၁၃ ပေ) တံတား တစ်စင်း စုစုပေါင်း ဘေလီတံတား နှစ်စင်းရှိပါကြောင်း၊ အဆိုပါတံတားများမှာ တံတား သက်တမ်းကြာမြင့်ပြီးဖြစ်၍ တံတားများခံနိုင်ဝန် ၁၃ တန် ခွင့်ပြုထားပြီး တံတားကြံ့ခိုင်မှုကောင်းမွန်စေရန် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများအား B.O.T ကုမ္ပဏီမှ နှစ်စဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ရက်လျှင် ပျမ်းမျှယာဉ်စီးရေ(AADT)မှာ အစီး ၄၆၀ ခန့် ဖြစ်ပါကြောင်း။
B.O.T ကုမ္ပဏီမှ ဆင်တဲတံတားအသစ် အရှည်ပေ ၁၀၀ နှစ်လမ်းသွားသံကူကွန်ကရစ် တံတားအား တံတားဟောင်း၏ ညာဘက်ခြမ်းတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ တည်ဆောက်သွားမည်ဖြစ်ပြီး ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် တံတား တစ်စင်းလုံးပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ ပစောက်ကွေ့တံတားအားနှစ်လမ်းသွား သံကူကွန်ကရစ်တံတား တည်ဆောက်နိုင်ရန်အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် မြေပြင်ကွင်းဆင်း တိုင်းတာခြင်း လုပ်ငန်းများအား B.O.T ကုမ္ပဏီမှ ကနဦးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပစောက်ကွေ့ တံတားအသစ်တည်ဆောက်ခြင်းအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင်လုပ်ငန်းများ စတင်ဆောင်ရွက်ပြီး ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်တွင် အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ဘားအံမဲဆန္ဒနယ်မှ ဦးသက်နိုင်ဦး၏ အစိုးရအငှားအိမ်ရာများ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် မြို့ပြနေ ပြည်သူများအတွက် သင့်လျော်ကောင်းမွန်သော အိမ်ရာများကို ဆောက်လုပ်ဖြည့်ဆည်းပေးရန် ရည်မှန်းချက်ထားရှိ၍ ဝင်ငွေနည်းပြည်သူများအတွက် ပြည်သူ့အငှားအိမ်ရာများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူ့အငှားအိမ်ရာများကို အိမ်ရာလိုအပ်ချက်များပြားသည့် ဒေသများတွင် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ပြည်သူ့အငှားအိမ်ရာများ ဆက်လက်အကောင် အထည်ဖော်သွားရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း။
တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့်လည်း ဒေသခံပြည်သူများ၏ အိမ်ရာလိုအပ်ချက် စစ်တမ်းများကောက်ယူ၍ လိုအပ်ချက်ရှိသောဒေသများတွင် မြေနေရာရရှိမှုနှင့် ဘဏ္ဍာငွေခွဲဝေလျာထားပေးမှုအပေါ်မူတည်၍ ပြည်သူ့အငှားအိမ်ရာများကို ထပ်မံဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။
နန်းယွန်းမဲဆန္ဒနယ်မှ ဦးယောအေးလှ၏ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆင်သေ (ခန္တီး)-လဟယ်- နန်းယွန်း NH-(၄၈) လမ်းပိုင်းမှ လဟယ်-နန်းယွန်းကြား အလွန်မတ်စောက်သည့် လမ်းကွေ့နေရာများ အားပြုပြင်ရန် ကျွမ်းကျင်ကွင်းဆင်းအဖွဲ့ စေလွှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးဦးမျိုးမြင့်က စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆင်သေ(ခန္တီး)-လဟယ် - နန်းယွန်း NH-(၄၈) လမ်းပိုင်းသည် လဟယ်- ရောင်ကွန် - ဒုံဟီး - နန်းယွန်းလမ်းဖြစ်ပြီး မိုင် ၀/၀ မှ ၁၀၄/၁ အထိ ၁၀၄ မိုင် ၁ ဖာလုံရှည်လျား၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊ ယခင်နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း။
လက်ရှိလမ်းအခြေအနေမှာ ၁၈ ပေအကျယ်ကွန်ကရစ်လမ်း ၂ မိုင် ၃ ဖာလုံ၊ ၁၄ ပေ အကျယ် ကျောက်လမ်း ၉၈ မိုင် ၄ ဖာလုံနှင့် ၃၄ ပေအကျယ်မြေလမ်း ၃ မိုင် ၂ ဖာလုံ စုစုပေါင်း ၁၀၄ မိုင် ၁ ဖာလုံ ဖြစ်ပါကြောင်း၊ လဟယ်-ရောင်ကွန် - ဒုံဟီး - နန်းယွန်း လမ်းပိုင်း၏ မူလလမ်းအူကြောင်းရှိ အတက်/အဆင်း အလွန်မတ်စောက်သည့် လမ်းကွေ့နေရာများဖြစ် သော (Point 1)မှ (Point 9)အထိ စုစုပေါင်းကိုးနေရာအား လမ်းလွှဲဖောက်လုပ်ခြင်း၊ လမ်းချဲ့ခြင်းနှင့် Grade ချခြင်းများ လိုအပ်သလိုဆောင်ရွက်နိုင်ရန် လမ်းဦးစီးဌာနမှ ကျွမ်းကျင်ကွင်းဆင်း တိုင်းတာရေးအဖွဲ့များ စေလွှတ်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
မိုင်းရယ်မဲဆန္ဒနယ်မှ စိုင်းအောင်ညွန့်၏ မိုင်းရယ်မြို့နယ်၊ မန်ပုံရွာမှ နမ့်လောင်း တံတားလမ်းကို ၁၈ ပေအကျယ် ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က အဆိုပါလမ်းသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ရှမ်းပြည်နယ်(တောင် ပိုင်း)ကို ဆက်သွယ်ထားသည့် လားရှိုး(မယ်ဟန်)-မိုင်းရယ်-ကျေးသီးလမ်း၏ လမ်းပိုင်းဖြစ်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ၇၁ မိုင် အရှည်ရှိ၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းအပိုင်းတွင် မန်ပုံရွာအနီး မိုင်တိုင် ၅၅ မိုင် ၄ ဖာလုံမှ နမ့်လောင်းတံတား မိုင်တိုင် ၇၁ မိုင် ၀ ဖာလုံအထိ ၁၅ မိုင် ၄ ဖာလုံ အရှည်ရှိပြီး လက်ရှိလမ်းအခြေအနေမှာ ၁၂ ပေအကျယ်ကတ္တရာလမ်း ၁၀ မိုင် ၅ ဖာလုံနှင့် ၁၂ ပေအကျယ် ကျောက်ခင်း လမ်း ၄ မိုင် ၇ ဖာလုံ ဖြစ်ပါကြောင်း။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ၁၂ ပေအကျယ်မှ ၁၈ ပေအကျယ် ကတ္တရာလမ်းချဲ့ခင်းခြင်း ၁ မိုင် ၆ ဖာလုံ၊ မူလကျောက် ခင်းလမ်းအား ၁၂ ပေအကျယ် ကတ္တရာလမ်းသစ်ခင်းခြင်း ၂ ဖာလုံလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါလမ်း၏ ၁၂ ပေအကျယ်မှ ၁၈ ပေအကျယ်ကတ္တရာလမ်းချဲ့ခင်းရန် ကျန်ရှိသည့် ၁၃ မိုင် ၆ ဖာလုံအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှ စတင်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေတွင် လျာထားသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
မာန်အောင်မဲဆန္ဒနယ်မှ ဦးကျော်သန်း၏ မာန်အောင်မြို့မှ တောင်နီ(ခေါ်) မြေနီတောင်အထိ ကွန်ကရစ်လမ်းခင်းပေးရန် မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က မာန်အောင်မြို့နယ် မာန်အောင်မြို့မှ တောင်နီ(ခေါ်)မြေနီတောင်အထိ (၁၂/၀)မိုင် ကျောက်ချောလမ်းသည် မာန်အောင်- ငပုန်ကုန်း - မိမ္မကြွယ်လမ်းဖြစ်ပြီး မာန်အောင်မြို့မှ တောင်နီတောင်ကိုဖြတ်သန်း၍ မိမ္မကြွယ်ကျေးရွာသို့ ဆက်သွယ်ထားသောလမ်းအရှည် ၁၄ မိုင် ၅ ဖာလုံရှိသည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသော လမ်းဖြစ်ပြီး လက်ရှိလမ်းအခြေအနေမှာ ကွန်ကရစ်လမ်း ၃ ဖာလုံ၊ ကျောက်လမ်း ၁၁ မိုင် ၄ ဖာလုံနှင့် မြေသားလမ်း ၂ မိုင် ၆ ဖာလုံဖြစ်၍ စုစုပေါင်းအရှည် ၁၄ မိုင် ၅ ဖာလုံ ဖြစ်ပါကြောင်း။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့် ပျက်စီးမှုများနေသော လမ်းအပိုင်း ၁ မိုင် ၂ ဖာလုံအား ဖြုန်းကျောက်စရစ်ခင်း၍ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါလမ်းနှင့် စပ်လျဉ်း၍ မြေသားလမ်း ၁ မိုင်အားကျောက်ခင်းလမ်းအဖြစ်နှင့် ကျောက်လမ်း ၃ ဖာလုံအား ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်နိုင်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထားသွားမည်ဖြစ်ပြီး ကျန်ရှိမြေသားလမ်းအား ကျောက်ခင်းလမ်းအဖြစ်နှင့် ကျောက်လမ်းများအား ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်နိုင်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နှစ်အလိုက် ရန်ပုံငွေတွင် လျာထားပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်အမှာစကား ပြောကြားရာတွင် လွှတ်တော်၏ ပထမပုံမှန်အစည်းအဝေးကာလတွင် အစိုးရသစ်မဖွဲ့စည်းရသေးသည့်အတွက် အမေး၊ အဖြေကဏ္ဍ များမရှိသေးဘဲ လွှတ်တော်များဖွဲ့စည်းခြင်း၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ ရွေးကောက်ခြင်း၊ အမြဲတမ်းကော်မတီ(Standing Committee) (၄) ခု ဖွဲ့စည်းခြင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်အတွက် ဒုတိယသမ္မတများနှင့် နိုင်ငံတော်သမ္မတကို ရွေးချယ်ခြင်းစသည့်လုပ်ငန်းများကိုသာ ဆောင်ရွက်ခဲ့ရပါကြောင်း၊ ထို့နောက် ၂ဝ၂၆ ခုနှစ် ဇွန် ၂ ရက်တွင် တတိယအကြိမ် ပြည်သူ့ လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ပြန်လည်စတင်ခဲ့ပါကြောင်း၊ ထို့ကာလမှစပြီး လွှတ်တော်၏ လုပ်ငန်းစဉ်များကို ကဏ္ဍစုံမှစပြီး မိမိတို့တက်ညီ လက်ညီဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ ယနေ့အထိ မိမိတို့၏ အမှန်အလုပ်လုပ်ရက် ၃၉ ရက် မျှသာရှိသေးပြီး ဆောင်ရွက်ခဲ့သည့် ကိစ္စအရပ်ရပ်ကို ပြန်လည်သုံးသပ်ကြည့်ရမည် ဖြစ်ပါကြောင်း။
ပထမဦးစွာ ဥပဒေပြုရေးကဏ္ဍဆောင်ရွက်ချက်ကို ပြောကြားလိုပါကြောင်း၊ မိမိတို့နိုင်ငံတွင် မြန်မာဘာသာဖြင့် ဖော်ပြသည့် တည်ဆဲဥပဒေ ၃ဝ၁ ခုရှိပြီး အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြသည့် ဥပဒေ ၁၁၈ ခုရှိပါကြောင်း၊ ထိုဥပဒေများကို ခေတ်ကာလအခြေအနေများနှင့် လျော်ညီအောင်ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း လိုအပ်ပါက ဖျက်သိမ်းခြင်း၊ လိုအပ်သည့် ဥပဒေသစ်ရေးဆွဲခြင်း စသည့်လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှိရင်းစွဲဥပဒေများကို ရုပ်သိမ်းခြင်းလုပ်ငန်းများတွင် ပြီးစီးမှုကို လက်ဆုပ်လက်ကိုင်မပြနိုင်သေးသော်လည်း ယခုကာလအတွင်း ဖြည့်စွက်ပြင်ဆင်သည့်အပိုင်းတွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းများကို ကော်မတီများတွင် စတင်ဆွေးနွေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ဥပဒေသစ်အဖြစ် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးပြီးဖြစ်ပြီး ဥပဒေအဖြစ် ပေါ်ထွက်လာတော့မည် ဖြစ်ပါကြောင်း။
မိမိတို့တွင် အမြဲတမ်းကော်မတီက (၄) ခု Ad Hoc ကော်မတီ သို့မဟုတ် Select Committee ဟုခေါ်သည့် ကော်မတီ ၁၈ ခု စုစုပေါင်းကော်မတီ ၂၂ ခု ဖွဲ့စည်းပြီးဥပဒေပြင်ဆင်ခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်းများ၊ ပြင်ပပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဥပဒေသစ်ရေးဆွဲရန်စီမံခြင်း လုပ်ငန်းစဉ်များကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။
လုပ်ဆောင်နေဆဲလုပ်ငန်းစဉ်တစ်ခုမှာ ပြည်သူ့အသံနှင့် ပြည်သူ့ဆန္ဒများကို ကိုယ်စားပြုနိုင်ရေးအတွက် လွှတ်တော်ထဲတွင် မေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်း စသည်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို ၃၂ ရက်တာ ကာလအတွင်းတွင် ကြယ်ပွင့်ပြမေးခွန်း ပေါင်း ၂၈၆ ခု၊ ကြယ်ပွင့်မပြ မေးခွန်းပေါင်း ၄၃၆ ခုဖြစ်၍ စုစုပေါင်း မေးခွန်း ၇၂၂ ခုကို ကိုယ်စားလှယ်ပေါင်း ၁၆ဝ က မေးမြန်းနိုင်ခဲ့ပါကြောင်း၊ ထို့ပြင် နိုင်ငံတော်ကို တိုက်တွန်းကြောင်း အဆိုများနှင့် အကြံပြုအဆို စုစုပေါင်း သုံးခုကိုလည်း တင်သွင်းခဲ့ပါကြောင်း၊ မေးခွန်းပေါင်း ၇၂၂ ခုတွင် ကတိကဝတ်အဖြစ် ၃၃ဝ၊ မှတ်တမ်းတင် အဖြစ် ၁၆၃ ခု ရှိခဲ့ပါကြောင်း၊ အဆိုသုံးခု တင်သွင်းခဲ့ပြီး အတည်ပြုတစ်ခု၊ မှတ်တမ်းတင် နှစ်ခုရရှိခဲ့ပါကြောင်း၊ မေးခွန်းများကို ကဏ္ဍအလိုက်ခွဲကြည့်မည်ဆိုလျှင် စီးပွားရေးကဏ္ဍ ၁၁၁ ခု၊ လူမှုရေးကဏ္ဍ ၁၁ ခု၊ ပညာရေးကဏ္ဍ ၇၈ ခု၊ ကျန်းမာရေးကဏ္ဍ ၄၂ ခု၊ အုပ်ချုပ်ရေးကဏ္ဍ ၄၅ ခု၊ စီမံခန့်ခွဲရေးကဏ္ဍ ၅၈ ခု၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ် ရေးကဏ္ဍ ၁၄၈ ခု၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းကဏ္ဍ ၆၉ ခု၊ လျှပ်စစ်၊ စွမ်းအင်၊ သတ္တု၊ သစ်တောကဏ္ဍ ၆၂ ခု၊ ဘဏ္ဍာရေးနှင့်စီမံကိန်းကဏ္ဍ ခုနစ်ခု၊ စက်မှုလက်မှုကဏ္ဍလေးခု၊ တရားစီရင်ရေးကဏ္ဍသုံးခု၊ ကာကွယ်ရေးကဏ္ဍ နှစ်ခုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ကဏ္ဍ ၈၂ ခုတို့ ဖြစ်ပါကြောင်း၊ မေးခွန်းများကို အပိုင်း (၂) ပိုင်းခွဲကြည့်လျှင် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ မေးမြန်းသည့်မေးခွန်းများနှင့် နိုင်ငံနှင့်ပြည်သူတစ်ရပ်လုံး၏ လိုအပ်ချက်ကို မေးသည့် မေးခွန်းများ (၂) ပိုင်းခွဲ၍ ရပါကြောင်း။
တစ်ချိန်တည်းတွင် လွှတ်တော်နှင့်ပြည်သူ ပိုမိုနီးကပ်စွာ ထိတွေ့နိုင်ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်အောက်တွင် ပထမဦးစွာမီဒီယာ လုပ်ငန်းစဉ်ကစပြီး ပြောကြားလိုပါကြောင်း၊ မိမိတို့တွင် မူလကတည်းကလွှတ်တော် Website တစ်ခုကို ၁၆-၃-၂ဝ၂၆ ရက်ကစပြီး ဆောင်ရွက်ထားပြီး ယနေ့အထိ ဝင်ရောက်ကြည့်ရှုသူ ၁၄၆၉၆၁ ဦးရှိပါကြောင်း၊ ပြည်သူ့လွှတ်တော် Youtube Channel ကို ၁၆-၃-၂ဝ၂၆ ရက်က စတင်ဖွင့်လှစ်ထားပြီး Subscribers ၉၆၅၉ ဦး ရှိပါကြောင်း၊ လက်ရှိ Social Media ကဏ္ဍကို ထပ်ဆောင်းလုပ်ငန်းအဖြစ် TikTok Platform တစ်ခုကို ၁၉-၆-၂ဝ၂၆ ရက်က စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ TikTok Account အမည်က Civic Echo (ပြည်သူ့ထံမှပဲ့တင်သံ)ဟု ခေါ်ပါကြောင်း၊ တစ်မိနစ်/နှစ်မိနစ် အချိန်တိုလေးအတွင်း လွှတ်တော်၏ ဆောင်ရွက်ချက်များကို သိအောင် နေ့စဉ်မေးမြန်း/ဖြေကြားချက်များကို စာတန်းထိုးစနစ်နှင့် အတိုချုပ်ဖော်ပြလျက် ရှိပါကြောင်း၊ ယနေ့အထိ Like ၁၀၃ဝဝ နှင့် Follower ၁၄၉၄ ဦး ရရှိပြီး ဖြစ်ပါကြောင်း။
နောက်ထပ်မီဒီယာအားဖြည့်လုပ်ငန်းများအနေဖြင့် မိမိတို့လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦး အဖွဲ့သည် နံနက်တိုင်းတွင်နှစ်ဦးစီ အလှည့်ကျစနစ်ဖြင့် တစ်ရက်တာ လွှတ်တော် အစီအစဉ်တင်ပြခြင်းနှင့် ပြီးခဲ့သည့်နေ့က ဆောင်ရွက်ခဲ့သည့် လွှတ်တော်အမေး/အဖြေ အတိုချုပ်များကို သတ်မှတ်ပေးထားသည့် မီဒီယာကော်နာ၌ သတင်းထောက်များကို တွေ့ဆုံရှင်းလင်းခြင်းများကို စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိပါကြောင်း။
အလားတူ လွှတ်တော်အစည်းအဝေးတက်နေကြသည့် ကိုယ်စားလှယ်များနှင့် တွေ့ဆုံမေးမြန်း ခြင်း၊ လွှတ်တော်ကော်မတီအသီးသီး၏ လှုပ်ရှားဆောင်ရွက်မှုများကို မှတ်တမ်းတင်ခြင်း၊ လွှတ်တော်အဖွဲ့ဝင်များနှင့် တွေ့ဆုံမေးမြန်းခြင်းများကိုလည်း နေ့စဉ်လူမှုကွန်ရက်ပေါ် ပျံ့နှံ့ရောက်ရှိနေအောင် ဆောင်ရွက်ရင်း လူထုနှင့်ထိတွေ့စေခဲ့ပါကြောင်း၊ ထို့ပြင် လွှတ်တော်နှင့်ပြည်သူကျယ်ပြန့်စွာထိတွေ့ စေသည့် လုပ်ငန်းစဉ်တစ်ခုသည် လွှတ်တော်လေ့လာရေး အစီအစဉ်ကို ကျယ်ကျယ်ပြန့်ပြန့်ခွင့်ပြုပေးခြင်း ဖြစ်ပါကြောင်း၊ ရောက်လာသမျှ ဧည့်သည်များကို ရုံးတာဝန်ခံတစ်ဦးက Power Point ဖြင့် လွှတ်တော် အကြောင်း ရှင်းလင်းခြင်း၊ လိုက်လံပြသခြင်းများ ပြုလုပ်ပါကြောင်း၊ လေ့လာရေး ပြီးဆုံးတိုင်းတွင် မိမိကိုယ်တိုင် ဧည့်သည်တိုင်းကို အချိန်ယူတွေ့ဆုံပြီး လွှတ်တော်လုပ်ငန်းစဉ်များကို ထပ်ဆင့်ရှင်းလင်းခြင်းနှင့် သိလိုသမျှ မေးမြန်းခြင်းများကို ဖြေကြားခြင်းအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့အထိ အလွှာစုံ၊ နယ်ပယ်စုံက ၁၆၈၁ ဦး လာရောက်လေ့လာပြီး ဖြစ်ပါကြောင်း။
ထို့ပြင် ပြည်သူကို ကိုယ်စားပြုခြင်းအပိုင်းအနေဖြင့် လွှတ်တော်၏ နိုင်ငံသားများမူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးကော်မတီကို ပြည်သူများ၏ မူလအခွင့်အရေးနစ်နာချက်များ အပေါ် အခြေပြုပြီး ယနေ့အထိ တိုင်ကြားစာပေါင်း ၁၅၁ စောင်ပေးပို့ခဲ့ပြီး တိုင်ကြားစာ ၁၂၂ စောင်ကို ဖြေရှင်းပေးနိုင်ခဲ့ပြီး ၂၉ စောင်ကို သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း၊ လွှတ်တော်၏ နိုင်ငံတကာဆက်ဆံရေးကဏ္ဍ တိုးမြှင့်ဆောင်ရွက် ခြင်းအနေဖြင့် အာဆီယံနိုင်ငံများ လွှတ်တော်များအဖွဲ့ (ASEAN Inter Parliamentary Assembly - AIPA)နှင့် နိုင်ငံတကာလွှတ်တော်များအဖွဲ့ (Inter Parlia-mentary Union - IPU) အဖွဲ့ချုပ်တို့နှင့် တိုက်ရိုက် ဆက်သွယ်ခြင်း၊ AIPA အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်းဆီသို့လည်း စာရေးဆက်သွယ်ခြင်းများ ပြုလုပ်ခဲ့ပါကြောင်း၊ တုံ့ပြန်မှု၊ တိုးတက်မှုရှိကြောင်း အသိပေးလိုပါကြောင်း၊ မိမိတို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ငါးဦးသည် ဩဂုတ် ၁၉ ရက်မှ ၂၇ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပမည့် AIPA အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးကို စတင်တက်ရောက်ရမည်ဖြစ်ပါကြောင်း၊ အလားတူ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပမည့် AIPA အစည်းအဝေးများကို တက်ရောက်မည်ဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံကိုလည်း ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၃၀ တို့က (၁-၉-၂၀၂၆) ရက်မှ (၁၀-၉-၂၀၂၆) ရက်အထိ စွမ်းဆောင်ရည်မြှင့်သင်တန်း တက်ရောက်မည်ဖြစ်ပါကြောင်း။
ဖြတ်သန်းခဲ့သည့် အတိတ်ကာလများကို ပြန်လည်သုံးသပ်ကြည့်လျှင် မေးမြန်းသည့် မေးခွန်းများသည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အများစု ဖြစ်ကြောင်း တွေ့ရပါကြောင်း၊ နောင်တွင် ဒေသဆိုင်ရာ၊ နိုင်ငံလုံးဆိုင်ရာ ပြည်သူများ အမှန်တကယ် လိုလားတောင့်တနေသည့် လိုအင်ဆန္ဒများကို ပုံဖော်ပေးနိုင်မည့် မေးခွန်း၊ အဆိုများကိုလည်း ပိုမိုပါဝင်လာအောင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း၊ မေးခွန်းများမေးမြန်းရာတွင် အဓိပ္ပာယ် ပြည့်ဝထိရောက်သော ကျစ်လျစ်သည့် အသုံးအနှုန်းများနှင့် နိုင်ငံတော်အဆင့်မီ သတ်မှတ်အချိန်ကာလအတွင်း အံဝင်ခွင်ကျဖြစ်အောင် ကြိုတင်ပြင်ဆင် လေ့ကျင့်ထားရမည်ဖြစ်ကြောင်း၊ ဆက်လက်ဆောင်ရွက်သွားမည့် အနာဂတ်အစီအမံကို အသိပေးလိုပါကြောင်း၊ မိမိတို့ လွှတ်တော်ကဏ္ဍ မြင့်မားတိုးတက်ရေး မဟာဗျူဟာ (၅) နှစ်စီမံကိန်းကို မူကြမ်းရေးဆွဲထားရှိပြီး ဖြစ်ပါကြောင်း၊ ပထမအချက်အနေဖြင့် နှစ်စဉ်အနည်းဆုံး ခေတ်မီဥပဒေအသစ်များကို ရေးဆွဲနိုင်ရန်ဆောင်ရွက်သွားမည်၊ လက်ရှိဥပဒေများ ကို လိုအပ်ပါက ပြင်ဆင်ဖြည့်စွက်ခြင်းကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လက်ရှိတွင် အင်္ဂလိပ်ဘာသာဖြင့် ရေးဆွဲထားသော ဥပဒေ ၁၁၈ ခုရှိပြီး ၅၄ ခုသာ မြန်မာဘာသာ ပြန်ဆို ပြီးဖြစ်သည့်အတွက် တစ်နှစ်လျှင် ဥပဒေ (၃) ခုခန့်ကို မြန်မာဘာသာပြန်ဆိုပြီး အသုံးမလိုသော ကိုလိုနီခေတ် ဥပဒေများကို ပယ်ဖျက်ရုပ်သိမ်းခြင်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဥပဒေပြုရာတွင် Public Hearing (ပြည်သူပါဝင်ကြားနာမှု)ကို အထူးအလေးထားဆောင်ရွက်လိုပါကြောင်း၊ နိုင်ငံတကာ စံချိန်စံညွှန်းကိုလည်း လေ့လာပြီး လိုအပ်ချိန် အသုံးချနိုင်ရန် စီမံသွားရမည်ဖြစ်ပါကြောင်း။
ဒုတိယအချက်အနေဖြင့် ပြည်သူများအတွက် လွတ်လပ်ပွင့်လင်းသောပါလီမန် Open Parliament ၊ သရုပ်ပြလွှတ်တော် Mock Parliament ၊ Online ကနေ တိုင်ကြားနိုင်မည့်စနစ်၊ Online Petition System နှင့် သက်တမ်းကာလပြီးမြောက်ချိန်တွင် နှုတ်ဆက်တွေ့ဆုံကြမည့် လွှတ်တော်ည(Parliament Night)စသည်များကိုလည်း နိုင်ငံတကာတွင် ဆောင်ရွက်နေသည့်အတိုင်း တစ်ဆင့်ချင်းပြုလုပ်သွားလိုပါကြောင်း၊ လွှတ်တော်ထဲတွင် ရှိနေသည့် နိုင်ငံရေးပါတီများအားလုံးကိုလည်း ရနိုင်သမျှ သီးခြားရုံးခန်းငယ်များဖြစ်နိုင်အောင် ကြိုးပမ်းလျက်ရှိပါကြောင်း၊ နောက်ဆုံး E-Parliament စနစ်ကိုပါတစ်ဆင့်ချင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
တတိယအချက်အနေဖြင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍတွင် ထိတွေ့ဆက်ဆံသင့်သည့် နိုင်ငံများနှင့် ထိတွေ့ဆက်ဆံပြီး Parliament Friendship Group များ ဖွဲ့စည်းရေးအတွက် သက်ဆိုင်ရာသံရုံးများနှင့် ထိတွေ့ဆက်ဆံခြင်း၊ သက်ဆိုင်ရာ နိုင်ငံပါလီမန်များနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံခြင်းကိုလည်း အရှိန်အဟုန်မြှင့် တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုခေါင်းစဉ်အောက်တွင် လေ့လာရေးနှင့် သင်တန်းများစီစဉ်ခြင်း၊ အတွေ့အကြုံအမြင်ချင်းဖလှယ်ခြင်းနှင့် ဥပဒေရေးရာ ဆွေးနွေးခြင်းများ စသည်များကို ခေါင်းစဉ်အလိုက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ပြည်သူ့အကျိုးထိရောက်စွာ ညှိနှိုင်းသယ်ပိုးဆောင်ရွက်နိုင်ရန်အတွက် ဝန်ကြီးဌာနများမှ လုပ်ငန်းတာဝန်များကို လာရောက်ရှင်းလင်းသည့် လုပ်ငန်းစဉ်များကိုလည်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မကြာမီတွင် မိမိတို့လွှတ်တော် ခေတ္တရပ်နားတော့မည်ဖြစ်ပါကြောင်း၊ လွှတ်တော် ခေတ္တရပ်နားသောအချိန်တွင် မိမိကို မဲပေးရွေးချယ်ခဲ့ကြသည့် မဲဆန္ဒနယ်မြေအတွင်း ပြည်သူများကို ကွင်းဆင်းတွေ့ဆုံပြီး လွှတ်တော်အတွေ့အကြုံ ရှင်းလင်းခြင်းများ၊ ဒေသခံပြည်သူများ၏ လိုအပ်ချက်၊ ဖြစ်လိုသည့်ဆန္ဒများ၊ အသံများကို ထပ်မံနားထောင်ပြီး လွှတ်တော်ဆီကို ပြန်လည်သယ်ဆောင် ကိုယ်စားပြုမှုကို ပုံဖော်ပေးကြရမည်ဖြစ်သည့်အတွက် ပီပီပြင်ပြင် ဆောင်ရွက်ခဲ့ကြရန် မှာကြားလိုပါကြောင်း။
ယခုခန်းမကြီးထဲတွင် ရှိနေကြသည့် မိမိတို့အားလုံးသည် မြန်မာနိုင်ငံတစ်နံတစ်လျားက မတူကွဲပြားခြားနားသော နယ်မြေအသီးသီးက ရွေးချယ်တင်မြှောက်ခံခဲ့ကြရသည့်သူများ ဖြစ်သော်လည်း တူညီသောတာဝန်တစ်ခုကို ထမ်းဆောင်နေကြရခြင်းဖြစ်ပါကြောင်း၊ ထိုတာဝန်သည် ပြည်သူ့အသံကို နားထောင်ခြင်းနှင့် ပြည်သူ့ဆန္ဒကို အလေးထားပြီး ပြည်သူ့အကျိုးစီးပွားကို ကာကွယ်စောင့် ရှောက်ခြင်းနှင့် နိုင်ငံတော်၏ လုံခြုံရေးနှင့် အေးချမ်းသာယာသောအနာဂတ်ကို ဥပဒေများဖြင့် ကာကွယ်တည်ဆောက်ပေးခြင်းသာ ဖြစ်ပါကြောင်း၊ ပြည်သူများက မိမိတို့ကို အငြင်းပွားရန်ရွေးချယ်ခဲ့ကြခြင်း မဟုတ်ဘဲ အခက်အခဲပြဿနာများကို ဦးဆောင်ဖြေရှင်းပေးနိုင်သည့် စွမ်းအားရှိ၍ ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်ကို နားလည်ကြရန် လိုပါကြောင်း။
မိမိတို့၏ လွှတ်တော်ကြီးသည် အုတ်များ၊ ကျောက်များ မြန်မာ့လက်မှုပညာများဖြင့် မွမ်းမံပြီး ခမ်းနားထည်ဝါစွာ တည်ဆောက်ထားခြင်းထက် ပြည်သူလူထု၏ ယုံကြည်အားကိုးမှု ဝိညာဉ်များဖြင့် တည်ဆောက်ထားသည်ဟု ပြောရမည်ဖြစ်ပါကြောင်း၊ ယခုနေရာသည် ဒီမိုကရေစီ၏ နှလုံးခုန်သံဖြစ်ပါကြောင်း၊ ယခုနေရာကနေ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒများကို မည်သို့ထုဆစ်ပုံဖော်ပေးရမည်ဆိုသည်ကို အမြဲထာဝရနှလုံးသွင်းထားရမည့် နေရာတစ်ခုဟု သုံးသပ်ရမည်ဖြစ်ပါကြောင်း။
မိမိ ပြောကြားချက်များကို ပညာ၊ အသိ၊ သတိနှင့်ယှဉ်ပြီး ကိုယ်ပိုင်အတွေ့အကြုံများ ပေါင်းစပ်၍ သမားရိုးကျလမ်းကြောင်းက ခွဲထွက်ပြီး ထူးခြားအောင်မြင်အောင် တက်ညီလက်ညီ ပူးပေါင်းဆောင် ရွက်ပေးကြရန်အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း၊ လွှတ်တော်ပြင်ပတွင်လည်း လူပုဂ္ဂိုလ် လုံခြုံရေး၊ ကျန်းမာရေး၊ မတော်တဆဖြစ်စဉ်များကအစ အထူးဂရုစိုက်ပြီး မကြာမီစိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် ယခုခန်းမကြီး၏ အရိပ်အာဝါသ အောက်တွင် ပျော်ရွှင်စွာ ပြန်လည်ဆုံတွေ့ကြပါစို့ဟု ဆန္ဒပြုလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၃၂ ရက်မြောက်နေ့ကို ရပ်နားကြောင်းနှင့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးကျင်းပပြီးစီးကြောင်း ကြေညာသည်။
သတင်းစဉ်
